(၁)သမိုင်းမော်ကွန်းများကို တင်ပြရာတွင် သိသာထင်ရှားသည်များကိုသာ ဖော်ပြ၍ လူသိနည်းသော ဖြစ်ရပ်များ တင်ပြမှုက အလွန်ရှားပါးနေသည်။ သို့အတွက် နေသူရိန် အစည်းအဝေးကြီးအကြောင်း ရှာဖွေ တင်ပြလိုက်ပါသည်။ နေသူရိန် အစည်းအဝေးကြီးအကြောင်း တင်ပြရာတွင် ဖက်ဆစ်တော်လှန်ရေး နောက်ပိုင်းကာလကို စတင်ပြပါမည်။၁၉၄၅ သြဂုတ် ၁၄ ရက်နေ့က ဂျပန်များ တရားဝင် လက်နက်ချခဲ့ရာ ဒုတိယကမ္ဘာစစ်ကြီးလည်း ပြီးဆုံးသွားခဲ့လေသည်။ စစ်ကြီးအပြီးတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့) များ လှုပ်ရှားမှု နေရာအနှံ့ ပေါ်ခဲ့ပါသည်။ စစ်ကြီးအပြီး တစ်ပတ်အကြာတွင် သြဂုတ်လ ၁၉ ရက်နေ့က နေသူရိန်ရုံကြီး၌ အစည်းအဝေးကြီး လုပ်နိုင်ခဲ့သဖြင့် နေသူရိန် အစည်းအဝေးဟု ခေါ်တွင်ခဲ့ကြခြင်း ဖြစ်သည်။(၂)နေသူရိန် အစည်းအဝေး ဖြစ်ပေါ်လာခြင်းဗမာ့လွတ်လပ်ရေးတိုက်ပွဲ (The Last Phase of National Struggle) သမိုင်းတွင် ဤနေသူရိန် အစည်းအဝေးကြီးမှာ လွန်စွာထင်ရှားပါသည်။ ဗမာ့တပ်မတော် အနေဖြင့် ဗြိတိသျှများနှင့် ပူးပေါင်းကာ ဂျပန်ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သော်လည်း တော်လှန်ရေးကာလ အပြီးတွင် ဗြိတိသျှတို့က တပ်မတော်အပေါ် မလိုတမာ ပြောဆိုမှုများ ရှိလာခဲ့သည်။မိမိတို့ တပ်မတော်က ရန်ကုန်မြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် အရှေ့တောင်အာရှ မဟာမိတ် စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်အောက်တွင် နေခဲ့ရသည်။ ထိုအချိန်တွင် ဗြိတိသျှတပ် အချို့သည် ဗမာ့တပ်မတော်ကို အထင်သေးအမြင်သေးဖြင့် ဆက်ဆံလာကြောင်း၊ မောင့်ဘက်တန်လက်အောက်ရှိ ဗိုလ်ချုပ်ပီးယား (Major General peieer) နှင့် ဗြိတိသျှအရာရှိ အချို့က (အောင်ဆန်းသည် ငါတို့အတွက် အကူအညီရသည်ထက် အနှောင့်အယှက်က ပိုများကြောင်း၊ သို့အတွက် ဖတပလတစ်ဖွဲ့လုံးကို ဖျက်သိမ်းပြီး အောင်ဆန်းကိုပါ အရေးယူသင့်ကြောင်း) အကြံပေးပြောကြားခဲ့သည်။သူတို့က ဗိုလ်ချုပ်ဦးစီးသည့် တပ်မတော်အနေဖြင့် နှစ်ခွအကောက်ကြံ၍ အတွင်းကျိတ် ဆင်ကြံကြံနေသည်ဟု စွပ်စွဲခဲ့သည်။ အမှန်မှာ နှစ်ခွ Policy ကို ဗိုလ်ချုပ်ကြံစည်မှု မရှိခဲ့ပါ။ ဗိုလ်ချုပ်မှာ မောင့်ဘက်တန်နှင့် တိုက်ဖော်တိုက်ဖက်ဖြစ်၏။ လော့ဒ်မောင့်ဘက်တန်က ညွန့်ပေါင်းအစိုးရဖွဲ့စည်းပြီး ဗိုလ်ချုပ်ကို တာဝန်ယူစေလိုသော်လည်း ဘုရင်ခံ ဒေါ်မန်စမစ်ကမူ ၁၉၃၅ ခု အက်ဥပဒေအမှတ်(၁၃၉) အရ အချိန်ကာလ မတိုင်သေးမီအတွင်း ဘုရင်ခံတစ်ဦးတည်းကသာ တိုက်ရိုက်ကိုင်တွယ် အုပ်ချုပ်သင့်သည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။(၃)ဤသို့ဖြင့် ၁၉၄၅ ခုနှစ် ဇွန်လအတွင်း မောင့်ဘက်တန်နှင့် ဗိုလ်ချုပ်တို့ သဘောတူ ဆွေးနွေးသည်များကို ဖယ်ရှားပြီး (၃၁၊ ၆၊ ၁၉၄၅) ရက်နေ့တွင် ဗမာ့မျိုးချစ်တပ်မတော်ကို ဖျက်သိမ်းလိုက်သည်။ သို့အတွက် ဗမာ့တပ်မတော် ခေါင်းဆောင်များနှင့် ဖတပလ အဖွဲ့ဝင်များ တိုင်ပင်ဆွေးနွေးကာ နိုင်ငံတကာ ဖြစ်ရပ်များအပေါ် မူတည်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။
စစ်ကြီးအပြီးတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖတပလ (ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့) များ လှုပ်ရှားမှု နေရာအနှံ့ ပေါ်ခဲ့ပါသည်။ စစ်ကြီးအပြီး တစ်ပတ်အကြာတွင် သြဂုတ်လ ၁၉ ရက်နေ့က နေသူရိန်ရုံကြီး၌ အစည်းအဝေးကြီး လုပ်နိုင်ခဲ့သဖြင့် နေသူရိန် အစည်းအဝေးဟု . . . . .
