အပြန်အလှန်

အပြန်အလှန်
Published 22 January 2015
သဲသီရိကျော်

ဟိုတစ်လောက City Mart မှာဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုကို လူတော်တော်များများ သတိပြုမိမယ်ထင်ပါတယ်။ သူတို့ City Mart မှာ ဈေးလာဝယ်ပြီး ပြန်ထွက်သွားတဲ့ အမျိုးသမီးတစ်ယောက်ကို ထီးတစ်ချောင်းကိုငွေမရှင်းဘဲ ခိုးယူသွားပါတယ်ဆိုပြီး လုံခြုံရေးဝန်ထမ်းတွေက လူအများကြားမှာ အတင်းဖမ်းချုပ် ခေါ်ဆောင်လာခဲ့ပြီးမှ သူတို့ဘက်က မှားယွင်းစွပ်စွဲမိတာကို သိခဲ့တဲ့အဖြစ်အပျက်တစ်ခုပါ။
 
ဒီအဖြစ်အပျက်က သတင်းစာ၊ ဂျာနယ်တွေပေါ်မှာသာမက လူသန်းပေါင်းများစွာ အသုံးပြုနေတဲ့ အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေထက်မှာပါ ပလူပျံအောင် ပါဝင်ခဲ့တာပါ။ စွပ်စွဲခဲ့တဲ့သူတွေက အဲ့ဒီနေရာမှာတင် “ဆောရီး” ဆိုတဲ့စကားတစ်ခွန်းနဲ့ သူတို့စွပ်စွဲခဲ့မှုတွေကို ကျေအေးလိုက်နိုင်ပေမယ့် စွပ်စွဲခံရတဲ့ဆေးတက္ကသိုလ်က ဆရာမကတော့ သတင်းစာထဲကနေတစ်ဆင့် တောင်းပန်ဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ Shopping Center  က တာဝန်ရှိသူတွေက သူတို့ရဲ့ဂုဏ်သိက္ခာအတွက် သတင်းစာတွေကနေတော့ မတောင်းပန်နိုင်ဘူးလို့လည်း ဆိုလာပါတယ်။ 
 
ကျွန်မတို့အနေနဲ့ရော ဒီအဖြစ်အပျက်ကို သိပြီးတဲ့နောက်မှာ ဘယ်လိုအတွေးမျိုး၊ ဘယ်လိုဆုံးဖြတ်ချက်မျိုးတွေ ရှိလာကြပါသလဲ။ ငါနဲ့ဘာဆိုင်တာမှတ်လို့၊ သူ့ဘာသာသူ အနေအထိုင်မတတ်လို့ဖြစ်တာပဲဆိုပြီး ကိုယ်နဲ့မဆိုင်သလို လျစ်လျူရှုထားမလား။ တကယ်လို့များ အဲ့ဒီလိုစွပ်စွဲခံရတဲ့ အမျိုးသမီးနေရာမှာ ကိုယ်သာဆိုရင်ရော၊ ကိုယ့်ကို သူတို့ဆီကပစ္စည်းတစ်ခုကို ငွေမရှင်းဘဲ မသိအောင်ခိုးယူသွားပါတယ်ဆိုပြီး လူအများကြားမှာ စွပ်စွဲပြောဆို ချုပ်နှောင်ဖမ်းဆီးခေါ်ဆောင်လာချိန်မှာ အဲ့ဒီအနီးက ပတ်ဝန်းကျင်ကလူတွေရဲ့ ကိုယ့်ကို သူခိုးတစ်ယောက်လို စက်ဆုပ်ရွံရှာတဲ့အကြည့်တွေနဲ့ အကြည့်ခံရတာက လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအတွက် ဘယ်လောက်ထိထိခိုက်စေသလဲဆိုတာ ကိုယ်ချင်းစာကြည့်ပါ။  
 
ဒီအဖြစ်အပျက်က လူသိရှင်ကြားဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုဆိုတော့ တော်တော်များများ သတိပြုမိခဲ့ပေမယ့် အခုလိုပဲ Shopping Center အချို့မှာလည်း Customer တွေကို အထင်လွဲပြီး စွပ်စွဲခံရတဲ့ ဖြစ်စဉ်တွေလည်း အရင်တုန်းကလည်း အခုလောက် လူသူမသိဘဲ ဖြစ်ပျက်ခဲ့ဖူးတာတွေလည်း ရှိခဲ့ပါတယ်။
 
