လာမယ့် ၂၀၁၅ ဖေဖော်ဝါရီ ၁၃ ရက်နေ့ဆိုရင် လွတ်လပ်ရေးဖခင်ကြီးလို့ပဲ ခေါ်ခေါ် အမျိုးသားခေါင်းဆောင်ကြီးလို့ပဲ ပြောပြော အာဇာနည်ခေါင်းဆောင်ကြီးလို့ပဲ ဆိုဆို ကြိုက်သလို အမည်ကင်ပွန်းတပ်နိုင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၀၀ ပြည့်မြောက်တဲ့နေ့ကို ရောက်တော့မှာပါ။လူ့သက်တမ်း နှစ် ၁၀၀ လို့ ဆိုကြပေမယ့် ဒီကနေ့ ဒီအချိန်မှာတော့ အများဆုံး နေရလှ ၆၀ ကျော်၊ ၇၀ ကျော်ဆိုရင်ပဲ တော်လှပါပြီလို့ ပြောကြတဲ့သူတွေက များပါတယ်။ လူတစ်ယောက်အနေနဲ့ အသက်ရှိထင်ရှား ရှိနေချိန်မှာ သူနဲ့နှီးနွှယ်ပတ်သက်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ ညီအစ်ကို မောင်နှမသားချင်းတွေက သူ့ကို သတိရကြတယ်။ သူ့အကြောင်းကို ပြောကြတယ်။ သူနဲ့ပတ်သက်တဲ့ မွေးနေ့ပွဲတွေ ကျင်းပကြတယ်ဆိုတာ သာမန်ယဉ်ကျေးမှုတစ်ခု အနေနဲ့ ဒါမှမဟုတ် အစဉ်အလာတစ်ရပ် အနေနဲ့သာ ကျင်းပကြတာမို့ ထူးတယ်၊ ဆန်းတယ်ရယ်လို့ မဆိုသာပါဘူး။ ဒါပေမဲ့ သက်ရှိထင်ရှား မရှိတော့တဲ့ လူတစ်ယောက်ကို သူနဲ့ပတ်သက်တဲ့သူရော သူ့ကို မသိလိုက်၊ မမီလိုက် နာမည်လေးကြားဖူးရုံသာရှိတဲ့ လူတွေကပါ သူ့ကို အောက်မေ့ကြတယ်။ သူ့ကို လွမ်းဆွတ်တမ်းတကြတယ်။ သူ့ကို သတိတရနဲ့ ရှိကြတယ် ဆိုတာကတော့ သာမန်ထက် လွန်ကဲတဲ့ ဖြစ်စဉ်တစ်ရပ်မို့ အင်မတန်ပဲ ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ဒီထက်ပိုပြီး နှစ်သက်ကြည်နူးစရာ ကောင်းတာကတော့ သူ့ကျေးဇူးကို အစဉ်သဖြင့် သတိရပြီး အထိမ်းအမှတ်ပွဲကလေးတွေ ကျင်းပကြတယ် ဆိုတာတွေကြည့်ရင် ကွယ်လွန်ရှာသူရဲ့ ဂုဏ်နဲ့ ကျေးဇူးတရားဟာ ကျန်ရစ်သူ လူအများရဲ့ နှလုံးသားထဲမှာ နက်နက်နဲနဲ စွဲမြဲပြီး ကျန်နေခဲ့လို့ပဲဆိုတာ သိသာထင်ရှား စေပါတယ်။ အမှန်လည်း ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ အမည်နဲ့ လူတစ်ယောက်ဟာ မြန်မာပြည်သူတွေရဲ့ နှလုံးသည်းပွတ်မှာတော့ ကမ္ဘာသာ ကြေသွားမယ်၊ မေ့နိုင်စရာတော့ မဟုတ်တာ အမှန်ပါ။ သူ့ကို ပြည်သူတွေက ချစ်တယ်ဆိုတာ သူ့ရဲ့ ရိုးသားမှုကို ချစ်တာပါ။ သူ့အတွက်၊ သူ့ဖို့ရယ်လို့ ဘာတစ်ခုမှမပါဘဲ အသက်နဲ့ ဘဝကို စွန့်လွှတ်ပြီး တိုင်းပြည်အတွက် သက်သက်လုပ်ကိုင်သွားခဲ့တဲ့ သူ့ရဲ့လုပ်ရပ်ကို တန်ဖိုးထား လေးစားကြတာပါ။ အမှန်တရားကို မြတ်နိုးပြီး သူကိုယ်တိုင် ဖြောင့်ဖြောင့်မတ်မတ်နဲ့ ကျင့်ကြံနေထိုင်သွားခဲ့တဲ့ စံနမူနာပြုစရာ စိတ်ဓာတ်ကို အားကျဂုဏ်ယူတာပါ။ အနစ်နာခံစရာရှိရင် ရှေ့က အခွင့်အရေးရစရာရှိရင် နောက်ဆုံးကပဲ နေမယ်ဆိုတဲ့ ကိုယ်ကျိုးအတ္တမပါတဲ့ ခေါင်းဆောင်ကောင်းတစ်ဦးရဲ့ တည်ကြည်တဲ့နှလုံးသားကို အသိအမှတ်ပြု နှစ်သက်ကြတာပါ။ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဒီလို လူမျိုးပါလားလို့ သိခွင့်ရခဲ့တဲ့ မျိုးဆက်သစ် လူငယ်တွေ အဖို့မှာလည်း သူ့ကို လူအားဖြင့် မမြင်ဖူးသည့်တိုင် သူ့လုပ်ရပ်ကို ချစ်ခင်အားကျပြီး သူ့အတွက် ဂုဏ်ပြုတယ်ဆိုတာ သူ့ရဲ့ဂုဏ်ကို လေးစားတန်ဖိုးထားကြောင်း ဖော်ပြကြတာပဲမို့ အင်မတန်မှ လုပ်သင့်တဲ့ ရာပြည့်ပွဲလို့ပဲ ဆိုချင်ပါတယ်။ ဒီရာပြည့်ပွဲကို ကိုယ်တိုင် ကြုံခွင့်ရတော့မှာမို့ စာရေးသူကိုယ်တိုင်လည်း အတော်ပဲ ရင်ထဲမှာ ကြည်နူးမိပါတယ်။
သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ သိက္ခာက သူ့အသက်ထက် အပုံကြီး ရင့်သန်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားတဲ့ သူ့ရဲ့စေတနာက သူ့အသက်ထက် အတိုင်းအဆ ရာထောင်မကအောင် မြင့်မြတ်ဖြူစင်ပါတယ် . . . . .
ဒါပေမဲ့ တစ်ခုပြောချင်တာက သူ့ကိုချစ်တာ သူ့ကိုလေးစားတာ သူ့ရဲ့လုပ်ရပ်တွေကို တန်ဖိုးထားတာ အလွန်ကောင်းပါတယ်။ ဒါ့ထက် ပိုပြီးကောင်းတာကတော့ သူ့ကိုချစ်ရင် သူ့ကိုလေးစားရင် သူ့ကိုတန်ဖိုးထားရင် သူ့စကားကို နားထောင်ပြီး သူမျှော်မှန်းခဲ့တဲ့ တိုင်းပြည်မျိုးဖြစ်အောင် သူဖြစ်စေချင်တဲ့ လူမျိုးဖြစ်အောင် ကြိုးစားပြီး နေထိုင်ကြဖို့ လိုပါတယ်။ သူမသေခင်မှာခဲ့တဲ့ စကားတွေထဲမှာ ပြည်သူတွေ စည်းကမ်းရှိဖို့ အမြဲမှာလေ့ ရှိပါတယ်။ လွတ်လပ်ရေးဆိုတာ စည်းနဲ့ကမ်းနဲ့ သဘောမျိုး ရှိပါတယ်။ စည်းကမ်းရှိမှလည်း လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့လူမျိုး ဖြစ်မယ်ဆိုတာ အမြဲမှာလေ့ ရှိပါတယ်။ ကျွန်တော်တို့ သူ့ကို