(၁) ■ ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း မင့်၏သားငယ်၊ မင့်သက်လှယ်ကို အဘယ်တရား ဟောမည်နည်း။ ■ ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ၊ ဆန်း၏ပညာ ဟောစရာကား၊ အလွန်များ၏၊ မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင် လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့ မင့်သား သိစေချင်လှ၏။ ■ သူ့အစွမ်းကား၊ အခြားမဟုတ် အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ် ဗန်းပြအလှ၊ ပကာသနကို ပြာကျလောင်မြိုက်၊ သူ မီးတိုက်၏ ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ ကြုံရာဘဝ၊ မုတလုံလောက် ခံမြို့ဆောက်၏။ ထို့နောက်တစ်ဆင့်၊ မိုးထိလွင့်အောင် ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့် ပျံတလူလူ၊ သူထူခဲ့ကြောင်း ခေါင်းဆောင်သဘော၊ မင့်သားချောကို ပြောလိုက်ပါဘိ ဟောပါဘိ။၁၉၆၆ ခုနှစ်က လမ်းစဉ်သတင်းတွင် ဆရာဇော်ဂျီ ရေးသားခဲ့သော ‘သခင်အောင်ဆန်းတရား’ အမည်ရှိ ကဗျာ ဖြစ်ပါသည်။(၂)ဆရာဇော်ဂျီ၏ ဤကဗျာသည် ဗိုလ်ချုပ်အကြောင်းကို ရှင်းခနဲ၊ ပြတ်ခနဲ၊ လင်းခနဲ၊ လက်ခနဲ ခံစားကြည်ညိုမှုတို့ကို နှိုးဆွပေးနိုင်သော ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ ‘လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊ ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့၊ မင့်သားသိစေချင်လှ၏’ ဆိုသည့် အပိုဒ်များကို ရွတ်ဖတ်မိသည့် အခါတိုင်း မလုံမလဲနှင့် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဖြစ်သည်မှာလည်း အကြိမ်ကြိမ်အခါခါ။ အသက်နှစ်ဆယ်အရွယ် လူငယ်ကလေး အောင်ဆန်း၏ အစွမ်းများကား အံ့မခန်း။ ကြက်သီးဖြန်းဖြန်းထလောက်စရာ။ သူ့အစွမ်းများကား ပန်းတစ်ပွင့် ပန်ဆင်ထားလို့ တင့်တယ်နေသကဲ့သို့ တင့်တယ်လှသည်။ လှပလွန်းသည်။ ဒါတွေကို ဆရာပြောသလို ကျွန်တော့်သားအား သိစေချင်လှပါသည်။‘ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ၊ ဆန်း၏ပညာ၊ ဟောစရာကား၊ အလွန်များ၏’ တဲ့။ ဟုတ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရုံးရည်၊ နှလုံးရည် သတ္တိများ၊ ပြည်သူ့ရှေ့မှောက်တွင် ပြက်ပြက်ထင်ထင် အစစ်ဆေးခံဝံ့သော ဗိုလ်ချုပ်၏ ကိုယ်ကျင့်သီလ၊ သိက္ခာ၊ သမာဓိများ၊ ရာဇဝင်ကို သိရုံသာမဟုတ် ရာဇဝင်ကို ဖန်တီးနိုင်သူအဖြစ် ကြီးမားကျယ်ပြန့်လှသော ဗိုလ်ချုပ်၏ အသိပညာ အတွေးအခေါ် အယူအဆများ။ ဘယ်ရှုထောင့်၊ ဘယ်နယ်ပယ်ဘက်ကပဲဖြစ်ဖြစ် ဗိုလ်ချုပ်အကြောင်း ဟောစရာ ပြောစရာ တရားများကား အလွန်တရာ များပြားလှပါသည်။ ‘ဟောရင်းသာ လဲသေသွားနိုင်သည်’။ ဗိုလ်ချုပ်အကြောင်းတရားများကား ပြောမကုန်။ ဟောမကုန်။‘ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊ မင်း၏သားငယ်၊ မင့်သက်လှယ်ကို၊ အဘယ်တရား ဟောမည်နည်း။’ ဒီအပိုဒ်ကို ဆိုမိတိုင်း ကျွန်တော်သည် မောင်သစ်ဆင်း အမြဲဖြစ်သွားတတ်ပါသည်။ ဗိုလ်ချုပ်အကြောင်း များပြားလှသော ဟောစရာတရားတွေကို သားဖြစ်သူအား ပြောပြလိုက်ချင်သည်။ ဟောပြလိုက်ချင်သည်။ သားဖြစ်သူကို နာစမ်းစေချင်သည်။ အထူးသဖြင့် ရည်မှန်းချက်ညီ လူတစ်ယောက်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ထူထောင်အားထုတ်ခဲ့သည့် ဗိုလ်ချုပ်ကို အားကျစေချင်သည်။ အတုယူစေချင်သည်။ စာအလွန်ဖတ်ခဲ့သော ဗိုလ်ချုပ်၏စာဖတ်ပုံကို အရိပ်ခိုစေချင်သည်။ ဒီအတွက်ကြောင့် ဗိုလ်ချုပ်တရားကို သက်လှယ်သားမောင့်ကို ဟောချင်လှပါသည်။ ပြောချင်လှပါသည်။(၃)သို့သော် သားဖြစ်သူသည် ဆာတာကိုပဲ ပြောတတ်သည်။ စာအကြောင်း မပြောတတ်ပါ။ စာကိုတော့ ဖတ်ပါသည်။ သို့သော် ဗိုလ်ချုပ်လို စာအုပ်စာပေများကို ဖတ်ခြင်းမျိုး မဟုတ်ပါ။ ဖေ့စ်ဘွတ်ခ်က စာများကိုသာ ဖတ်ခြင်းဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရုံးရည်၊ နှလုံးရည် သတ္တိများ၊ ပြည်သူ့ရှေ့မှောက်တွင် ပြက်ပြက်ထင်ထင် အစစ်ဆေးခံဝံ့သော ဗိုလ်ချုပ်၏ ကိုယ်ကျင့်သီလ၊ သိက္ခာ၊ သမာဓိများ၊ ရာဇဝင်ကို သိရုံသာမဟုတ် ရာဇဝင်ကို ဖန်တီးနိုင်သူအဖြစ် ကြီးမားကျယ်ပြန့်လှသော ဗိုလ်ချုပ်၏ အသိပညာ အတွေးအခေါ် အယူအဆများ . . . . .
ဒူးထောက်လက်မြှောက် ခေါင်းငုံ့တိုင်း ပြည်ဘဝမှ ဒူးမထောက်လက်မမြှောက် ခေါင်းမော့တိုင်းပြည်ဖြစ်အောင် ဗိုလ်ချုပ်က လုပ်ဆောင်ပေးခဲ့သော်လည်း ကျွန်တော်တို့ သက်လှယ်သားမောင့်ငယ်နှင့် သမီးသက်လှယ် အများစုတို့သည် ဒူးမထောက်သော်လည်း လက်ကိုမြှောက်ကာ ခေါင်းငုံ့သူများ ဖြစ်နေကြပါပြီ။ ဘယ်နေရာ ဘယ်ဆီမှာပဲ ကြည့်လိုက်ကြည့်လိုက် သူတို့တွေကို ဖုန်းလေးတစ်လုံးနှင့် လက်ကလေးမြှောက်၊ ခေါင်းလေးတငုံ့ငုံ့ တွေ့ရပေလိမ့်မည်။ ဒါတွေကို မြင်ရလေတိုင်း ခေါင်းမော့နိုင်အောင်၊ လက်မမြှောက်ရလေအောင် လုပ်ဆောင်ပေးလေခဲ့သော ဗိုလ်ချုပ်ကို မျက်နှာပူမိပါသည်။(၄)တစ်ခါတလေ စိတ်ချဉ်ပေါက်ပေါက်နှင့် ဗိုလ်ချုပ်နှင့် ဖေ့စ်ဘွတ်ခ်ကို တီထွင်ခဲ့သူ မက်ခ်ဇူကာဘတ် ဘယ်သူ့ကို ပိုချစ်သလဲ။ ကျွန်တော့်သား အပါအဝင် သူနှင့် အလားတူ လူငယ်များကို မေးကြည့်ချင်စိတ် တဖွားဖွား ပေါ်လေ့ရှိပါသည်။ ‘ရင်ထဲရှိတဲ့အတိုင်း အမှန်အတိုင်း ဖြေပါ’ ဟု အတိအကျ မေးလိုစိတ်လည်း ဖြစ်မိသည်။ သို့သော် ကျွန်တော် မမေးရဲပါ။ သူတို့ရင်ထဲက အဖြေမှန်ကို ကြားရဲနိုင်စွမ်း မရှိသောကြောင့် ဖြစ်ပါသည်။(၅)ဖေ့စ်ဘွတ်ခ်ပဲဖြစ်ဖြစ်၊ ဗိုင်ဘာပဲဖြစ်ဖြစ် သူတို့ခေတ် သူတို့အခါ သူတို့ကံဇာတာ၏ အကြောင်းထင် အကျိုးပေးများ ဖြစ်လေရာ သုံးရကောင်းလားဟု (ပြောချင်သော်လည်း) မပြောဝံ့ပါ။ မဆိုဝံ့ရိုး အမှန်ပါ။ သူတစ်ပါးကို မဆိုထားနှင့် ကိုယ့်သားကိုပင် မပြောဝံ့ပါ။ ပြောသင့်သလောက် ပြောမိသော်လည်း နားမထောင်သဖြင့် မပြောရဲသည့်အဆင့်သို့ ရောက်လာခြင်းပင် ဖြစ်သည်။ ကမ္ဘာ့အမြင်၊ ကမ္ဘာ့မျက်စိနှင့်ကြည့်လျှင် ဖေ့စ်ဘွတ်ခ်မှာ သုံးသင့်သည့်အရာအဖြစ် လက်ခံရမည်သာဖြစ်သည်။ သို့သော် တစ်နေ့တစ်နေ့တွင် ဖေ့စ်ဘွတ်ခ်အတွက်ပေးသော အချိန်များမှာ လိုတာထက် ပိုလွန်းနေသည်မှာ အန္တရာယ်ဟု ထင်သည်။အလုပ်ချိန်သည်လည်း ဖေ့စ်ဘွတ်ခ် အချိန်။ စာကျက်ချိန်သည်လည်း ဖေ့စ်ဘွတ်ခ် အချိန်။ အနားယူရမည့် အချိန်သည်လည်း ဖေ့စ်ဘွတ်ခ် အချိန်။ ထမင်းစားချိန်သည်လည်း ဖေ့စ်ဘွတ်ခ် အချိန်။ ကိုယ်ပိုင်အချိန်ရော သူတစ်ပါးပိုင် အချိန်တွေပါ ရသမျှ အချိန်အားလုံးသည် ဖေ့စ်ဘွတ်ခ်အချိန်များ ဖြစ်လာသည်။ဤသို့သော အခြေအနေတွင် ဟောစရာ ပြောစရာ များပြားလှသော ဗိုလ်ချုပ်တရားကို ဘယ်လိုလုပ်ပြီး ဟောလို့ရပါတော့မည်နည်း။ သူတစ်ပါး၏ သားသမီးများကိုတော့ မပြောတတ်ပါ။ ကိုယ့်သားသမီး ကိုယ့်နီးနားဝန်းကျင်နှင့် ကိုယ်တွေ့ကို ပြောရမည်ဆိုလျှင် ဗိုလ်ချုပ်သည် ဗြိတိသျှနှင့် ဂျပန်တို့ကို အောင်မြင်စွာ တော်လှန်နိုင်ခဲ့သော်လည်း ဖေ့စ်ဘွတ်ခ်အသုံးလွန် တော်လှန်ရေးကိုမူ လက်လျှော့ရလိမ့်မည် ထင်သည်။(၆)လွန်ခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က ကျွန်တော်တို့နားက ၄၉ လမ်းတွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်၏ ရာပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲကို သွားရောက်နားထောင်ဖြစ်ပါသည်။ ဟောပြောသူများကလည်း နာမည်ကျော် ဆရာကြီးများဖြစ်ရာ ပရိသတ်ပေါင်း ခြောက်ရာကျော် ခုနစ်ရာနီးပါးတွင် လူငယ်ပရိသတ်က သုံးပုံနှစ်ပုံခန့် ပါဝင်နေသည်ကို တွေ့ရသည့်အတွက် ဝမ်းသာကြည်နူးမိပါသည်။ (ကျွန်တော့်သားတော့ မပါဝင်ပါ။)(၇)အိုအချင်း ကိုယ့်ဆရာအပေါင်းတို့။ ဗိုလ်ချုပ်သည် အသင်တို့ အကျွနု်ပ်တို့ကို သူ့ကျွန်ဘဝမှ ကယ်တင်ပေးနိုင်ရန် ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ၊ ကြုံရာဘဝ၊ မုတလုံလောက်၊ ခံမြို့ဆောက်ခဲ့သူ ဖြစ်ပါ၏။ ရိုးကျင့်မြင့်ကြံ အလံတံခွန်ကို ပျံတလူလူ ထူပြခဲ့သူလည်း ဖြစ်ပါ၏။ ထိုသို့သော ဗိုလ်ချုပ်အကြောင်းကို ဟောပြောပြသခြင်း၊ သိစေခြင်း၊ နားလည်စေခြင်းဖြင့် မက်ခ်ဇူကာဘတ်၏ လက်ထဲမှ ကျွန်တော်တို့၏ မျိုးဆက်သစ် လူငယ်များကို ကယ်တင်ပေးကြပါကုန်လော့။ ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ၊ ကြုံ ရာဘဝ၊ မုတလုံလောက်၊ ခံမြို့ဆောက်တတ်သူတွေဖြစ်အောင် ပြောလိုက်ကြပါဘိ။ ဟောလိုက်ကြပါဘိလော့။