တချို့လူတွေက ဘာကြောင့် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်၊ လွှမ်းမိုးကြိုး ကိုင်လိုပြီး အကြင်နာတရား ကင်းမဲ့ရတာလဲ။ လူသားတွေရဲ့ စိတ်ထဲက အမည်းမှောင်ဆုံးအပိုင်းကို သိပ္ပံပညာရှင်တွေက နှိုက်နှိုက်ချွတ်ချွတ် လေ့လာခဲ့ကြတယ်။အန္တရာယ်မပေးနိုင်တဲ့ ပိုးကောင်တွေကို ကော်ဖီမွှေစက်ထဲမှာ ထည့်ပြီး အဲဒီအတွေ့အကြုံကို အရသာခံနေမှာလား။ အဲဒီပိုးကောင်တွေမှာ အမည်နာမတွေရှိပြီး သူတို့ရဲ့ အခွံတွေ နာနာကျင်ကျင်နဲ့ ကျိုးကျိုးကျွတ်ကျွတ် လောင်ကျွမ်းနေတာမျိုးကို အရသာခံနေမှာလား။လမ်းမှာတွေ့တဲ့ လူတစ်ယောက် အပြင်းအထန် နာကျင်မှုနဲ့ စူးစူးဝါးဝါး အော်ဟစ်လိုက်တဲ့ အသံမျိုးကို တစ်လွဲအရသာခံနေမှာလား။ကျွန်တော်တို့တစ်ဝိုက်က မကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို နားလည်ဖို့ သိပ္ပံပညာရှင်တွေက အဲဒီလို စမ်းသပ်ချက်တချို့ကို အသုံးပြုခဲ့တယ်။ လူတွေ မေးတတ်ကြတဲ့ မေးခွန်းတစ်ခုကို ဖြေဆိုနိုင်ဖို့ ပညာရှင်တွေ ကြိုးပမ်းခဲ့ကြတယ်။အဲဒီမေးခွန်းကတော့“တချို့လူတွေဟာ ဘာကြောင့် ရက်စက်ကြမ်းကြုတ်မှုမှာ အရသာတွေ့နေရတာလဲ”ဆိုတာပါပဲ။ စိတ်ဝေဒနာသည်တွေနဲ့ လူသတ်သမားတွေသာ မဟုတ်ဘူး။ ကျောင်းမှာ အနိုင်ကျင့်တတ်ကြတဲ့သူတွေအပြင် နိုင်ငံရေးသမားတွေနဲ့ ရဲအရာရှိတွေလို လူ့အဖွဲ့အစည်းမှာ အထက်တန်းကျတဲ့သူတွေထံမှာတောင် အဲဒီလိုမျိုးတွေ့ရတယ်။“အဲဒီလိုလူတွေနဲ့ ပတ်သက်ပြီး လျင်မြန်ရိုးရှင်းတဲ့ ယူဆချက်တွေ ပေးရမယ်ဆိုရင်တော့ လွယ်ပါတယ်။ ကျွန်တော်တို့ တွေ့ကြုံ ရတဲ့လူတွေကို လွှမ်းခြုံထားတဲ့ မကောင်းမှုကို အသုံးပြုပြီး ကျွန်တော်တို့က လူကောင်းလား၊ လူဆိုးလား ခွဲခြားတတ်ကြတယ်”လို့ ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာတက္ကသိုလ်က ပညာရှင် ဒယ်ရွိုင်းပေါဟက်က ဆိုပါတယ်။ ဒါပေမဲ့ ပေါဟက်က ရက်စက်ကြမ်းကြုတ်ရခြင်းရဲ့ အကြောင်းတရားကိုပြဖို့ မကြိုးစားပါဘူး။ သူ့ရဲ့ ချဉ်းကပ်ပုံက အဆိပ်ပြင်းတဲ့ အင်းဆက်တွေကို အမျိုးအစားခွဲဖို့ လေ့လာတဲ့ သတ္တဗေဒပညာရှင်တစ်ယောက်လိုမျိုး မဟုတ်ပါဘူး။ သူက နေ့စဉ်ဘဝ မကောင်းတဲ့စိတ်တွေရဲ့ အရောင်အဆင်းအမျိုးမျိုးကို လေ့လာတာပါ။မိမိကိုယ်ကိုယ်သာ အထင်ကြီးခြင်းပေါဟက်ရဲ့ ချဉ်းကပ်မှုက Narcissism လို့ခေါ်တဲ့ တစ်ကိုယ်ကောင်းဝါဒီသမားတွေနဲ့ စတင်ပါတယ်။ အလွန်အမင်း တစ်ကိုယ်ကောင်းဆန်တဲ့ လူတွေပါ။ ကိုယ်ကျိုးစီးပွားအတွက်ပဲ အာရုံပြုလို့ အဲဒါကို ကာကွယ်ဖို့ ထိုးနှက်တိုက်ခိုက်မှုတွေ လုပ်ကြပါတယ်။ ပေါဟက်ရဲ့တပည့် ဘွဲ့ယူကျောင်းသား ကေဗင်ဝီလျံက မိမိကိုယ်ကျိုးစီးပွားကိုပဲ အာရုံပြုထားမှုက မနှစ်မြို့စရာကောင်းတဲ့ စရိုက်နှစ်မျိုးနဲ့ ဆက်နွှယ်နေကြောင်း လေ့လာခဲ့ပါတယ်။အဲဒီစရိုက်နှစ်မျိုးအနက် တစ်မျိုးကတော့ Machiavellianism ခေါ်တဲ့ သွေးအေးအေးနဲ့ ရက်စက်ခြင်းဖြစ်ပြီး တစ်မျိုးကတော့ တခြားသူတွေရဲ့ ခံစားမှုတွေကို ဂရုမစိုက်ဘဲ စာနာစိတ်ကင်းမဲ့စွာ လျစ်လျူပြုတတ်တဲ့ Psychopathy ဆိုတဲ့ စရိုက်ပါပဲ။ အဲဒီစရိုက်နှစ်မျိုးအပြင် တစ်ကိုယ်ကောင်းဆန်ခြင်းတို့ဟာ သီးခြားစီရပ်တည်နေကြပေမယ့် တစ်ခါတစ်ရံမှာ ပေါင်းစုံသွားကြပြီး ညစ်ပတ်တဲ့စိတ်ထားကို ဖြစ်ပေါ်စေပါတယ်။ ဒီလို စရိုက်လက္ခဏာရှိသူတွေဟာ အရွယ်ရောက်စမှာရော အရွယ်ရောက်ပြီး အချိန်တွေမှာပါ အနိုင်ကျင့်ခြင်းတွေ လုပ်တတ်ကြပါတယ်။ သူတို့ဟာ ဇနီး ခင်ပွန်းအပေါ်မှာလည်း သစ္စာမရှိတတ်ကြပါဘူး။ စာမေးပွဲလိုမျိုး စမ်းသပ်စစ်ဆေးမှုတွေကိုလည်း မသမာတဲ့နည်းတွေနဲ့ ဖြေဆိုတတ်ကြပါတယ်။ပေါဟက်ဟာ ပြစ်မှုကျူးလွန်သူတွေ၊ စိတ်မနှံ့သူတွေထက်စာရင် နေ့စဉ်ဘဝ မကောင်းတဲ့စိတ်ထားအပေါ် အခြေပြုတာဖြစ်ပေမယ့် ခုနကပြောခဲ့တဲ့ စရိုက်လက္ခဏာရပ်တွေကို ပထမဆုံး တွေ့တွေ့ချင်းမှာ သိသိသာသာတွေ့ရဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။“သူတို့ဟာ နေ့စဉ်ဘဝ လူ့အဖွဲ့အစည်းအတွင်းမှာ စီမံနေရတာဆိုတော့ သူတို့ကိုယ်သူတို့ ဒုက္ခမရောက်အောင်တော့ အလုံအလောက် ထိန်းချုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ ဂရုစိုက်ကြည့်ရင် ဟိုတစ်ကွက် ဒီတစ်ကွက်ဆိုသလို တွေ့နိုင်ပါတယ်”လို့ ပေါဟက်က ဆိုပါတယ်။မွေးရာပါလားပေါဟက်က လူတွေရဲ့ မကောင်းတဲ့စိတ်ထားကို လေ့လာဖို့ စတင်လမ်းဖွင့်လိုက်တာနဲ့ လူတွေရဲ့အနေအထားနဲ့ ပတ်သက်ပြီး နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖို့ အခြေခံမေးခွန်းတွေ ပေါ်ထွက်လာပြန်ပါတယ်။ ဥပမာ မေးခွန်းတစ်ခုကိုပြောရရင်“လူတွေရဲ့ မကောင်းတဲ့ စိတ်ဟာ မွေးရာပါလား”ဆိုတာပါပဲ။ မွေးရာပါ ဗီဇလက္ခဏာတွေအားလုံးတူတဲ့ အမြွှာတွေနဲ့ ထပ်တူမညီတဲ့ အမြွှာတွေကို နှိုင်းယှဉ်လေ့လာခဲ့ရာမှာ Narcissism နဲ့ Psychopathy တို့ဟာ မွေးရာပါဗီဇတွေနဲ့ အကြီးအကျယ် ပတ်သက်နေတာတွေ့ရပြီး Machiavellanism ကတော့ ပတ်ဝန်းကျင်နဲ့ ပိုပြီးပတ်သက်နေတယ်လို့ တွေ့ရပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သက်ပြီး မွေးရာပါ အချက်အလက်တွေကို စွန့်ပစ်လို့ မရနိုင်ပေမယ့် လီဗာပူးတက္ကသိုလ်က ပညာရှင် မင်နာလီယွန်ကတော့“လူတစ်ယောက်ဟာ Psychopathy ဗီဇတွေနဲ့ မွေးလာပြီး အဲဒါကို စွန့်ပစ်လို့ မရဘူးဆိုတာမျိုးက မဖြစ်နိုင်ဘူး”လို့ ဆိုပါတယ်။ပေါဟက်ကတော့“လူ့အဖွဲ့အစည်းဟာ ရှုပ်ထွေးတယ်။ မွေးရာပါအချက်အလက်တွေအပေါ် သက်ရောက်မှုတွေ အမျိုးမျိုးရှိတယ်။ တချို့သက်ရောက်မှုတွေက ကောင်းသွားစေပြီး တချို့က ပိုဆိုးသွားစေတယ်”လို့ ဆိုပါတယ်။ညစ်ပတ်တဲ့ဘက်မှာမကြာသေးမီက ပေါဟက်ဟာ လူ့စိတ်ရဲ့ အမည်းမှောင်ဆုံး အရိပ်တွေကို ဆက်ပြီး လေ့လာခဲ့ပါတယ်။ တချို့လူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ကျေနပ်မှုရဖို့ကလွဲပြီး တခြား ဘာအကြောင်းပြချက်မှမရှိဘဲ တခြားလူတွေ ထိခိုက်နာကျင်တာကို သဘောကျတဲ့အကြောင်း ဝန်ခံဖို့ ဝန်မလေးတာကို ပေါဟက် တွေ့ရှိခဲ့ပါတယ်။ ဒါတွေက Narcissism ၊ Psychopathy နဲ့ Machiavellianism တွေကို ရိုးရှင်းစွာ ရောင်ပြန်ဟပ်ပြနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ နေ့စဉ်ဘဝ တွေ့ကြုံရမှုက အဲဒီစရိုက်လက္ခဏာတွေနဲ့ ပေါင်းစုံသွားပြီး မကောင်းတဲ့စိတ် ဖြစ်ပေါ်လာတာလို့ ပေါဟက်က ဆိုပါတယ်။ ကြမ်းကြုတ်ရက်စက်မှုကို ပြုကြသူတွေဟာ အဲဒီကြမ်းကြုတ်ရက်စက်မှုကနေ အကျိုးအမြတ် တစ်စုံတစ်ရာရမယ်လို့ မျှော်လင့်လို့ မဟုတ်ဘဲ နှစ်သက်ပျော်ရွှင်မှုသက်သက်အတွက်သာ လုပ်ကြတာလို့လည်း ပေါဟက်က ဆိုပါတယ်။ပေါဟက် စူးစမ်းလေ့လာဖို့ စိတ်အားထက်သန်တဲ့ အချက်တွေထဲမှာ လူကောင်း နဲ့ လူဆိုး ခွဲခြားပုံ မှားယွင်းနေတာလည်း ပါဝင်ပါတယ်။ ပေါဟက်က သူ့ရဲ့ ကိုယ်ပိုင်အပြုအမူတွေထဲမှာကို မကောင်းတဲ့အပိုင်း ရှိနေတာ တွေ့ရှိရတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဥပမာအားဖြင့် သူဟာ Mixed Martial Arts လိုမျိုး အကြမ်းဖက်ပြီး နာကျင်မှုဖြစ်စေတဲ့ အားကစားပွဲတွေ ကြည့်ရတာကို သဘောကျတယ်လို့ ဆိုပါတယ်။ သူက“မကောင်းတဲ့ စိတ်တွေနဲ့ပတ်သက်ရင် ကျွန်တော်ဟာ သာမန်လူတွေရဲ့ အထက်မှာရှိတယ်လို့ မမြင်တော့ပါဘူး”လို့ ဆိုပါတယ်။
လူတွေ ဘာကြောင့် ရက်စက်ကြမ်းကြုတ်ရတာလဲ
Most Read
Most Recent
14 hours ago
14 hours ago
14 hours ago