၂၀၂၃ ခုနှစ် မိုးစပါးနှင့် ၂၀၂၄ ခုနှစ် နွေစပါးတို့အတွက် အခြေခံရည်ညွှန်းစပါးစျေးနှုန်း သတ်မှတ်ထားသော်လည်း စျေးကွက်ပေါက်စျေးအတိုင်းဝယ်ယူရန် ထုတ်ပြန်

၂၀၂၃ ခုနှစ် မိုးစပါးနှင့် ၂၀၂၄ ခုနှစ် နွေစပါးတို့အတွက် အခြေခံရည်ညွှန်းစပါးစျေးနှုန်း သတ်မှတ်ထားသော်လည်း စျေးကွက်ပေါက်စျေးအတိုင်းဝယ်ယူရန် ထုတ်ပြန်
ပေါင်းတည်မြို့နယ်အတွင်းမှ စပါးခင်းတစ်ခုကို မိုးဆက်တို်က်ရွာမှုကြောင့် စပါးပင်များ မလဲခင်က တွေ့ရစဉ်
ပေါင်းတည်မြို့နယ်အတွင်းမှ စပါးခင်းတစ်ခုကို မိုးဆက်တို်က်ရွာမှုကြောင့် စပါးပင်များ မလဲခင်က တွေ့ရစဉ်
Published 11 October 2023

၂၀၂၃ ခုနှစ် မိုးစပါးနှင့် ၂၀၂၄ ခုနှစ် နွေစပါးတို့အတွက် အခြေခံရည်ညွှန်းစပါးစျေးနှုန်း သတ်မှတ်ထားသော်လည်း စျေးကွက်ပေါက်စျေးအတိုင်းဝယ်ယူရန် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က ထုတ်ပြန်ထားသည်။

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး  ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသောစျေးနှုန်းနှင့် စျေးကွက်ဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးစျေးနှုန်းကို အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။

အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေး ဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါးစျေးနှုန်းကို  ကျပ် ၇၅၀၀၀၀ သတ်မှတ်လိုက်သည်။

စျေးကွက်ပေါက်စျေးသည် အခြေခံ ရည်ညွှန်းစပါးစျေးအပေါ်တွင်ဖြစ်ပါက စျေးကွက်ပေါက်စျေးအတိုင်း ဝယ်ယူရန်နှင့် စျေးကွက်ပေါက်စျေးသည် အခြေခံရည်ညွှန်းစပါး စျေးနှုန်းအောက်တွင်ဖြစ်ပါက အခြေခံစျေး နှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်သည်။ ယခုသတ်မှတ်သော အခြေခံရည်ညွှန်းစပါးစျေး နှုန်းသည် ၂၀၂၃ ခုနှစ် မိုးစပါးနှင့် ၂၀၂၄ ခု နှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

အခြေခံရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချရန် အခက်အခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ ဖြစ်စေ၊ အသင်းချုပ်ရုံးချုပ်(၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊၀၁-၂၁၈၂၆၆ သို့ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း တောင်သူလယ်သ မားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က ထုတ်ပြန်ထားသည်။

“မနေ့ကတော့ ရတနာတိုးတွေ ၁၅ သိန်း ပေးဝယ်နေကြတယ်။ မိုးစပါးတွေစရိတ်နေကြပြီဆိုတော့ ပွဲစားတွေတော့ ခြေရှုပ်လာတယ်။ ပိုက်ဆံလိုချင်ရင် ကြိုယူထားဆိုပြီး ၁၅ သိန်းပေးဝယ်နေကြတယ်။ အရင်ရက်က ၁၂ ခွဲ၊ ၁၃ အထိကျသွားတဲ့စျေးကခုရက်ထဲ စျေးပြန်လှုပ်လာတယ်ပြောရမယ်။ စျေးကလည်း လှုပ်ဦးမှာပဲဗျ။ အခုစပါးရိတ်သိမ်းခက တစ်ဧက ၁၂၀၀၀၀။ မိုးဆက်တိုက်ရွာတော့ စပါးပင်တွေလဲ၊ လဲတော့ စက်က ရိတ်မရ၊  ကောက်ရိတ်မယ့်သူကလည်း ရှာမရဘူး၊ သူတို့ကို အရိတ်အသယ်ပေါ့၊ တစ်ဧကကို ၇၀၀၀၀ ပေးရတယ်။ အဲဒီစျေးက အနီးအဝေးစျေးကွာသေးတယ်နော်၊ ၇၀၀၀၀ ဆိုတာက ရွာနဲ့ နီးနီးလေးရှိတဲ့လယ်တွေရဲ့ အရိတ်အသယ်ခစျေး၊ ရွာနဲ့လယ်နဲ့ပိုဝေးရင် အရိတ်အသယ်ခက တစ်သိန်းကျော်သွားရော”ဟု  ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်အတွင်းမှ တောင်သူတစ်ဦးက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင်ဆန်စပါးသည်အဓိက စိုက်ပျိုးထုတ်လုပ်သည့်သီးနှံဖြစ်ပြီး သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၃၄ ရာခိုင်နှုန်းခန့်ရှိကြောင်း ၊၂၀၂၀ -၂၀၂၁ ခုနှစ်တွင် စုစုပေါင်း စပါးစိုက်ပျိုးဧက ၁၇ သန်းခန့် စိုက်ပျိုးနိုင် ခဲ့ပြီး၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက် ဧက ၁၅ သန်းခန့်နှင့် နွေစပါးစိုက်ဧက ၂ ဒသ မ ၄ သန်း၊ စုစုပေါင်းစပါးစိုက်ပျိုးဧက ၁၇ ဒသမ ၄ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ကြောင်း မြန်မာ့ဆန်စပါးညီလာခံ- ၂၀၂၂ (Myanmar Rice Conference – 2022) အခမ်းအနားမှ သိရသည်။

၂၀၂၃ ခုနှစ် မိုးစပါးရာသီထွက်ရှိလာသည့် စပါးများအပေါ်  ဝယ်ယူမည့်စပါးစျေးနှုန်းများ သတ်မှတ်ဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စက်တင်ဘာ ၁၉ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်အရ ဧည့်မထ/ငစိန်စပါးများကို တင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်းအတွင်း၊ ဧရာဝတီပေါ်ဆန်း တင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းများ၊ ရွှေဘိုပေါ်ဆန် တင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်းမှ သိန်း ၂၀ အတွင်း၊ ဧရာမင်းဧရာပဒေသာစပါးတင်း ၁၀၀ လျှင် ကျပ် ၁၆ သိန်းမှ ၁၈ သိန်းအတွင်း ဝယ်ယူရန် သတ်မှတ်ထားခြင်းဖြစ်သည်။

Most Read

Most Recent