အခုလိုအဖြစ်အပျက်တွေက မတော်တဆ မှားယွင်းစွပ်စွဲမိခဲ့တယ်။ လူတစ်ယောက် ဂုဏ်သိက္ခာကျဆင်းဖို့အတွက် တမင်တကာရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာမျိုးမဟုတ်ဘဲ ကိုယ့်အလုပ်ကိုကာကွယ်နဲ့အနေနဲ့ တာဝန်အရ လုပ်ဆောင်ခဲ့ရတာမျိုးဖြစ်တယ်။သံသယကြောင့် customer ကို သူခိုးတစ်ယောက်လို့ ထင်မြင်စွပ်စွဲမိတယ်ဆိုတာကို ကျွန်မတို့နားလည်ပေးလို့ရပေမယ့် အခုလို လူသိရှင်ကြားစွပ်စွဲမိပြီးမှ လူမသိသူမသိ ရုံးခန်းထဲမှာပဲ တောင်းပန်ပါတယ်ဆိုတဲ့စကားမျိုးပြောတာကတော့  တစ်ဖက်လူက ကျေနပ်တယ်ဆိုရင်တော့ ထားပါတော့လေ။ ဒါပေမဲ့ တစ်ဖက်လူက ဒီလောက်နဲ့မကျေနပ်နိုင်လို့ စာမျက်နှာထက်ကနေတောင်းပန်ဖို့ ပြောလာတာကို ကိုယ့်ရဲ့အလုပ်ကို ထိခိုက်မှာစိုးလို့ ဆိုတဲ့မာနနဲ့ မတောင်းပန်တာကတော့ လူလူ ချင်းတန်ဖိုးထားမှုမရှိတာ၊ ကိုယ်ချင်းစာနာ စိတ်ကင်းမဲ့တာလို့ပဲ ထင်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်ရဲ့အမှားအတွက် ကိုယ်တာဝန်ယူလိုစိတ်မရှိတာပါ။ 
 
သာမန်လူတစ်ယောက်အတွက်တောင် လူလူချင်းတန်ဖိုးထားမှု၊ ကိုယ့်လုပ်ရပ်တိုင်းအတွက် တာဝန်ယူမှုဆိုတာ လိုအပ်သေးရင် အခုလိုလုပ်ငန်းကြီးတစ်ခုကို လုပ်နေတဲ့သူတွေအတွက် ကိုယ့်အမှားကိုယ် တာဝန်ယူတတ်တဲ့စိတ်ရှိဖို့၊ ကိုယ့်ရဲ့ customer စိတ်ကျေနပ်မှုရှိဖို့ဆိုတာ ကိုယ်တိုင်ရဲ့ဂုဏ်သိက္ခာ အတွက်ရော၊ ကိုယ့်လုပ်ငန်း ကိုယ်တန်ဖိုးထားတတ်မှုအပေါ်မှာရော ဘယ်လောက်ထိ သက်ရောက်မှုရှိသလဲဆိုတာသိဖို့ လိုအပ်ပါတယ်။
 
