အိမ်အပြန်

အိမ်အပြန်
Published 30 January 2015
နရီမင်း

ဗလာစာရွက်တွေ စုချုပ်ထားတဲ့ စာအုပ်ကြီးလို ခန္ဓာကိုယ်အလွတ်ကြီးကိုပဲ အမေမွေးခဲ့တာပါ။ ဒီစာအုပ်ကြီးထဲကို စာသားတချို့ ရိုက်နှိပ်လိုက်ပြီ ဆိုပါတော့။ တချို့စာအုပ်တွေဟာ မူလကဗလာအတိုင်းရှိခဲ့တဲ့ စာအုပ်ထက် တန်ဖိုးတက်သွားကြလေရဲ့။ တချို့ဆို တန်ဖိုးမဖြတ်နိုင် လောက်အောင်ပါပဲ။ တချို့ကျတော့ မူလဗလာစာအုပ် ထက်တောင် တန်ဖိုးကျသွားလိုက်တာ နောက်ဆုံး တစ်ပြားနှစ်ပြားတောင် မတန်တော့ဘူး ဖြစ်သွားတယ်။ ဟုတ်ပြီ၊ တန်ဖိုးဆိုတာ ဘာလဲ။ တစ်ကျပ်၊ နှစ်ကျပ်၊ တစ်ဒေါ်လာ၊ နှစ်ဒေါ်လာ စသဖြင့်တဲ့လား။ တကယ့်တကယ်မှာ တန်ဖိုးဆိုတဲ့ ဝေါဟာရကိုယ်တိုင်ကိုက သူ့ကိုယ်ပိုင်ဖြစ်တည်မှု ပျောက်ဆုံးသွားပြီး “တန်ဖိုးဖြတ်သူ” ဆိုတဲ့ သူတစ်ပါးရဲ့ မှီခိုဖြစ်နေရပြီ။ အဲဒီနောက်တော့ အုပ်ရေများများကုန်တဲ့ စာအုပ်တွေကရော တန်ဖိုးရှိသတဲ့လား။
ကျွန်တော်က တစ်အုပ်ဘယ်လောက်တန်လဲ။ ကိုယ့်ကိုယ်ကိုယ် ပုံနှိပ်ရောင်းချတဲ့အခါ အုပ်ရေဘယ်လောက် ကုန်မှာလဲ။ ဘာပဲဖြစ်ဖြစ်၊ အမေမွေးလိုက်တုန်းကတော့ ကျွန်တော်ဟာ ဗလာစာအုပ် အလွတ်ကြီးပါ။
ကျွန်တော်ဟာ ကျွန်တော့်ကိုယ်ထဲက စာသားတွေ တစ်လုံးချင်း၊ တစ်ကြောင်းချင်း တစ်မျက်နှာချင်း ဖယ်ရှားလို့ အမေ့ဆီကို ပြန်သွားနေခဲ့တယ်။
ကျွန်တော်ဟာ အလယ်တန်းကျောင်းသားလေး တစ်ယောက်ပါ။ မုန့်ဟင်းခါးကြိုက်တယ်။ ဝက်သားအဆီတုံးကို မကြိုက်ဘူး။ နေ့လယ်ခင်း ထမင်းစားလွှတ်ချိန် အိမ်ပြန်ထမင်းစားလို့ ဝက်သားအဆီတုံးနဲ့ တိုးတဲ့အခါ ကျွန်တော်ဟာ ထမင်းရောဟင်းရော အမေမသိအောင် သွန်ပစ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်တစ်ကိုယ်လုံး ဆာလောင်မှုနဲ့ ဆတ်ဆတ်တုန်လို့ ကျောင်းကို ပြန်လာရတယ်။ တစ်ခါတစ်ခါမှာတော့ ကျောင်းကို တည့်တည့်မတ်မတ် ပြန်မလာသေးဘဲ အိမ်ကနေ ကျောင်းကိုသွားတဲ့လမ်းမှာ ဈေးကြီးထဲ ခေါင်းကိုငုံ့လို့ အတန်ကြာ ခြေဦးတည့်ရာ လှည့်ပတ်သွားလာနေမိတယ်။ ကျွန်တော်ဟာ ဈေးကြို ဈေးကြားမှာ ဂေါ်ဖီထုပ် လိုက်ရှာစားနေတဲ့ ဘေးမဲ့နွား တစ်ကောင်လိုပါပဲ။ ပိုက်ဆံတစ်ကျပ်လောက် ကောက်ရရင်တော့ ကျွန်တော် မုန့်ဟင်းခါးတစ်ပွဲလောက် ဝယ်စားနိုင်မှာပဲ။ ဘယ်တုန်းက ပိုက်ဆံတစ်ကျပ်လောက် ကောက်ရခဲ့ဖူးပါသလဲ။ အခုလို ပြန်စဉ်းစားကြည့်လိုက်တော့ မှတ်ဉာဏ်တွေ မှုန်ဝါးလို့ အရာရာဝေးကွာ သွားကြပြန်တယ်။