ထိုသို့ ဆုံးဖြတ်သည့် အစည်းအဝေးတွင် တက်ရောက်သူများက အဆိုလေးရပ် တင်သွင်းခဲ့ပါသည်။ ဆုံးဖြတ်ချက်များကို ဗြိတိသျှဝန်ကြီးချုပ် အရှေ့တောင်အာရှ မဟာမိတ် တပ်ပေါင်းစု ဦးစီးချုပ်၊ ကြည်းတပ်များ၏ သဘာပတိ၊ ဗမာပြည်ဘုရင်ခံတို့ထံ ဖြန့်ခွဲပေးပို့ခဲ့သည်။ ထို့နောက် ဖတပလအဖွဲ့သည် သြဂုတ်လ ၁၉ ရက်နေ့တွင် နေသူရိန် ရုံတော်ကြီး၌ ပြည်သူ့အစည်းအဝေးကြီးတစ်ခု ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် ဒီးဒုတ်ဦးဘချိုက တပ်မတော်ဖွဲ့စည်းရေး အဆိုကို တင်သွင်းရာ မျိုးချစ်ခေါင်းဆောင်ဝန်ကြီး ဦးအေးက ထောက်ခံခဲ့သည်။ကရင်ခေါင်းဆောင် မန်းဘခိုင်ကလည်း (တပ်မတော်ဟာ ကျုပ်တို့ရဲ့ ကျေးဇူးရှင် ဖြစ်တယ်။ ဂျပန်ဆီက လွတ်လပ်ရေး ရအောင်ယူပြီး လက်နက်ကိုင်ကာ ဗြိတိသျှကို တိုက်နိုင်တာ ချီးကျူးဖို့ကောင်းတယ်။ ကရင်၊ ဗမာ ပူးပေါင်းရေး အပြည့်အ၀ ထောက်ခံပါတယ်) ဟု ပြောကြားခဲ့သည်။ မန်းဘခိုင်၏ ပြောကြားချက်ကို ဗိုလ်ချုပ်က သဘောတူကြောင်း ထပ်မံပြောဆိုသည်။(၄)ထိုအစည်းအဝေး၌ ဖတပလအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်က သဘာပတိမိန့်ခွန်း ပြောဆိုရာ၌ -(ဖက်ဆစ်တော်လှန်ရေး ကာလအတွင်း ဖတပလအဖွဲ့ချုပ်နှင့် မျိုးချစ်တပ်မတော်တို့ ပူးတွဲတိုက်ပွဲဝင်ခဲ့ကြပုံ၊ တော်လှန်ရေးအောင်မြင်ကာ ဗမာပြည်ကြီး မကြာမီ အောင်ပွဲရနိုင်ပုံတို့ကို ပြောဆိုသည်။ ကမ္ဘာ့အခြေအနေနှင့် ဗမာ့အခြေအနေကို သုံးသပ်လျှင် မိမိတို့ ကြိုးပမ်းမှုမှာ အလဟဿမ ဖြစ်နိုင်ကြောင်း သဘာပတိ မိန့်ခွန်းပြောသည်။)(ကျုပ်တို့တပ်မတော်ကို ဗြိတိသျှအစိုးရရဲ့ ဗမာ့တပ်မတော်လို့တောင် ပြောနေကြတယ်။ ဒါဟာ တစ်စိတ်တစ်ပိုင်း မှန်တယ်။ ဒါပေမဲ့ ယခု နေသူရိန် အစည်းအဝေးကြီးမှ တပ်မတော်အတွက် တောင်းဆိုစရာများ ပြောကြားရလိမ့်မယ်။ တပ်မတော်သား ၁၀၀ မှ ၉၉ ယောက်ဟာ ဗြိတိသျှအောက်မှာ မနေလိုကြဘူး။ ဒါကြောင့် လွတ်လပ်သော တပ်မတော်၊ လွတ်လပ်သော တိုင်းပြည်ဖြစ်အောင် ညီညီညွတ်ညွတ် ဆုံးဖြတ်ကြပါ) စသည်ဖြင့် ပြောခဲ့သည်။နေသူရိန် အစည်းအဝေးမှ အတည်ပြုခဲ့သော ညီညွတ်ရေးတပ်မတော် ထူထောင်ရေးကို မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ ပျဉ်းမနား၊ ပဲခူး၊ တောင်ငူ၊ သာယာဝတီ လူထုအစည်းအဝေးတွေကလည်း သဘောတူ ထောက်ခံခဲ့လေသည်။ သို့အတွက် ဗြိတိသျှများက အရှေ့တောင်အာရှ၏ ဌာနချုပ် ကန္နီအစည်းအဝေးသို့ ဗိုလ်ချုပ်နှင့်တကွ ဖတပလအဖွဲ့ဝင်များကို ဖိတ်ကြားခဲ့ရကြောင်း နေသူရိန်အစည်းအဝေး၏ အရှိန်အဟုန်များကို တင်ပြရပါသည်။ကျမ်းကိုး- သတင်းစာပြောသော စစ်အတွင်းက ဗမာပြည်(လူထုဦးလှ)- နေသူရိန်အစည်းအဝေး (စစ်ပညာဂျာနယ်- ရဲထွန်း)