ယခု ဇန်နဝါရီလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းမှု ဆွေးနွေးပွဲ မလုပ်နိုင်ပါက ပြည်ထောင်စုနေ့တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်တော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။၂၀၁၅ ဒီဇင်ဘာက ပြုလုပ်သည့် UPWC နှင့် NCCT တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ငန်း ညှိနှိုင်းမှု ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှုကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့တွင် ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု ထုတ်ဖော်ပြောဆိုပြီး ဇန်နဝါရီ ၅ ရက်က နိုင်ငံတော်သမ္မတနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် ဗိုလ်ရှုသဘင် အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံပွဲ၌လည်း တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုကို ပြည်ထောင်စုနေ့တွင် ပြုလုပ်ရန် ရည်မှန်းထားသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာ၏ ပြောကြားချက်အရ သိရသည်။အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးမှု လုပ်ဆောင်နိုင်ရန်အတွက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မူကြမ်းပါ အချက်များကို နှစ်ဖက်အကြား သဘောတူညီမှု ရရှိရန် လိုအပ်မည်ဖြစ်ပြီး စာချုပ်အား အချောသပ်နိုင်ရန် လိုအပ်ကြောင်း၊ အပစ်ရပ်စာချုပ်အား မည်သည့်နေ့ရက်တွင် အချောသပ်နိုင်သည်ဖြစ်စေ လက်မှတ်ရေးထိုးရေးအတွက် သက်သေနိုင်ငံများအား ဖိတ်ကြားရန် အပါအဝင် ပြင်ဆင်ရန် အချိန်နှစ်ပတ်ခန့် လိုအပ်ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် လက်မှတ်ရေးထိုးနိုင်ရန်အတွက် ဇန်နဝါရီလအတွင်း စာချုပ်ကို အချောသပ်နိုင်ရန် လိုအပ်ကြောင်း UPWC နှင့် NCCT တို့မှ ကိုယ်စားလှယ်များ၏ ပြောပြချက်အရ သိရသည်။
ထူးခြားဖြစ်စဉ်များ မရှိပါက UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲကို သတ်မှတ်ထားသည့်အတိုင်း ယခု ဇန်နဝါရီလလယ်တွင် ပြုလုပ်နိုင်မည် ဖြစ်သည်ဟု ဇန်နဝါရီလဆန်းပိုင်းက ပြောကြားထားသော်လည်း တပ်မတော်နှင့် ကေအိုင်အေတို့အကြား ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်များတွင် . . . . .
ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်အတွက် အပစ်ရပ်စာချုပ်ပါ အချက်များ ပြေလည်မှု ရရှိသည့်အပြင် မြေပြင်တွင်လည်း စစ်ဆင်ရေးများ၊ ထိုးစစ်များတိုက်ပွဲများ မဖြစ်ရန် လိုအပ်သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောကြားထားသည်။သို့ရာတွင် ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် UPWC နှင့် NCCT တို့၏ လုပ်ငန်းညှိနှိုင်းမှု ဆွေးနွေးပွဲအပြီး ပူးပေါင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို ယခု ဇန်နဝါရီလလယ်တွင် ပြုလုပ်ရန်ဆိုသည့် အချက်မှာ လက်ရှိတွင် အကောင်အထည်ဖော်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။NCCT အဖွဲ့ ဒုတိယခေါင်းဆောင်(၁) ပဒိုစောကွယ်ထူးဝင်းက တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ထူးခြားဖြစ်စဉ်များ မရှိပါက UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲကို သတ်မှတ်ထားသည့်အတိုင်း ယခု ဇန်နဝါရီလလယ်တွင် ပြုလုပ်နိုင်မည် ဖြစ်သည်ဟု ဇန်နဝါရီလဆန်းပိုင်းက ပြောကြားထားသော်လည်း တပ်မတော်နှင့် ကေအိုင်အေတို့အကြား ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်နှင့် တာမိုးညဲမြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ ဇန်နဝါရီ ၁၅ ရက်တွင်လည်း ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တိုက်ပွဲဖြစ်ပွားနေသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အပေါ် ဆွေးနွေးညှိနှိုင်းနေစဉ် ကာလအတွင်း မလိုလားအပ်သော ကိစ္စရပ်များ ထပ်မံမပေါ်ပေါက်ရေးအတွက် ပူးတွဲဖြေရှင်း ဆောင်ရွက်သွားမည်ဆိုသည့် အချက်ကို အကောင်အထည် မဖော်နိုင်ခြင်းက ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးကို အတားအဆီး ဖြစ်စေသည်ဟု သိရသည်။လက်ရှိတွင် UPWC နှင့် NCCT တို့ ညှိနှိုင်းနေသည့် အပစ်ရပ်မူကြမ်းပါ အချက်များ နှစ်ဖက်သဘောတူညီမှုရရန် အချက်အနည်းငယ်သာ ကျန်တော့ပြီး ယင်းတို့မှာ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် မည်သည့်လက်နက်ကိုင် အဖွဲ့များ ပါဝင် လက်မှတ်ရေးထိုးမည်ဆိုသည့် ကိစ္စ၊ သက်သေအဖြစ် ပါဝင်မည့် နိုင်ငံအရေအတွက် ကိစ္စနှင့် နှစ်ဖက်စစ်သည်များ လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် အပစ်အခတ် ရပ်စဲရေးအပေါ် ပူးတွဲစောင့်ကြည့်ရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်သည့် အချက်အလက်များကို စာချုပ်တွင် ပြန်လည်ထည့်သွင်းရေး မထည့်ရေးကိစ္စတို့ ဖြစ်ကြောင်း သိရသည်။UPWC နှင့် NCCT တို့၏ ခုနစ်ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ဆွေးနွေးပွဲရက် သတ်မှတ်နိုင်ရေးအတွက် NCCT အဖွဲ့ဝင်များ၏ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဇန်နဝါရီ ၁၉ ရက်နှင့် ၂၁ ရက်ကြား ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ ဇန်နဝါရီ ၂၀ ရက်ဝန်းကျင်တွင် NCCT ခေါင်းဆောင်များနှင့် Myanmar Peace Center မှ တာဝန်ရှိသူများ တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း သိရသည်။