အိုးဝေညိုမြ၏ သူငယ်ချင်း

အိုးဝေညိုမြ၏ သူငယ်ချင်း
Published 11 February 2015
ရဲထွတ်နီ

ကိုယ်ကျိုးမဖက် အများတွက်ကို
ဆောင်ရွက်သူသည် သူမြတ်မည်၏။
 
ဖတ်ခဲ့မိရာစာအုပ်ကို မမှတ်မိတော့သော်လည်း ကဗျာရှင်မှာ ဆရာကြီး ဦးသော်ဇင်ဖြစ်သည်ကိုတော့ ကောင်းစွာ မှတ်သားမိနေပါသည်။ ကဗျာက ဆိုထားသလိုပင် မြန်မာ့ ဦးအောင်ဆန်းသည် “သူမြတ်” ဖြစ်သည် ကိုအလွန်ပင် ဂုဏ်ယူဂုဏ်ပြုဖွယ် ထင်ရှားလှတော့သည်။
 
မြန်မာ့ဦးအောင်ဆန်းနှင့် သူသည် ကျောင်းနေဖက်သူငယ်ချင်း အရင်းအချာများ ဖြစ်ကြသည်ဟု အစချီကာ စာရေးဆရာ၊ သတင်းစာဆရာကြီး အိုးဝေ (ဦး) ညိုမြ (၁၉၁၄- ၁၉၈၅) က “ဗိုလ်ချုပ်နှင့်ကျွန်တော်” ဟူသော ခေါင်းစီးဖြင့် စာတစ်ပုဒ် ရေးသားခဲ့ပါသည်။
 
သူငယ်ချင်းဖြစ်သော်လည်း တလေးတစား တန်ဖိုးထားက “ဗိုလ်ချုပ်” ဟုပင် ခေါ်ထားခဲ့သည်။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်၌ စတွေ့ဆုံခဲ့ကြပုံ၊ သိကျွမ်းရင်းနှီးခြင်းမရှိသေးဘဲ သူ့ကို သမဂ္ဂမဂ္ဂဇင်းအယ်ဒီတာအဖြစ် ခန့်လိုကြောင်း ယုံကြည်အပ်နှံလာခဲ့ပုံ။ ထို့နောက် အိုးဝေမဂ္ဂဇင်းကို ကိုအောင်ဆန်းကပင် အယ်ဒီတာ၊ သူက မန်နေဂျာအဖြစ် အပင်ပန်းခံ ထုတ်ခဲ့ပုံကိုရေးခဲ့သည်။ အဆောင်တွင် ထမင်းအတူတူစားခဲ့ကြသည်။ သူရေးသားသည့် “ငရဲခွေး” ဆောင်းပါးပါသော မဂ္ဂဇင်းစာအုပ်ထုပ်များ သယ်ယူကြသည့် ညနေခင်းအမှတ်တရကို ရေးသည်။ ထို့နောက် ထိုဆောင်းပါးကို အကြောင်းပြုပြီးနောက် ကိုအောင်ဆန်း ကျောင်းထုတ်ခံရသည်။ “သပိတ် သပိတ် မှောက်မှောက်” ဟု သံပြိုင်အော်ကြကာ ကျောင်းသားများ သပိတ်မှောက်ကြပြီ။ ထိုသို့ အပူတပြင်းဖြစ်လာချိန်မှာပင် သူ့ကိုမူ “အေးအေးနေပါ” ဟုပြောဆိုခဲ့သော ကိုအောင်ဆန်း၏ စိတ်ဓာတ်ကိုလည်း အမှတ်တရရေးခဲ့သည်။  ကိုအောင်ဆန်း ရန်ကုန်တက္ကသိုလ်သမဂ္ဂဥက္ကဠအဖြစ် အရွေးခံရသည့်နှစ်အတွင်း တစ်ညနေတွင် သထုံကျောင်းဆောင်ရှေ့ လမ်းလျှောက်လျက်ရှိကြစဉ် ကိုအောင်ဆန်းက သူသည် ကျောင်းကထွက်ပြီး နိုင်ငံရေးထဲ ခြေစုံပစ်ဝင်တော့မည်ဟု ရုတ်တရက်ပြောလာခဲ့သောအခါ သူခံစားခဲ့ရပုံကိုလည်း ရေးခဲ့ပါသည်။
 
