ဆိုးရွားလွန်းလှတဲ့ သတင်းတစ်ပုဒ်ကို လူတိုင်းဖတ်ပြီး သိရှိပြီးဖြစ်ကာ ပြန်ပြောရမှာတောင် စိတ်မကောင်း ဒေါသထွက်လွန်းလှတာကြောင့် ပြောလိုစိတ်မရှိပါ။ ဒါပေမဲ့ ဒီလိုမပြောဘဲ ထားခဲ့ကြလို့ အမှန်တရားတွေ ကွယ်ပျောက်၊ ထိရောက်တဲ့ အရေးယူတာတွေ မခံရမှာစိုးသလို လျစ်လျူရှုခံရမှုတွေ ရှိလာမှာ စိုးတာကြောင့် ပြောဖို့ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာဖြစ်ခဲ့တဲ့ ရှမ်းပြည် နယ်မြောက်ပိုင်းက ကောင်းခါးကျေးရွာ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းဝင်းထဲမှာ စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ယောက် အဓမ္မပြုကျင့် သတ်ဖြတ်ခံလိုက်ရတဲ့ အဖြစ်အပျက် ဖြစ်စဉ်သတင်းကို ဖတ်မိပြီးနောက် အမျိုးသမီးတစ်ဦးအနေနဲ့ ဒေါသထွက်ခံပြင်းမိပါတယ်။ ပိုဆိုးတာက ဖွံ့ဖြိုးမှုနည်းပါးတဲ့ဒေသရှိ ကလေးငယ်တွေကို လုပ်အားပေး စာသင်ကြားပေးနေတဲ့ ဆရာမနှစ်ဦးဟာ ရက်စက်စွာ၊ လူမဆန်စွာ အနိုင်ကျင့်ခံရပြီး အသတ်ခံ လိုက်ရတာပါ။ အဓိကအနေနဲ့ ဆရာမဆိုတဲ့ အလုပ်အကိုင်ရယ်၊ အမျိုးသမီးတွေဆိုတာရယ်၊ ဝေးလံခေါင်သီတဲ့ဒေသမှာ ကိုယ့်အကျိုး အတွက်မဟုတ်ဘဲ အများအကျိုးအတွက် လုပ်ကိုင်နေသူဆိုတာရယ်စတဲ့ အချက်တွေကြောင့် သိရှိခင်မင်ဖူးခြင်းမရှိပေမယ့် စိတ် သဘောထားနူးညံ့ပြီး သဘောကောင်းဖြူစင် သူတွေဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ဆရာမလေးနှစ်ဦးကို လူမဆန်စွာ အနိုင်ကျင့်သတ်ဖြတ်သူဟာ တစ်ဦးတည်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ကျူးလွန်သူကို လူ့ကျင့်ဝတ်၊ လူ့အသိစိတ် မရှိသူတွေအဖြစ် သတ်မှတ်ချင်ပါတယ်။
ကချင်ဆရာမလေးနှစ်ဦးလို မိမိတို့ ဝါသနာ၊ ယုံကြည်ချက်တွေနဲ့ လုပ်ငန်းသဘောအရ နိုင်ငံအဝှမ်း ဝေးလံခေါင်သီတဲ့ ဒေသတွေကို သွားရောက်တာဝန် ထမ်းဆောင်နေကြတဲ့ ဆရာမတွေ၊ သူနာပြုတွေ၊ ဝန်ထမ်းအမျိုးသမီးတွေ၊ အကြောင်းအမျိုးမျိုးကြောင့် မိဘနဲ့ဝေးပြီး တစ်ဝမ်းတစ်ခါးအတွက်၊ မိသားစုအတွက်စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကိုင်နေတဲ့ အခြေခံလုပ်သား အမျိုးသမီးငယ်တွေများစွာ ရှိပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးရှိဖို့ အထူးလိုအပ်လှပါတယ်။ ကချင်ဆရာမလေး နှစ်ဦးဖြစ်ရပ်လို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရပြီး အသက်သေဆုံးရမှုတွေ၊ ကိုယ်ထိလက်ရောက် မစော်ကားပေမယ့် စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ များစွာရှိနေ နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အခုနှစ်ပိုင်းအတွင်း ဖြစ်ပွားမှုများလာနေတဲ့ မှုခင်းဖြစ်စဉ်တွေထဲမှာ မုဒိမ်းမှုတွေလည်း မြင့်တက်လာခဲ့ကာ ဒီလိုလိင်ပိုင်း အကြမ်းဖက်မှုတွေမှာ ကလေးငယ်တွေကိုပါ ကျူးလွန်လာကြပြီး ဖြစ်ပွားမှုနှုန်း များလာနေပါတယ်။ ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၁ဝ လတာကာလမှာ မုဒိမ်းမှုဖြစ်စဉ် ၁ဝဝ ကျော်ရှိပြီး အရွယ်မရောက် သေးတဲ့ သက်ငယ်မုဒိမ်းဖြစ်ပွားမှု ၆ဝ နီးပါး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီစာရင်းဟာ တိုင်းဒေကြီးတစ်ခုတည်းရဲ့ စာရင်းသာဖြစ်ပြီး တစ်နိုင်ငံလုံးအရေအတွက် စာရင်းမပါဝင်ပါဘူး။ နောက် လူမသိသူမသိဖြစ်ခဲ့ရတဲ့ အကြမ်းဖက်ခံရမှုတွေ၊ ရှက်လို့၊ ကြောက်လို့၊ ခြိမ်းခြောက်လို့၊ တိုင်ချက်မဖွင့်တဲ့ လိင်ပိုင်းဆိုင် ရာစော်ကားမှုတွေ ဘယ်လောက်ရှိနေသလဲဆိုတာ အသေအချာ မပြောနိုင်ပါဘူး။
အရွယ်မရောက်သေးတဲ့ ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်နေသူတစ်ဦးရဲ့ ပြောပြချက်အရ ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးရပ်ကွက် တစ်ခုမှာ တဲအိမ်သာသာရှိ အိမ်ငယ်နဲ့ နေ ထိုင်ရတဲ့ မိသားစုတစ်စုရှိ အသက် ၁ဝ နှစ် ဝန်းကျင် ကလေးမလေးဟာ မိဘဖြစ်သူတွေ အပြင်ထွက် အလုပ်လုပ်တာကြောင့် ညီမဖြစ် သူကိုထိန်းကာ အိမ်မှာကျန်ခဲ့တာကို သိတဲ့ အိမ်နီးချင်းအမျိုးသားက ၁ဝ နှစ်ဝန်းကျင် သာရှိသေးတဲ့ ကလေးငယ်အရွယ်ကို ခြိမ်း ခြောက်ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့ပါ တယ်။ မိဘဖြစ်သူတွေသိရှိပြီး ရပ်ကွက်ရုံးမှာ တိုင်တန်းခဲ့ပေမယ့် မိဘတွေရဲ့ အသိပညာ မကြွယ်ဝမှု၊ စားဝတ်နေမှုအခက်အခဲကြောင့် ကျူးလွန်သူရဲ့ ငွေကြေးပေးကာ ညှိနှိုင်းကျေအေးမှုကို လက်ခံပေးလိုက်တယ်လို့ သိရပါတယ်။ ကျေအေးပေးလိုက်ရတဲ့ ငွေကြေးဟာ ကျပ်နှစ်သိန်းဝန်းကျင်သာရှိပြီး ဒီလိုအသိ ပညာနည်းပါးတဲ့ ဆင်းရဲစွာနေထိုင်စားသောက် နေရတဲ့ မိသားစုတွေထံကနေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်သူတွေ ရန်ကုန်မြို့ လိုနေရာမှာတောင်ရှိနေပါတယ်။ ဒါဆို ဖွံ့ဖြိုး မှုနည်းပြီး လူသူအလှမ်းဝေးတဲ့ဒေသတွေရှိ မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေအပေါ် လူမသိသူမသိအနိုင်ကျင့်ခံရကာ အမှုမှန်ဖော် ထုတ်လုပ်ဆောင်ပေးမယ့်သူမရှိ၊ ကျူးလွန်သူ ကို ပြစ်ဒဏ်ချမှတ်နိုင်ဖို့ တာဝန်ယူပေးမယ့်သူ မရှိ၊ ဖြစ်နေရတဲ့ဖြစ်စဉ်တွေမှာ ဘယ်သူတွေက ဦးဆောင်ပြီး တာဝန်ယူဖြေရှင်းပေးမှာပါလဲ။