ကျွန်တော်ဟာ ဝမ်းဗိုက်ကြီးပြည့်တင်း ဖောင်းကားနေတဲ့ သူတွေကိုတွေ့ရင် အများတကာလို မနာလိုစိတ်နဲ့ ဒေါသတစ်ခါမှမဖြစ် ခဲ့ဖူးပါဘူး။ အခုလို ဆာလောင်မွတ်သိပ် နေရတာကိုက ကျွန်တော့်ရဲ့ ရွေးချယ်မှုပါ။ လောကကြီးဟာ မိဘဝတ္တရားကျေပွန်တဲ့ လူကြီး လူကောင်းကြီးပါ။ ကျွန်တော်တို့ကို ဒီအတိုင်း ပစ်မထားခဲ့ပါဘူး။ ကျွန်တော်တို့ကသာ ရွေးချယ်မှုနောက် လိုက်ခဲ့တာပါ။
ညစ်ပတ်တဲ့ ထမင်းလုတ်တွေကို ကျွန်တော် မစားချင်ဘူး။ ကျွန်တော်တောင် မစားချင်တာ ကျွန်တော်ချစ်တဲ့ သူတွေကို ဘယ်လိုလုပ် ကျွေးရက်ပါ့မလဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော့်ဗိုက်ထဲ ညစ်ပတ်တဲ့ ထမင်းလုတ်တွေ ဘယ်လောက်တောင် များနေခဲ့ပြီလဲ။ လောကကြီးက ဆုံးမပါတယ်။ အသက်ရှင်ချင်ရင် စားချင်ချင် မစားချင်ချင် ရတာကိုစားရမှာပဲတဲ့။ မင်းကြိုက်တဲ့ ဟင်းတွေချည်းပဲလည်း အမြဲမဖြစ်နိုင်ဘူးတဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ငြင်းပယ်ခွင့် ရှိသလောက် ငြင်းပယ်လို့ ရွေးချယ်ခွင့်ရှိသလောက်တော့ ရွေးချယ်ချင်သေးတယ်။ ညစ်ပတ်တဲ့ ထမင်းလုတ်တွေပဲ အလွယ်တကူ ရနိုင်တာတဲ့လား။
ကျွန်တော် ဆယ်တန်းရောက်တော့ လပတ်စာမေးပွဲတစ်ခုအပြီးမှာ အဖေက ကျွန်တော့်ဂီတာကို ရိုက်ခွဲပစ်လိုက်တယ်။ စာမေးပွဲတိုင်းမှာ အဆင့် (၁) ရခဲ့တဲ့ ကျွန်တော်ဟာ အဆင့် (၇) ဖြစ်သွားလို့တဲ့။ ဂီတာတီးလို့ အဆင့်ကျသွားတာ။ ဒါကြောင့် အဆင့်မကျအောင် ဂီတာ မတီးရဘူးပေါ့။ အခုနေ ပြန်စဉ်းစား ကြည့်လိုက်တဲ့ အခါကျတော့ ဂီတာတစ်ခုလုံးကို ပိုင်ဆိုင်ခွင့် နောက်ထပ်မရတော့ တာကိုသာ မှတ်မိပြီး နောက်စာမေးပွဲတွေမှာ ကျွန်တော်အဆင့် ပြန်တက်ခဲ့ရဲ့လားဆိုတာ မမှတ်မိတော့ဘူး။