ကျွန်မတို့ငယ်ငယ်က မိဘတွေ၊ ဆရာ၊ ဆရာမတွေက အမြဲဆုံးမခဲ့ဖူးပါတယ်။ ကိုယ် အပြစ်လုပ်ခဲ့ရင် ဝန်ခံဖို့၊ အပြစ်လုပ်မိလို့၊ ကိုယ့်ဘက်ကတစ်ခုခုမှားယွင်းခဲ့လို့ တစ်ဖက်လူကိုတောင်းပန်တာက ရှက်စရာမဟုတ်ပါဘူး။ အဲ့ဒီလို တောင်းပန်လိုက်တဲ့အတွက်လည်း ကိုယ့်ဘက်က အောက်ကျတယ်တို့၊ ကိုယ့်ဂုဏ်သိက္ခာကို ထိခိုက်သွားတယ်လို့ မရှိပါဘူး။ ဒါပေမဲ့ အကြိမ်ကြိမ်အမှားတွေကို ဆက်တိုက်လုပ်လိုက်၊ တောင်းပန်လိုက်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ အမှားကို အမှန်ပြင်ပြီး၊ ကိုယ့်အမှားအတွက် ထိခိုက်သွားတဲ့သူတွေကို တစ်ဖက်လူစိတ်ကျေနပ်အောင် ယဉ်ကျေးစွာတောင်းပန်လိုက်တာက ကိုယ့်အမှားအတွက် ကိုယ်တာဝန်ယူနိုင်တာပါ။အဲ့ဒါက ဂုဏ်ယူစရာကောင်းပါတယ်။ လူတိုင်းက ဒီလိုတောင်းပန်လိုက်လို့ ကိုယ့်အမှားကို လူသိရှင်ကြားတောင်းပန်လိုက်တဲ့အတွက် ကိုယ့်ရဲ့အမှားအတွက် အပြစ်တင်ခံရလည်း ခဏပါ။ ဒါပေမဲ့ ကိုယ့်အမှားကို လူသိနေတာကို မသိအောင် အတင်းဖုံးဖိ၊ အမှားကိုယ် တာဝန်မယူ၊ customer ကိုလည်း အရေးမထားတဲ့ လုပ်ငန်းတစ်ခုကို အများပြည်သူက ယုံကြည်မှု ရှိနိုင်ပါတော့မလား။ ကိုယ့်အလှည့်ကျရင် အဲ့သလိုမတော်တဆ စွပ်စွဲခံရရင်ဆိုတဲ့စိတ်မျိုး လူအများရဲ့အသိစိတ်ထဲမှာ ဝင်မသွားနိုင်ဘူးလား။ ကိုယ့်အလုပ်၊ ကိုယ့်ဆီကိုလာအားပေးတဲ့ customer  ကို တန်ဖိုးမထား၊ စာနာစိတ်မပေးနိုင်တဲ့ ကိုယ့်ဂုဏ်သိက္ခာအတွက်ဆိုပြီး တစ်ဖက်လူရဲ့ ဂုဏ်သိက္ခာကိုတော့ ထည့်မတွက်တတ်တဲ့သူတွေ ဒီလောကမှာအများကြီး ရှိနေနိုင်ပါတယ်။
 
ကိုယ်တိုင်ပါဝင်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုမှာမှ ကျွန်မတို့သင်ခန်းစာယူနိုင်ကြတာ မဟုတ်ပါဘူး။ ကျွန်မတို့ လူ့ဘောင်လောကပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေများစွာကနေ လူပီသတဲ့လူ တစ်ယောက်အဖြစ်နေထိုင်နိုင်ဖို့ ကျွန်မတို့ လေ့လာသင်ယူနိုင်တာတွေ အများကြီးရှိနေပါတယ်။ 
 
လူတစ်ယောက်ရဲ့ဘဝမှာ ဂုဏ်သိက္ခာဆိုတာ အရေးကြီးပါတယ်။ လုပ်ငန်းတစ်ခုအတွက်လည်း ဂုဏ်သိက္ခာဆိုတာ အရေးကြီးပါတယ်။ လူလူချင်း ဂုဏ်သိက္ခာကို တန်ဖိုးထားတတ်ဖို့၊ ကိုယ်ချင်းစာစိတ်ရှိဖို့၊ ကိုယ့်အမှားကိုယ် တာဝန်ယူတတ်ဖို့နဲ့ အမှားလုပ် မိလို့တောင်းပန်တာက ရှက်စရာမဟုတ်သလို၊ အမှားကိုဝန်မခံဘဲ မာန်မာနတွေနဲ့ အဲ့ဒီ အမှားကို ဒီအတိုင်းရှေ့ဆက်နေတာကသာ လူအများအတွက် အထင်သေးစရာဖြစ်စေပါတယ်။
 
ဒီတော့ လူသားတစ်ဦးချင်းစီမှာသာ လူသားချင်းအပြန်အလှန်တန်ဖိုးထားမှု၊ စာနာတတ်မှု၊ တာဝန်သိတတ်မှု၊ ကိုယ့်အလုပ်၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်အပြုအမူ အပြောအဆိုနဲ့ ကိုယ့်အမှားတွေကို တာဝန်ယူတတ်တဲ့ စိတ်ရှိမယ်ဆိုရင်ဖြင့်......။