သူတို့ သူငယ်ချင်းများသည် အချိန်ကာလ လေးနှစ်လောက်အထိ ကမ္ဘာလေးတစ်ခုနှယ် နေခဲ့ကြသည်။ ဤကမ္ဘာလေးသည် ဥမကွဲသိုက်မပျက်ဘဲ ရှိမည်ဟု မှတ်ထင်ခဲ့သည်။ ခင်မင်ရင်းနှီးစွာ သွားအတူ လာအတူနေရာက ကိုအောင်ဆန်းက ယခုလို သခင်ပါတီသို့ ဝင်ကာ တိုက်ပွဲများဆီ သွားတော့မည်ဆိုလိုက်သည့်အခါ သူ အထူးဝမ်းနည်းလာမိသည်။ စိတ်ဓာတ်မွန်မြတ်စွာ တိုင်းပြည်အတွက် စွန့်စားရန် သူငယ်ချင်း၏ အဓိဠာန်ကို ချီးကျူးသော်လည်း နိုင်ငံရေးလောကကရှုပ်သည် ဆိုးသည်။ ခြေထိုးတာတွေ၊ ယုတ်မာတာတွေကြောင့် ဒုက္ခရောက်စရာ ရှိသည်။ ခင်ဗျားလည်း ငယ်သေးသည်ဟု ပြောခဲ့မိသည်။ သို့ သော် ဗိုလ်ချုပ်ကား ဆည်းဆာချိန် ကောင်းကင်ကိုမော့ကြည့်လျက် “အမေ့အတွက်လည်း ဘာမျှကျေးဇူးမဆပ်ရသေးဘူး၊ လခစားလုပ်ဖို့ကိုလည်း စိတ်မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ်လေ၊ သွားမယ့်လမ်းကို သွားရမှာပဲ” ဟု အ သံခပ်မာမာနှင့် စကားကို “လွမ်းစိတ်နှင့်အဓိဠာန်စိတ်” တို့ရောပြွမ်းကာ ပြောဆိုခဲ့ကြောင်း ရေးသားခဲ့သည်။ “သွားတော့မယ်” ဟုလည်း ပြောလိုက်တော့ (ဆရာညိုမြ) သည် သူတို့၏ သမဂ္ဂကမ္ဘာလေးနှင့် တိုတောင်းလှသော တက္ကသိုလ်ကျောင်းသား ခေတ်ကလေးကား လိပ်ချလိုက်သလိုဟု ခံစားလိုက်ရပုံကို ရေးသားထားပါသည်။
 
မြန်မာ့ဦးအောင်ဆန်းသည် မိခင်ဖြစ်သူကို ကျေးဇူးမဆပ်ရသေးကြောင်း သိနေသော်လည်း အလွမ်းစိတ်ဓာတ်ထက် အဓိဠာန်စိတ်အတိုင်းပင် ပြုခဲ့သည်။ ကိုယ်ကျိုးမဖက်ရုံမက ကိုယ်ကျိုးစွန့်ခဲ့သူပင် ဖြစ်ပါသည်။
 
ထိုဆောင်းပါးကို ဆရာညိုမြက ၁၉၅၁ ခုနှစ်ထုတ် “အိုးဝေမဂ္ဂဇင်းအတွဲ (၁ဝ) အ မှတ် (၄) တွင်ရေးခဲ့ပြီး “ပန်” ရုပ်စုံ၊ မဂ္ဂဇင်း (၁၉၈၆ နိုဝင်ဘာ) တွင်လည်း ဖော်ပြခဲ့သည်ဟု မှတ်သားရပါသည်။
 
၁၉၅၄ ခုနှစ်က သူလည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်သည့် မြန်မာသတင်းစာဆရာ လေးဦးတို့ အင်္ဂလန်နိုင်ငံသို့ ရောက်ခဲ့ကြစဉ် အကြောင်းနှင့်စပ်ပြီး “ဘိလပ်ရောက် ဗိုလ်ချုပ်အောင်ဆန်း” အမည်နှင့် စာတစ်ပုဒ်ကိုလည်း ဆရာညိုမြ ရေးသားခဲ့သေးသည်။ ထိုခရီးတွင် ဆရာတို့သည် ဝေလနယ်၌ ဘုရင်မကြီး အယ်လီဇဘတ်၊ ကြင်ရာတော် ဖိလစ်မင်းသားကြီးတို့နှင့် ကြုံဆုံခဲ့ရသည်။ ထို့အတူ လန်ဒန်တွင် ဘုရင်ခံဟောင်း ဆာဒေါ်မန်စမစ်၊ ပဲခူးတိုင်းမင်းကြီးဟောင်း ဆွစ်သင်းဘင့်တို့နှင့် လည်းဆုံခဲ့ရသည်။ (ကိုလိုနီ) မြန်မာပြည် အရာရှိလောကမှ နုတ်ထွက်ပြီး ကမ္ဘာကျော်နေပြီဖြစ်သော စာရေးဆရာ မောရစ်ကောလစ်က သူတို့ဧည့်ခံပွဲသို့ လာရောက်နှုတ်ဆက်သဖြင့် အထူးဝမ်းမြောက်မိကြောင်း၊ မောရစ်ကောလစ်နှင့် သုမန (အိုးဝေ ဦးညိုမြ၏ ကလောင်အမည်တစ်ခုဖြစ်သော ဘုန်းကြီးကျောင်းသား မောင်သုမန) တို့ အပြန်အလှန်  စကားပြောကြခန်းတွင် ဗိုလ်ချုပ်နှင့်ပတ်သက်၍ ကြားသိခဲ့ရသည်များကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
 
နိုင်ငံလွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းတို့ အင်္ဂလန်သို့ ရောက်လာပြီး နန်းရင်းဝန် အက်တလီနှင့် စာချုပ်ချုပ်ပြီးချိန်တွင် ဒေါ်ချက်စတာဟိုတယ် ဗိုလ်ချုပ်၏အခန်း၌ ထမင်းစားပွဲသို့ အတွင်းဝန် ဦးတင်ထွဋ် က ဖိတ်ခေါ်မိတ်ဆက်ပေးသဖြင့် မောရစ်ကောလစ်က ဗိုလ်ချုပ်နှင့် တွေ့ဆုံပြောဆိုခဲ့ကြသည့် အကြောင်းများဖြစ်ပါသည်။
 
ဦးအောင်ဆန်းသည် ခင်မင်ဖော်ရွေသည်။ အောင်ပွဲရ ဗိုလ်ချုပ်ကြီးလို ကြွားကြွားဝင့်ဝင့် မရှိ။ ရိုးရိုးကုပ်ကုပ် ဖြစ်သည်။ အင်္ဂလိပ်အစိုးရကပေးသော ရွေးချယ်ခွင့်နှင့် ပတ်သက်၍ သူက မေးတော့ ဗိုလ်ချုပ်က မြန်မာလူထုသည် ဓနသဟာယထဲတွင် မနေလို။ လွတ်လပ်သည့် သမ္မတနိုင်ငံကိုသာ လိုလားကြောင်း ပြောသည်ဟုဆိုပါသည်။ ဗိုလ်ချုပ် က နှစ်ရက်အကြာတွင် နှုတ်ဆက်ပွဲလုပ်တော့လည်း ဗိုလ်ချုပ်သည် ပရိယာယ်ဝေဝုစ် ကင်းကင်း ဗြိတိသျှခေါင်းဆောင်များကို မြန်မြန်ဆန်ဆန်ပြောဆိုကာ ပြီးစီးမှုအတွက် သံအမတ်များက ဗိုလ်ချုပ်ကို ချီးမွမ်းကြကြောင်း ဆိုသည်။ ဗိုလ်ချုပ်သည် ထိုခရီးတွင် (မြန်မာပြည်) မောင့်ဘက်တန်နှင့်လည်း သွားရောက်တွေ့ဆုံခဲ့သေးသည်။ ဗြိတိသျှအရာရှိများသည် ဗိုလ်ချုပ်အောင်ဆန်းကို စစ်တွင်းက လူသတ်မှုနှင့် ခုံရုံးတင်စစ်ဆေးကာ သေဒဏ်ပေးဖို့ စီစဉ်ခဲ့ကြသေးရာ မောင့်ဘက်တန်က သဘောမတူခဲ့သဖြင့် ပျက်သွားခဲ့ရသည်။ မြန်မာခေါင်းဆောင်များသည် ဓနသဟာယထဲတွင် နေဖို့ စဉ်းစားကြသေးသော်လည်း ဒေါ်မန်စမစ်တို့ စေတနာကင်းမဲ့ပုံကိုသိ၍ လုံးဝလွတ်လပ်ရေးကိုသာ တောင်းဆိုရကြောင်း ဗိုလ်ချုပ်က မောင့်ဘက်တန်ကို ပြောဆိုခဲ့ကြောင်း ပြန်ပြောပြသည်။
 
“အောင်ဆန်းသည် အသက် ၃ဝ အရွယ်ငယ်သော်လည်း မြန်မာပြည်တွင် သူမှသူဟု လူထုထောက်ခံမှုရနေသူဖြစ်သဖြင့် ဒေါ်မန်စမစ်တို့သည် မြန်မြန်လက်ခံဖို့ ကောင်းကြောင်း ဘုရင်ခံအဖြစ်နှင့် သူ အများကြီးတတ်နိုင်ကြောင်း၊ အလုပ်ပြုတ်မှာကို ကြောက်မနေဘဲ ခေါင်းဆောင်ပီပီ မိမိလိုရာရောက်အောင်လည်း စွန့်စားသင့်သည်ဟု မောင့်ဘက်တန် ကပြောဆိုခဲ့ကြောင်းများ” ပါလေသည်။ ထိုဆောင်းပါးကို ဆရာညိုမြသည် “သောင်းပြောင်းထွေလာမဂ္ဂဇင်း” (၁၉၈ဝ မတ်လ) ၌ ရေးသားခဲ့သည်ဟု မှတ်သားရပါသည်။
 
“အာဇာနည်” ဆိုသည်မှာ သင့်မသင့်ကို ခဏချင်းသိ၍ ဆောင်ရွက်နိုင်သူဟူ၍ ဖွင့်ဆိုပါသည်။ “အာဇာနည်စိတ်၊ မထိတ်မရွံ၊ ဤသို့ကြံလျက်၊ မြဲမြံရည်ရော်” ဟုစပ်ဆိုမှု ရှိသည်။ မလွဲမသွေဆောင်ရွက်ရန် ကိုယ့်တာဝန်အဖြစ် မကျရောက်သည့်တိုင်အောင် လောက၏ လိုအပ်ချက်ကို တာဝန်ယူစိတ်ဖြင့်တာ ဝန်ကျေကျေဆောင်ရွက်သူဟူ၍လည်း ဖွင့်ဆိုချက်ရှိပြန်သည်။ ဤသို့လျှင် ကမ္ဘာ့သမိုင်း၌ အာဇာနည်အမြောက်အမြား ပေါ်ထွန်းခဲ့ပြီဖြစ်သည်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးခေါင်းဆောင်က အာဇာနည်ဖြစ်မှ အာဇာနည် မဟုတ်ချေ။ နိုင်ငံ၊ ဒေသ၊ လူမျိုး၊ အသွေးအရောင် မတူဘဲရှိစေ၊ အာဇာနည်ဖြစ်လျှင် အားလုံးက အာဇာနည်အဖြစ် ခံယူကြသည်ပင်။ “အာဇာနည်မျိုးသေရိုးမရှိ” ဟူ၍ ကမ္ပည်းစာတင်ကြသည်ပင် ဖြစ်ပါသည်။
 
ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသည့် ဈာပနအတောအတွင်းတွင် ဗဟန်းတာဝါလိန်း နေအိမ် (ယခုအခါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်။ ထိုပြတိုက်သို့ ကိုယ်မတရားပိုင်ဆိုင်ထားသော ပစ္စည်းများစာရင်းကို မထုတ်ဖော်ပြဝံ့သူများ၊ ငါတို့တော့ ဤဗိုလ်ချုပ်လိုအဖြစ် မခံနိုင်ပေဟု ဆိုကြမည့်သူများ သွားရောက်ကြည့်ချင်ကြမည် မဟုတ်ချေ။ ဤကားစကားချပ်) ထိုနေအိမ်သို့ အမည်ရင်း ဦးသိန်းတင် (ဆရာညိုမြ) ရောက်သွားခဲ့သည်။ အိမ်အောက်ထပ်၌ ဗိုလ်ချုပ်၏ မိခင်အမေစုနှင့် တွေ့သည်။ အမေစုမှာ ငိုရလွန်း၍ မျက်နှာမှာ ဆားရည်များ လိမ်းကျံထားသလိုဖြစ်သည်။ ဆရာညို မြက “အမေ့သားကြီး ကိုအောင်ဆန်းရှိတုန်းက အမေစုကို ဘာတွေပေးကမ်းထောက်ပံ့ဖူးလဲ” ဟုမေးခဲ့သည်။ ထိုအခါ အမေစုက ဖြေ ခဲ့သည်မှာ-
 
“အေးကွဲ့၊ မနှစ်က သူရွာပြန်လာတုန်း က မျက်နှာသုတ်ပဝါ တစ်ထည်ပေးပါတယ်။ ဒီ့ပြင်တော့ ဘာမှမရဖူးပါဘူး” တဲ့။
 