တကယ်ချစ်ရင် လွတ်လပ်ရေးနဲ့ ထိုက်တန်တဲ့ လူမျိုးဖြစ်အောင် စည်းကမ်းရှိကြဖို့ လိုပါတယ်။နောက်တစ်ခု မှာလေ့ရှိတာက အလုပ်လုပ်ကြဖို့ပါပဲ။ လူတွေဟာ လွတ်လပ်ရေးရပြီ ဆိုတာနဲ့ ပဒေသာပင်မြေက ပေါက်သလို ပေါက်လာလိမ့်မယ် ထင်တဲ့သူတွေက များပါတယ်။ အလုပ်မလုပ်ဘဲနဲ့တော့ ပဒေသာပင်ဟာ မြေက အလိုလိုပေါက်လာမှာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိအောင် ပြောသွားတာပါ။ အလုပ်လုပ်တဲ့ နေရာမှာလည်း အတော့်ကို ပြဲနေအောင်လုပ်ကြပါလို့ မှာခဲ့တာ။ ကျွန်တော်တို့လူမျိုးက ဆန်အိုးထဲ ဆန်လက်တစ်ခုပ်လောက်ရှိရင် တော်ရုံ အလုပ်ပျင်းတတ်ကြတာသိလို့ မှာခဲ့တာပါ။ ကိုယ့်နိုင်ငံက ဆင်းရဲတယ်၊ ဘာမှပြည့်ပြည့်စုံစုံရှိတာ မဟုတ်လေတော့ ကိုယ်က အတော်ကြိုးစားနိုင်မှ ဖြစ်မှာပါ။ ဒါကြောင့်လည်း အခြားလွတ်လပ်တဲ့ နိုင်ငံတွေက ခြေလှမ်းတစ်လှမ်း လှမ်းရင် ကျွန်တော်တို့တွေက လေးငါးဆယ်လှမ်း လှမ်းနိုင်မှ တော်ကာကျရုံ အဆင့်ပဲ ရှိတာပါ။ ဒါပေမဲ့ ဒီကနေ့ဆို ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေး မပြေလည်မှုတွေနဲ့ ထွေးလုံးရစ်ပတ်ဖြစ်ပြီး ခြေတစ်လှမ်းမှ ရှေ့မရောက်သေးတာ သတိပြုမိကြမယ်ဆိုရင် သူတွေးပြီး ပြောခဲ့တာ မလွန်ဘူးထင်ပါတယ်။အဖွဲ့အစည်း တစ်ခုပဲဖြစ်ဖြစ် မိသားစု တစ်စုပဲဖြစ်ဖြစ် ညီညီညွတ်ညွတ်နဲ့ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းနိုင်မှ အဖွဲ့အစည်းလည်း တိုးတက်တယ်။ မိသားစုလည်း အဆင်ပြေနိုင်တဲ့သဘော ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ဆိုရင်တော့ နိုင်ငံကို မှီတင်းနေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေ တိုင်းရင်းသားလူမျိုးစုတွေ အချင်းချင်း ညီညွတ်မှသာ ဒီတိုင်းပြည်လည်း အေးချမ်းနိုင်မယ်။ တိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကိုလည်း လုပ်ဆောင်နိုင်မှာဖြစ်လို့ အချင်းချင်း ညီညွတ်ရေးရှိကြဖို့လည်း သူက မမေ့မလျော့ မှာခဲ့ပါတယ်။ တိုင်းသူပြည်သား အချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ ဒီညီညွတ်ရေး မရှိသမျှ ကာလပတ်လုံး တိုင်းပြည်ဟာ လွတ်လပ်ရေး ရပင်ရငြားသော်လည်း ဒီကနေ့ လွတ်လပ်ပြီး နောက်တစ်နေ့ သူများလက်ထဲ ပြန်ပါသွားနိုင်တယ်ဆိုတာ သူက လေးလေးနက်နက် မှာခဲ့တာပါ။ခုလည်း သူပြောသလို လွတ်လပ်ရေးတော့ ရပါရဲ့။ ဒါပေမဲ့ အချင်းချင်းက မညီညွတ်ကြပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက လူမျိုးတိုင်းမှာလိုလို ရှိနေတော့ တိုက်ကြခိုက်ကြ သေကြကြေကြနဲ့ စစ်ဘေးစစ်ဒဏ်ကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေဆိုတာလည်း အိမ်နီးချင်းနိုင်ငံမှာ အများကြီးမှ အများကြီးပါ။ ဒီလို ဒုက္ခသည်တွေအနေနဲ့ လွတ်လပ်တဲ့နိုင်ငံ ရှိပါလျက်နဲ့၊ လွတ်လပ်တဲ့လူမျိုး ဖြစ်ပါလျက်နဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်အေးချမ်းတဲ့ ဘဝတစ်ခုကို ဘယ်မှာတည်ဆောက်နိုင်ပါတော့မလဲ။ ဒါကပဲ လွတ်လပ်ရေးဆုံးရှုံးရခြင်းတစ်မျိုး ဖြစ်တာမို့ အချင်းချင်း မညီညွတ်ခြင်းရဲ့ အကျိုးဆက်ကို ခံစားနေရတာပဲလို့ ဆိုနိုင်ပါတယ်။ဒါတင်လားဆိုတော့ ကိုယ့်နိုင်ငံမှာတင် ရှာစားစရာ ထမင်းက မရှိတာမို့ သူများနိုင်ငံမှာ တရားမဝင် သွားရောက်လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေကလည်း အများကြီးပါ။ အတိအကျ မဟုတ်ပေမယ့် နိုင်ငံကနေထွက်ပြီး တစ်ပြည်တစ်နိုင်ငံမှာ သူများပေးသမျှယူ သူများကျွေးသမျှစား နှိပ်စက်တာခံ အသက်နဲ့ရင်းပြီး နေထိုင်လုပ်ကိုင်နေကြရတဲ့ တရားမဝင် အလုပ်သမားဦးရေဟာ သန်းနဲ့ချီပြီး ရှိနေပါတယ်။ သူတို့တွေကကော ဘယ်မှာ လွတ်လပ်ရေးရဲ့ အရသာကို ခံစားကြရပါ့မလဲ။ ဒါလည်း တိုင်းပြည်ဟာ စီးပွားရေးကို အာရုံစိုက်မလုပ်နိုင်ဘဲ နိုင်ငံရေးနဲ့ ထွေးလုံးရစ်ပတ် ဖြစ်နေကြရတဲ့ မအေးချမ်းမှုဒဏ်ကို ခံစားရသူတွေလို့ ဆိုနိုင်ပါတယ်။ကျွန်တော်တို့က သူ့ကို ဗိုလ်ချုပ်လို့ ခေါ်ပါတယ်။ တကယ်လည်း သူက စစ်သားပါ။ ဒါပေမဲ့ တကယ့် မျိုးချစ်စစ်သားပါ။ သူကိုယ်တိုင် ဗိုလ်လုပ်ချင်လွန်းလို့ အာဏာကို လက်ကိုင်ပြုပြီး ကိုယ်ကျိုးရှာချင်လို့လုပ်တဲ့ စစ်သားမျိုးတော့ မဟုတ်ပါဘူး။ သူက တိုင်းပြည်ကို အလုပ်အကျွေးပြုချင်တဲ့ စစ်သားမျိုးပါ။ စစ်သားဆိုတာ ပြည်သူရဲ့ အလုပ်အကျွေးသာလျှင် ဖြစ်ရမယ်လို့ သူရှိစဉ်က သူ့ရဲဘော်တွေကို မှာခဲ့သူပါ။ သူကိုယ်တိုင်လည်း ဒီအတိုင်းနေခဲ့တဲ့သူပါ သူသာ ကိုယ်ကျိုးရှာချင်ရင် ဂျပန်ခေတ် စစ်ဝန်ကြီးရာထူး ရကတည်းက မြန်မာတစ်နိုင်ငံလုံးကို သူ့စိတ်တိုင်းကျ သွန်လိုသွန်မှောက်လို မှောက်လုပ်နိုင်ပါလျက်နဲ့ လုပ်ခဲ့တဲ့သူလည်း မဟုတ်ပါဘူး။ သူက ပြည်သူတွေထက်တောင်မှ ဆင်းရဲသွားရပါသေးတယ်။ခြုံပြီးပြောရရင် သူမြန်မာပြည်မှာမွေးပြီး မြန်မာလူမျိုးတစ်ယောက် ဖြစ်လာခဲ့တာ မြန်မာလူမျိုးတွေ လွတ်လွတ်လပ်လပ်နဲ့ အေးချမ်းသာယာတဲ့ လူ့ဘောင်ဘဝကြီး တည်ဆောက်နိုင်ဖို့အတွက် စွန့်လွှတ်ပေးဆပ် အနစ်နာခံဖို့သက်သက် လူဖြစ်လာခဲ့တာပါ။ သူ့ဘဝဆိုတာ သူ့လူမျိုးပါ။ သူ့အသက်ဆိုတာ မြန်မာနိုင်ငံ အတွက်ပါ။ ဒီအတွက် ရှင်သန်လူဖြစ်ခဲ့ရတဲ့ အချိန်ကတော့ သိပ်မကြာပါဘူး။ ၃၂ နှစ်ပဲ ကြာခဲ့ပါတယ်။ ပြောရရင် လူငယ်သာသာ အရွယ်ပါ။ ဒါပေမဲ့ သူ့ရဲ့ အမြော်အမြင်က သူ့အသက်ထက် ကြီးပါတယ်။ သူ့ရဲ့မျိုးချစ်စိတ်က သူ့အသက်ထက် အများကြီး ပိုပြီးပြင်းထန်ပါတယ်။ သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ သိက္ခာက သူ့အသက်ထက် အပုံကြီး ရင့်သန်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားတဲ့ သူ့ရဲ့စေတနာက သူ့အသက်ထက် အတိုင်းအဆ ရာထောင်မကအောင် မြင့်မြတ်ဖြူစင်ပါတယ်။ ဒီလို လူတစ်ယောက်ကို တိုင်းပြည်နဲ့ လူမျိုးက ချစ်တယ်။ သူ့ရဲ့ဂုဏ်နဲ့ ကျေးဇူးတရားကို မမေ့မလျော့ အောက်မေ့တယ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကျေးဇူးတင် ဂုဏ်ပြုမှုဖြစ်တာမို့ လူမျိုးနဲ့ချီပြီး ကြုံရတဲ့ မင်္ဂလာတစ်ပါးလို့သာ ဆိုချင်ပါတော့တယ်။ သူကတော့ မြန်မာပြည်သူတွေအတွက် အနှစ်တစ်ရာ အနှစ်တစ်ထောင် အနှစ်တစ်သောင်း မမေ့ကောင်းတဲ့ လူတစ်ယောက်ပါ။ ကျွန်တော့်အနေနဲ့လည်း သူ့ကို အမှတ်တရနဲ့ ကဗျာလေးတစ်ပုဒ် ဖျတ်ခနဲပဲ လက်တန်းစပ်မိလိုက်တာလေးက-အပြစ်အနာ မတွေ့ချစ်သဒ္ဓါ အငွေ့မေတ္တာလည်း အပြည့်နဲ့မို့အနှစ်တစ်ရာလဲ မမေ့နိုင်ပါပြီ ဆိုတဲ့ ကဗျာလေးပါပဲ။ သြော် အချစ်ပါပါ အနှစ်ပါပါနဲ့ မကြာခင် အနှစ်တစ်ရာ ပြည့်တော့မှာပါလား။