ဒါ့ကြောင့် မကြာမီက ဖြစ်ပွားခဲ့တဲ့ ကချင်ဆရာမလေးနှစ်ဦးရဲ့ဖြစ်စဉ်မှာ ဆရာမလေး နှစ်ဦးရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးထုတွေသာမ က နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ကိုယ့်ရဲ့ မိသားစုဝင်မဟုတ်လို့၊ ဆွေမျိုးမ တော်လို့၊ မိတ်ဆွေတွေမဖြစ်လို့၊ မရင်းနှီး မသိကျွမ်းလို့ဆိုပြီး ကိုယ်နဲ့မဆိုင်တဲ့အမှုကိစ္စ လို နေနိုင်ကြပါသလား။ ကိုယ့်အိမ်မီးလောင် မှ ကိုယ့်ပေါင်ပေါ်မီးပွားကျမှ နာရကောင်း မှန်း၊ အထိနာရမှန်း သတိပြုမိကြမှာပါလား။ ဒါဟာ လိင်ပိုင်းဆိုင်ရာ စော်ကားအကြမ်းဖက် ခံရတဲ့ အမျိုးသမီးအားလုံးအတွက် ထိထိရောက် ရောက် ပြစ်ဒဏ်ချမှတ်ပေးဖို့၊ ကျူးလွန်သူ တွေ နောင်ကြဉ်ပြီး နောက်လူတွေပါ ထပ်မံ ကျူးလွန်မှုတွေမဖြစ်ဖို့တွေအတွက် စံပြအနေနဲ့ လူအများလက်ခံ ကျေနပ်တဲ့ ပြစ်ဒဏ်တွေပေးဖို့ လိုအပ်ပါတယ်။ တောင်းဆိုသင့်ပါတယ်။ နောက် အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံရတဲ့ ကချင်ဆရာမလေးနှစ်ဦးရဲ့ အမှုမှန် အမြန်ဆုံးပေါ်ပေါက်ဖို့လည်း မျှော်လင့်ပါတယ်။
ဘာလို့လဲဆိုရင် မြန်မာ့လူ့အဖွဲ့အစည်း အတွင်းရှိ အမျိုးသမီးတွေရဲ့ စိတ်လုံခြုံမှုအတွက်၊ အကာအကွယ်တွေ မရဘဲ စော်ကားခံရမှုတွေအတွက်၊ အမှုမဖွင့် ကွယ်ပျောက်နေရတဲ့ မုဒိမ်းမှုဖြစ်စဉ်တွေ၊ ငွေကြေးမတတ်နိုင်လို့ တရားမစွဲခဲ့ရတဲ့ အမှုတွေ၊ လက်သိပ်ထိုးပြီး ကျေအေးအမှုပိတ်ပေးလိုက်ရတဲ့ အမှုတွေအတွက် အားလုံးတစ်သားတည်း ရှိနေတယ်လို့ ပြဖို့လိုအပ်ပါတယ်။ နောက်ကချင်ဆရာမလေး နှစ်ဦးဖြစ်တဲ့ မရန်လုလာ၊ တန်ဘောင် ခေါန်နန်ဆင်ရဲ့ မိသားစုညီအစ်ကိုမောင်နှမတွေ၊ ဆွေမျိုးမိတ်ဆွေတွေနဲ့ ကချင်တိုင်းရင်းသားတွေအတွက် တပေါင်းတည်းရှိနေတယ် ဆိုတာလည်း သိစေဖို့၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လူ့အဖွဲ့အစည်းအတွင်း လက်မခံဘူးဆိုတာပြသဖို့ အချိန်ရောက်နေပြီလို့လည်း ဆိုချင်ပါတယ်။ နောက်ကိုယ့်အသိုင်းအဝိုင်း၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ မဆိုင်ပေမယ့် လိင်အကြမ်းဖက်ခံရသူ အားလုံးအတွက် အဓမ္မပြုကျင့်သူတွေကို ရှုတ်ချကန့်ကွက်ကာ အလိုမရှိကြောင်း အကြမ်းဖက်ခံရသူတွေနဲ့ တစ်သားတည်း အတူရှိနေမှုကို နှလုံးသားဖွင့်ပြ လိုက်ကြစို့ရဲ့။
တစ်သားတည်းအတူ
Most Read
Most Recent
14 hours ago
14 hours ago