ထိုအကြောင်းကို ဆရာညိုမြက နိုင်ငံကျော် ဓမ္မကထိကဆရာကြီး ဦးလှသိန်းအကြောင်းကို ရေးသားသည့် “သလ္လာတန်ဆောင် အလင်းရောင် (သို့မဟုတ်) ဆရာကြီးဦးလှသိန်း” ဆောင်းပါး၊ (ရာပြည့်တိုက်ထုတ်စာအုပ်အမှတ် ၃၈၄၊ နမ်းကြာညိုလက်ရွေးစင်စာများ) တွင် ထည့်သွင်းရေးသားခဲ့သည်ကို ဖတ်ရှုမှတ်သားရပါသည်။
 
စာရေးဆရာသတင်းစာဆရာကြီး အိုးဝေညိုမြရေးသားခဲ့သည်များမှာ ဖြစ်ရပ်မှန် ခံစားချက်အမှန်များသာ ဖြစ်ပါသည်။ သူငယ်ချင်းအတွက် စာကမ္ပည်းတင်ခဲ့သည်ဟု ဆိုချင်ပါသည်။ မြန်မာ့ ဦးအောင်ဆန်းသည် ကိုယ်ကျိုးမဖက်သူသာ မဟုတ် ကိုယ်ကျိုးကိုပင် စွန့်ခဲ့သူဖြစ်၍ သူမြတ်ထက်ပင် မြတ်သေးသည်ဟု ဆိုဖွယ်ရာဂုဏ်ပြုဖွယ်ရာ ဖြစ်ပါသည်။
 
အထက်တွင်ဖော်ပြခဲ့သည့် ဆရာကြီး ဦးသော်ဇင်၏ ကဗျာမှာ ထိုတစ်ပိုဒ်တည်းသာ မဟုတ်ပါ။ ကျန်သောအပိုဒ်များနှင့် အပြည့်အစုံက ဤကဲ့သို့ဖြစ်ပါသည်။
 
ကိုယ်ကျိုးမဖက်၊ အများတွက်ကို
ဆောင်ရွက်သူသည်၊ “သူမြတ်” မည်၏။
ကိုယ်ကျိုးမပျက်၊ အများတွက်ကို
ဆောင်ရွက်သူသည်၊ “သူလတ်”မည်၏။
ကိုယ်ကျိုးအတွက်၊ အများပျက်အောင်
ဆောင်ရွက်သူသည်၊ “သူယုတ်”မည်၏။
နီတိညွှန်ကြား၊ လူသုံးစားတွင်
သင်ကား....မည်သူဖြစ်သနည်း။
မြန်မာ့ဦးအောင်ဆန်း၊ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း။
 
ထိုပုဂ္ဂိုလ် သူငယ်ချင်း၏အကြောင်းကို အမှတ်တရများ ရေးသားခဲ့လေသော ဆရာအိုးဝေ ညိုမြ (ဦးသိန်းတင်၊ နိုင်ငံ့ဂုဏ်ရည်၊ ဒုတိယဆင့်) သည် ၂၉-၉-၈၅ တွင် ကွယ်လွန်ခဲ့သည်ဖြစ်၍ (၈၈) ဒီဘက်ပိုင်းကို တွေ့ မြင်မသွားခဲ့ချေ။ ရှိများရှိနေခဲ့ပါလျှင် သူလည်း ၁ဝ-၄-၂ဝ၁၄ ရက်နေ့က အသက်ရာပြည့်မွေးနေ့ကို ကြုံခဲ့ပြီးသည်မို့ ယခုသူငယ်ချင်း၏ ရာပြည့်မွေးနေ့ ဂုဏ်ပြုချိန်တွင် ဘိုးဘိုးကြီး ဦးညိုမြသည် အဘယ်စကား၊ အဘယ်စာကိုများ မြွက်ကြားရေးသားဦးမည်လဲဟု တွေးဆကာ ဖတ်ရှုကြားနာချင်နေမိပါသည်။
 
စာကိုး
 
- နမ်းကြာညိုလက်ရွေးစင်စာများ(ညိုမြ) ရာပြည့်တိုက်၊ 
(ပ) အကြိမ် ၂ဝ၁၃ ဒီဇင်ဘာ။
- သောင်းပြောင်းထွေလာညိုမြစာများ (ညိုမြ) ရာပြည့်တိုက်၊ 
(ပ) အကြိမ် ၂ဝ၁၄ ဇွန်။
- မြန်လူကျော် (၁ဝဝ) ဒုတိယအုပ်၊ 
(မောင်ဇေယျာ)့ညငအပ စာပေ၊ 
(ပ) အကြိမ် ၂ဝ၁၂ မေ။
- ပါဠိသက်ဝေါဟာရ အဘိဓာန်
 

Most Read

Most Recent