တောင်ငူမြို့ ချမ်းမြေ့တည်းခိုရိပ်သာဗုံးပေါက်ကွဲမှုမှ ပေါက်ကွဲပုဒ်မ(၃)ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသော တရားခံစောထွန်းထွန်းအား ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီခန့်တွင် တောင်ငူခရိုင်တရားရုံးက မသေမချင်းကြိုးကွင်းစွပ်သတ်စေရန် သေဒဏ်အမိန့်နှင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်ခုနစ်နှစ် ထပ်မံချမှတ်လိုက်ကြောင်းသိရသည်။ တရားခံစောထွန်းထွန်း ၃၄ နှစ်၊ (ဘ)ဦးသံချောင်း၊ မေတ္တာရပ်ကွက်၊ ကျောက်ကြီးမြို့နေသူသည် အောက်တိုဘာ ၁၁ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က တောင်ငူမြို့ ၁၇ ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့တည်းခိုရိပ်သာ အပေါ်ထပ်အခန်းအမှတ် (၆) တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာမှ လူနှစ်ဦးသေဆုံးမှုဖြစ်စဉ်တွင် ချမ်းမြေ့တည်းခိုရိပ်သာအခန်းအမှတ် (၆)တွင် ဗုံးအားသယ်ဆောင်ထားရှိသူဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင် ၄ ရက်တွင် တောင်ငူမြို့ အမှတ်(၁)ရဲစခန်းက စောထွန်းထွန်းအား ကနဦးအမှုဖွင့်အရေးယူထားသည့် ပေါက်ကွဲစေတတ်သော အရာဝတ္တုအက်ဥပဒေပုဒ်မ (၃)အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသူဖြစ်သည်။စောထွန်းထွန်းအားဖမ်းဆီးရမိပြီးနောက် ပေါက်ကွဲစေတတ်သောပုဒ်မ(၃)အပြင် ပြစ်မှုပုဒ်မ ၃၀၂ (၁)(ခ)၊ ၃၂၆၊ ၃၂၄ တို့အရ ထပ်မံအမှုဖွင့်အရေးယူခဲ့ပြီး တောင်ငူခရိုင်ခရိုင်တရားသူကြီး (၂) က ဇန်နဝါရီ ၇ ရက်တွင် တရားခံစောထွန်းထွန်းအား ရာကြီးအမှတ် ၈၅၊ ပြစ်မှုပုဒ်မ ၃၀၂ (၁)(ခ)အရ မသေမချင်းကြိုးစွပ်သတ်စေရန် သေဒဏ်အမိန့်၊ ပြစ်မှုပုဒ်မ ၃၂၆ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ငါးနှစ်၊ ၃၂၄ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ်နှစ်ပြစ်ဒဏ်များ ထပ်မံချမှတ်ခဲ့ခြင်းဖြစ်သည်။ တောင်ငူမြို့ ချမ်းမြေ့တည်းခိုရိပ်သာဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ တောင်ငူမြို့ ကန်လမ်း ၁၇ ရပ်ကွက် ရှိချမ်းမြေ့တည်းခိုရိပ်သာ အခန်းအမှတ်(၆)တွင် ဗုံးပေါက်ကွဲမှုတွင် တရားခံစောထွန်းထွန်းသည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၉ ရက်ညကတည်းခိုသွားခဲ့ပြီး လုံးပတ်လက်ကောက်ဝတ်သာသာ အရှည်ငါးလက်မခန့်ရှိ ဇစ်ဆွဲပါပတ္တာအိတ် (အဖြူရောင်)တစ်လုံးအား ခန်းဆီးလိုက်ကာနောက်တွင်ထားခဲ့ရာမှ အောက်တိုဘာ ၁၁ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ယင်းသို့ပေါက်ကွဲရာတွင် အခန်းအတွင်း၌ တောင်ငူဘူတာကြီးမှ ရဲတပ်သားနေမျိုးကျော်၊ ညောင်လေးပင်မြို့နယ်နေသူ မယုခိုင်နှင့် မငြိမ်းသီတာတို့သုံးဦးအတူရှိနေခဲ့ပြီး နေမျိုးကျော်မှ အဝါရောင်အိတ်အားဖွင့်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုကြောင့် နေမျိုးကျော်မှာ အခင်းဖြစ်နေရာ၌ပင်သေဆုံးကာ မယုခိုင်နှင့် မငြိမ်းသီတာတို့မှာ တောင်ငူဆေးရုံကြီးသို့တင်ပို့စဉ် မယုခိုင်သည် ယင်းနေ့ည ၁၁ နာရီအချိန်ခန့်တွင် အခင်းဖြစ်စဉ်ဒဏ်ရာဖြင့် ထပ်မံသေဆုံးသွားခဲ့သည်။ ထိုသို့ဖြစ်ပွားခဲ့ပြီးနောက် စောထွန်းထွန်းသည် ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်ညနေပိုင်းတွင် စောထွန်းထွန်းအား ဖမ်းဆီးရမိခဲ့ပြီး တည်းခိုရိပ်သာအတွင်း ပေါက်ကွဲသောဗုံးအား သယ်ဆောင်ထားရှိခဲ့ကြောင်း၊ ပေါက်ကွဲစေသောဗုံးအား စောထွန်းထွန်းနှင့် လွန်ခဲ့သောတစ်နှစ်ခန့်ကရင်းနှီးခဲ့သူ စောတဝါးဆိုသူက ကျပ် ၂၀၀၀၀ တိတိအားပေးအပ်ခဲ့ပြီး မြို့တစ်မြို့တွင်ထားခဲ့ရန်နှင့် ယင်းအိတ်အားဖွင့်ကြည့်ပါက ဒုက္ခရောက်မည်ဟုပြောဆိုမှာကြားပြီး ပေးအပ်ခဲ့ကြောင်း စောထွန်းထွန်းအား အမှုစစ်ရာတွင် ဝန်ခံထွက်ဆိုချက်များအရ သိရသည်။
တောင်ငူမြို့ ချမ်းမြေ့တည်းခိုရိပ်သာဗုံးပေါက်ကွဲမှုမှ တရားခံစောထွန်းထွန်းအား သေဒဏ်နှင့် ထောင်ဒဏ်ခုနစ်နှစ်ထပ်မံချမှတ်