အဲဒီလိုမျိုး “ဖြစ်သင့်တာတွေအတွက် လုပ်ချင်တာတွေ စတေးပစ်ရမယ်” ဆိုတဲ့ ပြဋ္ဌာန်းချက်ရဲ့အောက်မှာ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ ဂီတာတွေ တစ်လုံးပြီးတစ်လုံး ရိုက်ခွဲခံနေရတယ်။ ကိုယ့်ဂီတာပဲဖြစ်ဖြစ်၊ ဘယ်သူ့ဂီတာပဲ ဖြစ်ဖြစ်ပေါ့။ ဂီတာရိုက်ခွဲသံတွေကြားတိုင်း တုန်လှုပ်ချောက်ချားမိတယ်။ ဗိုက်ဆာတိုင်း ဆေးလိပ်ကိုပဲ မဲမဲဖွာတတ်တဲ့ ခေါင်းမာမာသူငယ်ချင်း ကဗျာဆရာတစ်ယောက်တော့ ဆုံးသွားရှာပြီ။
ကျွန်တော်အမေ့အိမ်မှာ ကျန်ခဲ့တဲ့ ငယ်ငယ်တုန်းက လေးခွတစ်လက်ဆီ ပြန်သွားနေမိတယ်။ ငယ်ငယ်တုန်းက ကျွန်တော်တို့ ရပ်ကွက်ဟာ အခုလို မြို့ပြမဆန်သေးပါဘူး။ သစ်ပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ တကယ့်တောအုပ်ကြီး တစ်ခုလိုပါပဲ။ ကျောင်းပိတ်တဲ့ နေ့တွေဆို ကျွန်တော်ဟာ လောက်စာလုံးထည့်တဲ့ အိတ်ကိုလွယ်လို့၊ နှပ်ချေးတွဲလောင်းလေး ခါတကားကားနဲ့ တစ်လမ်းဝင်တစ်လမ်းထွက် လျှောက်သွားနေခဲ့တယ်။ အဲ့ဒီလိုနဲ့ လွယ်အိတ်ထဲပါသမျှ လောက်စာလုံးတွေ အကုန်လုံးကို သိကြားမင်းဆီ ဆက်သပြီးတဲ့နောက် ငှက်တစ်ကောင်မှ ပြုတ်ကျမလာဘဲနဲ့ ကျွန်တော့်နံနက်ခင်းတွေ ပြီးဆုံးသွားခဲ့ ရတာချည်းပဲ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ပျော်စရာနံနက်ခင်းတွေပါ။ တကယ်တော့ ကျွန်တော်က လေးခွပစ်ချင်တာပါ။ ငှက်လိုချင်တာမှ မဟုတ်ဘဲ။
ကျွန်တော်အမေ့အိမ်ထဲ ဝင်သွားတယ်။
နှစ်ပေါင်းများစွာ အိမ်ပြန်မလာတဲ့သား။ အမေအရမ်း ဝမ်းသာသွားတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ငယ်ငယ်က လေးခွချိတ်ထားတဲ့ နေရာကိုပဲ တန်းတန်းမတ်မတ်သွားတယ်။ ဖုန်တွေတက်လို့ ပင့်ကူမျှင်တွေ ရစ်ပတ်နေပေမယ့် လေးခွရော သူ့ဘေးက လွယ်အိတ်ကလေးပါ ရှိနေသေးတယ်။ (အမေဘာလို့ ဒါတွေ ဒီအတိုင်း ထားခဲ့တာပါလိမ့်။) ကျွန်တော်တစ်ယောက် လွယ်အိတ်နဲ့လေးခွကိုကိုင်ပြီး ငိုင်နေမိတယ်။
အိမ်အပြင်ဘက် ကျွန်တော်တို့ ရပ်ကွက်ထဲမှာတော့ သစ်ပင်တွေ တစ်ပင်မှမရှိကြတော့ဘူး။ ငှက်တွေလည်း တစ်ကောင်မှမလာဘူး။ လွယ်အိတ်ထဲမှာ လောက်စာလုံးတစ်လုံးမှ မရှိသလို တကယ်တော့ အမေလည်းမရှိ၊ ကျွန်တော် ကိုယ်တိုင်လည်း မရှိတော့ပါလားကွယ်။
 

Most Read