■ နစကဥက္ကဌနှင့် KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး၊ RCSS ဥက္ကဌ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ သီးခြာစီတွေ့ဆုံဆွေးနွေး

■ နစကဥက္ကဌနှင့် KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုး၊ RCSS ဥက္ကဌ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ သီးခြာစီတွေ့ဆုံဆွေးနွေး
Published 17 October 2023

တို့တာဝန်အရေးသုံးပါးနှင့် ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းမှုကို ထိခိုက်မှုမရှိပါက တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဌပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး( KNU ဥက္ကဌဟောင်း)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်စစ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ အောက်တိုဘာ ၁၆ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ သီးခြားစီတွေ့ဆုံခဲ့ကြောင်း သိရသည်။

နစကဥက္ကဌနှင့် ကရင်တိုင်းရင်သားခေါင်းဆောင် စောမူတူးစေးဖိုးတွေ့ဆုံရာတွင် NCA ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှု၊ ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကို လိုလားသော ကရင်တိုင်းရင်းသားများ၏ ခေါင်းဆောင်အဖြစ် ဦးစီးဆောင်ရွက်ပေးစေလိုမှု၊  ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်လျက်ရှိမှု၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ရန် လိုအပ်လျက်ရှိမှု၊ ကရင်ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အတူ နစကဥက္ကဌနှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့်အဖွဲ့တို့ တွေ့ဆုံရာတွင် ဒေသတွင်းနှင့်နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာ၌ တွေ့ဆုံဆွေးနွေးမှုများဖြင့် ဆောင်ရွက်သွားရန်လိုအပ်မှု၊ နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့်  NCA လမ်းကြောင်းပေါ်၌ ခိုင်မာစွာလျှောက်လှမ်းလျက်ရှိမှုနှင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး ဆောင်ရွက်လျက်ရှိမှု၊  ယခုနှစ်တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုနှင့် လာမည့်နှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီးရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ နစကဥက္ကဌနှင့်  အခြားတိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံရာ၌ နစကဥက္ကဌက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ပြည်တွင်းငြိမ်အေးချမ်းရေးအတွက် လာရောက်ခဲ့ကြခြင်းဖြစ်သဖြင့် ဝမ်းမြောက်ပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း ကြိုဆိုပါကြောင်းပြောကြားပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့မှုအခြေအနေများ၊ တပ်မတော်အနေဖြင့် တို့တာဝန်အရေးသုံးပါးနှင့် ပါတီစုံဒီမိုကရေစီစနစ်လျှောက်လှမ်းမှုကို ထိခိုက်မှုမရှိပါက တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်သွားမည့်အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ တပ်မတော်မှ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းလျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အမျိုးသားရေးမျှော်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး၊ နိုင်ငံရေး မျှော်မှန်းချက်နှစ်ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တိုင်းပြည်ကောင်းစေရန်အတွက် သက်ဆိုင်သူအားလုံးက တူညီသည့်ဆန္ဒများဖြင့် ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဒေသအလိုက်တည်ငြိမ် အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများ၊ တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ခမ်းနားထည်ဝါစွာကျင်းပပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိမှု၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)နှင့်ပတ်သက်၍ အချို့အဖွဲ့အစည်းများက ပျက်ပြယ်ပြီဟုထုတ်ပြန်မှုများရှိသော်လည်း NCA စာချုပ်မှာပျက်ပြယ်မှုမရှိဘဲ တည်တံ့ခိုင်မြဲနေဆဲဖြစ်သည့် အခြေ အနေများနှင့် NCA လမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိသည့် အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည့် အကြံပြုချက်များ၊ NCA တွင်ပါဝင်မှုမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA တွင် ပါဝင်လာနိုင်ရေးဆောင်ရွက်သင့်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးနှင့် ဒေသအလိုက် ဖွံ့ဖြိုးတိုတက်မှုများရှိစေရေးအတွက် ဆောင်ရွက်သင့်သည့် အခြေအနေများ၊ ဒေသအလိုက် ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်သင့်သည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် နစကဥက္ကဌက မိမိတို့အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရှေ့သို့ချီမည်ပန်းတိုင်ဆီ (Keep Moving Forward To Achieve Our Goal) ဆိုသည့် ဆောင်ပုဒ်အတိုင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုတက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးကလည်း ပါဝင်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲများသို့နစကဥက္ကဌနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တပ်မတော်အရာရှိ ကြီးများ တက်ရောက်ကြပြီး ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး နှင့်အတူ ကော့ကရိတ်ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်း၊ RCSS ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ KNU/KNLA(PC) ဥက္ကဋ္ဌ စောထော့လေး၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ KKO အဖွဲ့မှ ကွပ်ကဲရေးမှူး စောဘငြိမ်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်သူရိန်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာ၊ မွန်ပြည်သစ်ပါတီ(NMSP) ဗဟိုအလုပ်အမှုဆောင် နိုင်ဗညားလယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent