ဖွဲ့စည်းတည်ဆောက်ပုံစနစ်ယန္တရား သီအိုရီ (Institutional Theory)

ဖွဲ့စည်းတည်ဆောက်ပုံစနစ်ယန္တရား သီအိုရီ (Institutional Theory)
Published 8 October 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

ဖွဲ့စည်းတည်ဆောက်ပုံစနစ် ယန္တရား သီအိုရီ (Institutional Theory) သို့မဟုတ် အင်စတီကျူးရှင်းသီအိုရီနှင့် ပတ်သက်သည့် သဘောတရားများ၊ ၎င်းသဘောတရားများကို အကျိုးရှိ ထိရောက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများသည် စာရေးသူ၏ဘဝ ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ တစ်နည်းအားဖြင့် စာရေးသူငယ်စဉ်အခါမှ အသက် ၆၀ နှစ်ကျော်သည်အထိ တွေ့ကြုံခဲ့ရသည်များကို အခြေခံပြီး ရေးသားတင်ပြရပါလျှင် ဦးစားပေးခြင်း အလေးအနက်ထားခြင်းမရှိ ကြသကဲ့သို့ ထွန်းကားပြန့်ပွားစေရန်အလို့ငှာ ဦးဆောင်ဦးရွက်ပြုခဲ့ ကြသည့် အစိုးရများကသော်လည်းကောင်း၊ ပြည်သူ ပြည်သား နိုင်ငံသားများ အကြားတွင်သော်လည်း ကောင်း ဆောင်ရွက်ခြင်း မရှိခဲ့ကြပါ။

ဤတွင်မေးခွန်းမှာ “အင်စတီကျူးရှင်းသီအိုရီနှင့် ပတ်သက်သည့် သဘောတရားများကို အကျိုးရှိ ထိရောက်စေရန် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းများကို အဘယ်ကြောင့် မပြုလုပ် မဆောင်ရွက်ခဲ့ကြပါသလဲ” ဆိုသည့် မေးခွန်း ဖြစ်ပါသည်။ ယခုမေးခွန်း၏ အဖြေများကို ယခုဆောင်းပါးအဆင့်နှင့် အပြည့်အစုံ ရှင်းလင်းတင်ပြရန် မဖြစ်နိုင်ပါသော်လည်း စာရေးသူ၏ အတွေ့အကြုံများကို အခြေခံကာ တတ်နိုင်သမျှ ဖြေဆို ရှင်းလင်းတင်ပြမည် ဖြစ်ပါသည်။

စာဖတ်သူတို့ သိမြင်ပြီးဖြစ်သည့်အတိုင်း စာရေးသူတို့၏ တိုင်းပြည်နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးချိန် နောက်ပိုင်းကာလ အချိန်ကြာမြင့်စွာ ကျင့်သုံးအကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး စနစ်များသည် လက်နက်ကိုင်အင်အားကို အခြေပြုကာ တိုင်းပြည်နိုင်ငံ၏ အချုပ်အခြာအာ ဏာကို ရယူပြီး အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြသည့်အတွက် ပြည်သူပြည်သား နိုင်ငံသားများအပေါ်တွင် အတတ်ပညာ၊ အသိပညာ၊ ဉာဏ်ပညာကို အခြေခံသည့် တည်ငြိမ်သော အုပ်ချုပ်ရေးစနစ်ကို အသုံးပြုကာ လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်းမပြုဘဲ အာဏာရှိသူက အကြွင်းမဲ့အာဏာကို ရရှိစေရန် ကြိုးစားတည်ဆောက်လျက် တောင်ပြောမြောက်ပြော ကြုံသလို ပြောဆိုကာ နံကြားထောက်ပြီး အမိန့်ပေးဆုံးဖြတ်သည့် အုပ်ချုပ်ရေးစနစ်ကိုသာ အစဉ်တစိုက် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။

အကျိုးဆက်အဖြစ် ယနေ့အချိန် တွေ့ကြုံရင်ဆိုင်လျက်ရှိသည်မှာ စာဖတ်သူတို့ တွေ့မြင်ကြရသည့်အတိုင်း ပြည်သူပြည်သားနိုင်ငံသားတို့၏ အသက်ပေါင်း မြောက်မြားစွာ သေကျေပျက်စီးစေလျက်ရှိနေခြင်း၊ အချို့သော ပြည်သူပြည်သားနိုင်ငံသားများမှာ အိုးအိမ်စွန့်ခွာ နေရပ်စွန့်ခွာဘဝများတွင် အသက်ရှင်သန် နေထိုင်ရလျက်ရှိနေခြင်း၊ တိုင်းပြည်နိုင်ငံမှာလည်း ကမ္ဘာပေါ်တွင် ဖွံ့ဖြိုး မှုအနည်းဆုံး သို့မဟုတ် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံများစာရင်းတွင် ပါဝင်လျက်ရှိနေခြင်းတို့၏ အခြေခံအကြောင်းရင်းများကို ရှာဖွေလေ့လာကြည့်ရာတွင် အင်စတီကျူးရှင်းသီအိုရီနှင့် ပတ်သက်သည့် သဘောတရားများကို အကျိုးရှိ ထိရောက်စေရန် အကောင်အထည် ဖော်ဆောင်ရွက်ရန် ပျက်ကွက်ခြင်း သို့မဟုတ် မဆောင်ရွက်ခြင်းသည် အကြောင်းရင်းတစ်ရပ်အဖြစ် လေ့လာတွေ့ရှိရသည့်အပြင် အာဏာနှင့် လုပ်ပိုင်ခွင့်ကို အခြေပြုပြီး နံကြားထောက် အမိန့်ပေးကာ ဆုံးဖြတ်ချက်ချမှတ်ခြင်း၏ ရလဒ်များကြောင့်လည်း ဖြစ်သည်ကို လေ့လာတွေ့ရှိရမည်ဖြစ်ပါသည်။

အထက်ဖော်ပြပါ အကျိုးဆက်များ တည်ရှိဖြစ်ပေါ်လာစေသည့် အကြောင်းရင်းများစွာထဲမှ အကြောင်းတရားတစ်ရပ်ကို စာရေးသူ သိမြင် ကြားသိရသည်များအား အခြေခံကာ စာရေးသူ၏ အမြင်သက်သက်ဖြင့် အနည်းငယ်ဆက်စပ်ပြီး ရှင်းလင်းတင်ပြပါမည်။ အရေးကြီးဆုံး အကြောင်းရင်းတစ်ရပ်မှာ မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် လူပုဂ္ဂိုလ်အများစုသည် ကိုယ်ပိုင် “မူ”၊ ကိုယ်ပိုင် “စံ” ကို အဓိက ထားရှိခြင်းမပြုဘဲ အာဏာဖြင့်လည်းကောင်း၊ ရာထူးဖြင့်လည်းကောင်း၊ ငွေကြေးအနည်းငယ် အသုံးပြုပေးပြီးသော်လည်းကောင်း မြှူဆွယ်ရုံကာမျှနှင့် နောက်လိုက်အဖြစ် အလွယ်တကူ လက်ခံပြီးလိုက်ပါ ဆောင်ရွက်တတ်သည့် ယဉ်ကျေးမှု ထွန်းကားပြန့်ပွားလျက်ရှိနေခြင်းပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် “ကျွန်” အဖြစ် ကာလတာရှည် ခံစားခဲ့ရသည့် “ကျွန်” တိုင်းပြည် နိုင်ငံများတွင် တွေ့မြင်ရနိုင်သည့် တိုင်းသူပြည်သား နိုင်ငံသားများ၏ “ကျွန် စိတ်”ပင် ဖြစ်ပါသည်။

အလျဉ်းသင့်သဖြင့် စာရေးသူ၏ ဆရာကြီးတစ်ဦးက စာရေးသူအား ရှင်းလင်းပြောပြခဲ့သည့် သတင်းအချက်ကလေးကို တင်ပြပါမည်။ ကမ္ဘာပေါ်တွင် ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် အာဏာရှင်ကြီး တစ်ဦးက ၎င်း၏ နောက်လိုက်အဖြစ်သို့ ရောက်ရှိစေရန် အချို့သော လူပုဂ္ဂိုလ်များအပေါ်တွင် ကျင့်သုံးခဲ့ရသည့် အခြေအနေ ဖြစ်ပါသည်။

အထူးသဖြင့် ထူးချွန်ထက်မြက်ပြီး ကိုယ်ပိုင် “မူ”၊ ကိုယ်ပိုင် “စံ” ကို အဓိက ထားရှိသည့် လူပုဂ္ဂိုလ်ကြီးများအား အာဏာရှင်ကြီးက သူ၏နောက်လိုက် အဖြစ်သို့ ရောက်ရှိလာစေရန် အကြမ်းနည်းများကို အသုံးပြု ကျင့်သုံးခဲ့ပုံများ ဖြစ်ပါသည်။ ကျင့်သုံးခဲ့ပုံ အကြောင်းအရာများကို ကြက်တစ်ကောင်အပေါ်တွင် ပြမူဆောင်ရွက်ခြင်းဖြင့် ဥပမာပေးကာ ပြောပြခဲ့ခြင်းဖြစ်ပါသည်။

ပထမအဆင့်အဖြစ် အသုံးပြုသည့်နည်းလမ်းမှာ ကြက်ကို အစားအစာ အလုံအလောက်ကျွေးမွေးပြီး သူ၏ နောက်လိုက်အဖြစ်သို့ ရောက်ရှိစေသည့် နည်းလမ်း ဖြစ်ပါသည်။ သို့မဟုတ် ဆန့်ကျင်ဘက် ဖြစ်သည့် အသက်ရှင်သန် ရပ်တည်နိုင်စေမည့် အခွင့်အလမ်းများကို ပိတ်ဆို့ သည့်နည်းလမ်းကိုလည်း အသုံးပြု ခြင်း ဖြစ်ပါသည်။

ပထမအဆင့် နည်းလမ်းကို အသုံးပြုပြီး အောင်မြင်ခြင်းမရှိသူများအား ဒုတိယနည်းလမ်းအဖြစ် ကြက်ကို လှောင်ချိုင့်အတွင်းသို့ ထည့်သွင်းထားရှိပြီး လိုအပ်ပါက ရေလုံလောက်စွာမတိုက်ဘဲ ထားရှိခြင်း၊ အစားအစာကို လုံလောက်စွာ မကျွေးဘဲထားရှိခြင်းတို့ ပြုလုပ်မည် ဖြစ်ပါသည်။

ဒုတိယအဆင့် နည်းလမ်းကို အသုံးပြုပြီး အောင်မြင်ခြင်းမရှိသူများအား တတိယနည်းလမ်းအဖြစ် လှောင်ချိုင့်အတွင်းသို့ ထည့်သွင်းထားရှိသော ကြက်ကို အမွေးများအား နုတ်ပစ်ပြီးလျှင် လိုအပ်ပါက ရေလုံလောက်စွာ မတိုက်ဘဲ ထားရှိခြင်း၊ အစားအစာကို လုံလောက်စွာ မကျွေးဘဲ ထားရှိခြင်းတို့ ပြုလုပ်မည် ဖြစ်ပြီး ကျေနပ်သည့်အခြေအနေသို့ ရောက်ရှိပါက ရေနှင့် အစားအစာကို လုံလောက်စွာကျွေးခြင်းကို ပြုလုပ်မည် ဖြစ်ပါသည်။

ဆရာကြီးက ဆက်လက်ပြောပြရာတွင် သူ့အနေနှင့် အမွေးလည်း အနုတ်မခံနိုင်၊ ရေငတ်၊ အစားအစာ ငတ်သည်ကိုလည် းမခံနိုင်ပါသဖြင့် ကိုယ်ပိုင် “မူ” ကိုယ်ပိုင် “စံ” ကို အဓိကထားရှိသည်ကို အခြားသူများ မသိစေရန် ကြိုးစား ထိန်းသိမ်းခဲ့ရပြီး လုံးဝ နောက်လိုက်အဖြစ်သို့ မရောက်ရှိစေရန် ကြိုးစားနေထိုင်ခဲ့ရကြောင်း ပြောပြပါသည်။

သို့သော်လည်း မြန်မာနိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ်အများစုအနေနှင့်မူ ဒုတိယအဆင့်နှင့် တတိယအဆင့် နည်းလမ်းများကို အသုံးပြုရန် လိုအပ်မည်မဟုတ်ပါကြောင်းနှင့် ပထမအဆင့်နည်းလမ်းတွင် ပါဝင်သည့် အစားအစာအလုံအလောက်ကျွေးမွေးပြီး သူ၏နောက်လိုက်အဖြစ်သို့ ရောက်ရှိစေသည့် နည်းလမ်း (တစ်နည်းအားဖြင့် အာဏာဖြင့်လည်းကောင်း၊ ရာထူးဖြင့်လည်းကောင်း၊ ငွေကြေး အနည်းငယ် အသုံးပြုပေးပြီးသော်လည်းကောင်း မြှူဆွယ်ခြင်းနည်းလမ်း)ကို အသုံးပြုရုံကာမျှနှင့် အာဏာရှင် ကြီးများအလိုရှိသည့် လူအရေအတွက်ထက်ပင် ကျော်လွန်လျက်ရှိနေမည့် လူအရေအတွက်ကို ရရှိနိုင်ပါကြောင်း ပြောပြပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ ယနေ့အချိန် မြန်မာနိုင်ငံ တွေ့ကြုံရင်ဆိုင်လျက်ရှိသည့် ပြည်သူ ပြည်သား နိုင်ငံသားတို့၏ အသက်ပေါင်းမြောက်မြားစွာ သေကျေပျက်စီးစေလျက်ရှိနေခြင်း၊ အချို့သော ပြည်သူပြည်သား နိုင်ငံ သားများမှာ အိုးအိမ်စွန့်ခွာ နေရပ် စွန့်ခွာ ဘဝများတွင် အသက်ရှင်သန် နေထိုင်ရလျက်ရှိနေခြင်း၊ တိုင်းပြည် နိုင်ငံမှာလည်း ကမ္ဘာပေါ်တွင် ဖွံ့ဖြိုး မှု အနည်းဆုံး သို့မဟုတ် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံများ စာရင်း တွင်ပါဝင်လျက်ရှိနေခြင်းတို့၏ အခြေခံအကြောင်းရင်းများကို ရှာဖွေလေ့လာကြည့်ပါက အကြောင်းရင်းတစ်ရပ်မှာ ခိုင်မာအားကောင်း သန်မာသည့် အင်စတီကျူးရှင်းများကို ထူထောင်တည်ဆောက်ရန် ပျက်ကွက်ခဲ့ခြင်း သို့မဟုတ် မထူ ထောင်မတည်ဆောက်ခဲ့ခြင်း တစ်နည်းအားဖြင့် အင်စတီကျူးရှင်း သီအိုရီနှင့် ပတ်သက်သည့် သဘော တရားများကို အကျိုးရှိထိရောက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ရန် ပျက်ကွက်ခြင်း သို့မဟုတ် မဆောင်ရွက်ခြင်းသည် အကြောင်းရင်းတစ်ရပ်အဖြစ် တည်ရှိနေနိုင်သည်ကို တာဝန်ရှိသူများ၊ ပြည်သူ ပြည်သား နိုင်ငံသားများအနေဖြင့် သတိပြု လေ့လာနိုင်ကြစေရန်နှင့် ယခုကဲ့သို့သော အမိုက်အမှောင် ခေတ်ကြီး သို့မဟုတ် ဆိုးရွားပြင်းထန်သည့် အခြေအနေဆိုးကြီး အတွင်းမှ ရုန်းထွက်နိုင်စေရန်အ တွက် အင်စတီ ကျူးရှင်းသီအိုရီကို အသုံးပြုကာ ခိုင်မာအားကောင်း သန်မာသည့် အင်စတီကျူးရှင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးကို ဆောင်ရွက်ခြင်းသည် လွတ်မြောက် နိုင်မည့် ထွက်ရပ်လမ်းတစ်ခု ဖြစ်နိုင်သည်ကို သိမြင်နိုင်ကြစေရန် ရည်ရွယ်ပါသည်။

စာရေးသူသည် စာရင်းအင်းပညာဘာသာရပ်ကို အထူးပြု လေ့လာသင်ယူခဲ့ရပြီး စာရင်းအင်းပညာဘာသာရပ်ကိုပင် သင်ကြား ပြသပေးသည့် အတွေ့အကြုံများအရ သီအိုရီ၊ သဘောတရားနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဖော်ပြရှင်းလင်းတင်ပြရာ တွင် ရှင်းလင်းတင်ပြသည့် ချဉ်းကပ် ပုံ ချဉ်းကပ်နည်းများ၊ အစီအစဉ်များကို စနစ်တကျ သိမြင်နားလည်ပါ သော်လည်း ယခုဆောင်းပါးများ အဖြစ် ရေးသားတင်ပြနိုင်ရန် ကြိုးပမ်းအားထုတ်သည့်အခါတွင်မူ အထက်ဖော်ပြပါ ချဉ်းကပ်ပုံ ချည်းကပ်နည်းများနှင့် အစီအစဉ်များအရ လိုက်ပါဆောင်ရွက်နိုင်ခြင်း မရှိဘဲ အဆင်ပြေသင့်တော်သလို လက်လှမ်းမီရရှိနိုင်သည့် စာအုပ် စာစောင်များကိုသာ အခြေခံပြီး ရေးသားတင်ပြနိုင်သည်ကို စာဖတ် သူများအား ကြိုတင် အသိပေး တင်ပြအပ်ပါသည်။

ပထမဦးစွာ အင်စတီကျူးရှင်း သီအိုရီ၏ ရည်မှန်းချက်နှင့် အင်စတီကျူးရှင်းသီအိုရီနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို စာရေးသူလက်လှမ်းမီသည့် သတင်းအချက်အလက်များကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။ အင်စတီကျူးရှင်းသီအိုရီနှင့် ပတ်သက်သည့် သဘောတရားများသည် နယ်ပယ်စုံ ကဏ္ဍစုံတွင် ပါဝင်လျက်တည်ရှိနေပါသဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ နှင့် သဘောတရားများသည် အမျိုး မျိုးအဖုံဖုံကွဲပြားခြားနားလျက်ရှိရာ စာရေးသူအနေဖြင့် အင်တာနက်စာမျက်နှာများတွင် အလွယ်တကူ ရရှိနိုင်သည့် စာစောင်များကို အခြေ ခံပြီး ရှင်းလင်းတင်ပြပါမည်။

ထို့ပြင် စာရေးသူအနေဖြင့် လေ့လာသိမြင်ရသည့် အခြေအနေတစ်ရပ်မှာ အင်စတီကျူးရှင်းသီအိုရီသည် ယနေ့အချိန် မြန်မာနိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော် ဆောင်လျက်ရှိသည့် အခြေအနေများ၊ တည်ရှိနေသည့် အခြေအနေများနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိခြင်း ပင် ဖြစ်ပါသည်။ ထို့ကြောင့် စာရေး သူအနေဖြင့် မြန်မာဘာသာသို့ ပြန်ဆိုရာတွင် အခက်အခဲများရှိ သဖြင့် စာဖတ်သူများအနေဖြင့်လည်း လေ့လာဖတ်ရှုရာတွင် အလွယ်တကူ သိမြင်နားလည်နိုင်ရန် ခက်ခဲမည်ကို ကြိုတင်အသိပေး တင်ပြအပ်ပါသည်။ စာဖတ်သူများ အတွက် အလွယ်တကူ သိမြင်နားလည်နိုင်စေရန် အလို့ငှာ မြန်မာ ဘာသာပြန်ဆိုထားချက်များကို ဦးစွာတင်ပြပြီး မူရင်း အင်္ဂလိပ်စကားလုံးများကို ကပ်လျက် တင်ပြပေးပါမည်။

အင်စတီကျူးရှင်းသီအိုရီနှင့် ပတ်သက်သည့် ရည်မှန်းချက်ကို တင်ပြရပါလျှင် “အင်စတီကျူးရှင်း သီအိုရီ၏ ရည်မှန်းချက်သည် သီးခြားလူမှုရေးအရ တည်ဆောက်ထားရှိသည့် အကြောင်းအရာ အခြေအနေများအပေါ်တွင် တည်ငြိမ်စေမှုနှင့် လူမှုရေးနှင့် ပတ်သက်သည့် လှုပ်ရှားဆောင်ရွက်မှုများတွင် မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုတို့ကို ရှင်းလင်းဖော်ထုတ်တင်ပြရန် ဖြစ်ပါသည်။ ၎င်းတွင် ကမ္ဘာပေါ်ရှိ စနစ်တစ်ခုမှသည် လူ့လောကအတွင်းရှိ အဖွဲ့အစည်းငယ်ကလေးများ အတွင်းအထိတိုင်အောင် ပါဝင်ပါသည်။

၎င်းအပြင် ပုံမှန် အချိန်မှန် တည်ရှိဖြစ်ပေါ်နေခြင်းများသည် ပြိုင်ဆိုင်မှုရှိသည့်လုပ်ငန်းစဉ်များ တွင် လူတစ်ဦးချင်းစီ၏ ဆင်ခြင်တုံတရားဖြင့် ထိန်းကျောင်းဆောင်ရွက်ရသော ပြိုင်ဆိုင်မှုများမှ ဆန်းသစ် တီထွင်ခြင်းများနှင့်အတူ ဖြစ်ထွန်း ပေါ်ပေါက်လာစေခြင်း ဖြစ်ပါသည်။

၎င်းသည် အင်စတီကျူးရှင်းများအဖြစ် တည်ရှိဖြစ်ပေါ်လာစေ ခြင်းဖြစ်ပြီး အထူးသဖြင့် ဆက်စပ် စဉ်းစားရမည့် အကြောင်းအရာ အခြေအနေများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အဓိက အစိတ်အပိုင်း ဖြစ်လာစေပါသည်။

ထို့ပြင် လူတစ်ဦးချင်းစီမှသည် လူ့အဖွဲ့အစည်းများ၊ လူမျိုးတူအုပ်စုများ၊ တိုင်းပြည်နိုင်ငံတော်အဆင့်အထိ လူမှုရေးအရ တည်ဆောက်ထားရှိသည့် လှုပ်ရှားဆောင်ရွက်သူများ အကြားတွင် စံပြ စံနမူနာအဖြစ် လှုပ်ရှားဆောင်ရွက်မှုများနှင့် တည်ငြိမ်စေရန် ကြိုးပမ်းအားထုတ်ခြင်းကို ရှင်းလင်းဖော်ထုတ်တင်ပြခြင်းကို  အကြီးအကျယ် ပြုလုပ်ဆောင်ရွက်ခြင်းများလည်း ပါဝင်ပါသည်။”

“The aim of Institutional Theory is to explain the stability and persistence of social (inter)action in specific socially constructed contexts (ranging from the world system to the intra-organizational realm).  Besides regularities emerging from the encounter of competitive processes with the bounded rationality of individuals, it is the presence of institutions, salient in the specific action context, that largely explains stability in (inter)action patterns among socially constructed actors (ranging from individuals, to organizations, communities or states).” (Reference: 1, pp – 1)

အင်စတီကျူးရှင်းသီအိုရီနှင့် ပတ်သက်သည့် အဓိပ္ပာယ်ကို တင်ပြရပါလျှင်  “အင်စတီကျူးရှင်း သီအိုရီဆိုသည်မှာ ယနေ့အချိန် တွေ့မြင်လျက်ရှိသည့် အဖွဲ့အစည်းများကို လေ့လာဆန်းစစ်ခြင်း၊ လူမှုဗေဒ၊ လူမှုရေးစိတ်ပညာ၊ နိုင်ငံရေးသိပ္ပံ နှင့် စီးပွားရေးပညာရပ်များမှ ဆွဲယူကောက်ချက်ချခြင်း၊ လူမှုရေး အစီအစဉ်စနစ်၊ လူမှုရေးလှုပ်ရှား ဆောင်ရွက်မှုများနှင့် ယဉ်ကျေးမှု အရ ထိန်းသိမ်းထားရှိခြင်းများ အတွက် ထုတ်ဖော်ရှင်းလင်းတင်ပြရန် ကမ်းလှမ်းဖိတ်ခေါ်ချက်များ၏ အခြေခံ အုတ်ချပ်တစ်ခုပင် ဖြစ်ပါ သည်။

၎င်းသည် လူမှုရေးစနစ်များတွင် အဆင့်အမျိုးမျိုးနှင့် တည်ရှိနေသော အဖွဲ့အစည်း၊ နယ်ပယ်၊ လူမှုအဖွဲ့အစည်း၊ ကမ္ဘာ စသည်တို့ကို တည်ငြိမ်စေရန်နှင့် ယဉ်ကျေးမှု သို့မဟုတ် စံနှုန်းများအရ တရားစီရင်ပိုင်ခွင့်၊ ဥပဒေအရ သဘောထား ကွဲလွဲမှု၊ ၀ိရောဓိ ပဋိပက္ခဖြစ်လျက်ရှိခြင်း သို့မဟုတ် ပြောင်းလဲလာသည့် အခြေအနေများအောက်တွင် အင်စတီကျူးရှင်းလုပ်ငန်းစဉ်များ၏ အကျိုးသက်ရောက်မှုတို့အကြားရှိ သက်ဆိုင်ပတ်သက်လျက်ရှိသည့် အကြောင်းအရာများလည်း ပါဝင်ပါသည်။

အင်စတီကျူးရှင်းသီအိုရီ သည် လူမှုဘဝ၏အဓိပ္ပာယ်ကို ဖော်ဆောင်ခြင်း၊ လူမှုရေးလှုပ်ရှားမှုများကို လုပ်ပိုင်ခွင့် အာဏာပေးအပ်ခြင်း နှင့် လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ထိန်းချုပ်ခြင်းများတွင် ယဉ်ကျေးမှုအရ ယုံကြည်ချက်များနှင့် ရေးသားတင်ပြမှတ်တမ်းတင်ထားရှိခြင်းများအား သရုပ်သကန်အမှန်ကို ကိုယ်စားပြု ဖော်ထုတ်ခြင်းနှင့် စည်းမျဉ်းစည်းကမ်း နည်းဥပဒေတို့၏ အခန်းကဏ္ဍနှင့် စံချိန်စံညွှန်းစံနှုန်းများကို စိတ်ဝင်စားဖွယ်ကောင်း ပြီး ထင်ရှားပေါ်လွင်လာစေရန်ဖော် ထုတ်ဆောင်ရွက်ပေးခြင်းတို့ ဖြစ်ကြပါသည်။”

“Institutional theory, a building block of today’s organization studies, drawing from sociology, social psychology, political science, and economics, offers explanations for social order, social action and cultural persistence. It does it with regard both to the stability of social systems at various levels (i.e. organization, field, society, world), and to the effects of institutional processes in situations of change or of conflicting legal, cultural or normative jurisdictions. Institutional theory highlights the role of rules, norms, and typifications (cultural beliefs and scripts) in constraining and empowering social action and giving meaning to social life.” (Reference: 1, pp – 1)

ဒုတိယအနေဖြင့် အင်စတီ ကျူးရှင်းသီအိုရီနှင့် ပတ်သက်သည့် သဘောတရားအချို့ကို ရှင်းလင်းတင်ပြပါမည်။  အင်စတီကျူးရှင်း သီအိုရီသည် လွန်စွာ ကြီးမားလွန်းသည့်အပြင် လွန်စွာကျယ်ပြန့်လှသည့်အတွက် ယခုကဲ့သို့သော ဆောင်းပါးအဆင့်နှင့် ခြုံငုံသည်အထိ ပြည့်စုံစွာ ရှင်းလင်းတင်ပြရန် မဖြစ်နိုင်ပါ။ ထို့ကြောင့် စာရေးသူအနေနှင့် အရေးကြီးသည်ဟု ထင်မြင်ယူဆသည့် အပိုင်းကလေးများကိုသာ ပြတ်တောင်းပြတ်တောင်း ဖြင့် ရှင်းလင်းတင်ပြနိုင်ပါသည်။ စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရန် အင်စတီကျူးရှင်းသီအိုရီနှင့် ပတ်သက်သည့် သဘောတရား အချို့ကို ပုံတွင် (စာ ၄) ဖော်ပြထားပါသည်။ အသေးစိတ်ကို ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။

စာရေးသူအနေဖြင့် (Reference: 2) တွင် ဖော်ပြထားသည့် အင်စတီကျူးရှင်းသီအိုရီနှင့် ပတ် သက်သော အကြောင်းအရာအချို့ကို ရှင်းလင်း တင်ပြပါမည်။ ရှင်းလင်းတင်ပြရာတွင် (Reference: 2) တွင် ဖော်ပြထားရှိသည့်သတင်း အချက်အလက်များအား ယခု ဆောင်းပါးအဆင့်နှင့် အပြည့်အစုံ ဖော်ပြရန် မဖြစ်နိုင်ပါသဖြင့် စာရေးသူအနေနှင့် တင်ပြသင့်သည်ဟု ထင်မြင်သည့် သတင်းအချက်လက် များကိုသာ ရွေးထုတ်တင်ပြပါမည်။

စာဖတ်သူများအနေဖြင့် အင်စတီကျူးရှင်းသီအိုရီနှင့် ပတ်သက်သည့် သဘောတရားများ၏ အတိမ်အနက်ကို မှန်းဆနိုင်စေရန်အလို့ငှာ ယနေ့အချိန် အချို့သောပညာရှင် ကြီးများက ၎င်းတို့ကိုယ်တိုင် ၎င်းတို့၏ ကျွမ်းကျင်မှုနယ်ပယ်ကို အခြေခံ၍ မိမိကိုယ်ကိုယ် “အင်စတီကျူးရှင်းဝါဒီများ” (Institutionalist) အဖြစ် သတ်မှတ်ခေါ်ဆိုသည့် အဆင့်သို့ ပင် ရောက်ရှိလျက်ရှိနေပါသည်။ ၎င်းသဘောတရားကို အခြေခံကာ “အင်စတီကျူးရှင်းဝါဒီများ” (Institutionalist) အမျိုးအစားသုံးမျိုးကို ဖော်ပြပါသည်။

ပထမအမျိုးအစားမှာ လူမှုရေးနှင့် ပတ်သက်သည့် အင်စတီကျူးရှင်းဝါဒီများ (The Sociological Institutionalists) ဖြစ်ပြီး ၎င်း၏ အဓိက အာရုံစူးစိုက်ရာ နယ်ပယ် ကို တင်ပြရပါလျှင် လူမှုဗေဒနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ တွင်ရှိသော လူမှုရေးနှင့်ပတ်သက်သည့် အင်စတီကျူးရှင်းဝါဒီများသည် ကြီးမားကျယ်ပြန့်သည့် ယဉ် ကျေးမှုဓလေ့ထုံးစံများနှင့် စိတ်ကူး စိတ်သန်းများ သဘောတရားများ ဖြစ်ထွန်းပေါ်ပေါက်လာစေသည့် အကြောင်းတရားများအပေါ်တွင် အဓိကဆုံချက်ဖြစ်သည့် “ကမ္ဘာ့ လူ့ အဖွဲ့အစည်း”၏ လွှမ်းမိုးမှုကို မေး ခွန်းထုတ် လေ့လာဆန်းစစ်ခြင်းကို ပြုလုပ်လေ့ရှိကြပါသည်။

“The sociological institutionalists in the sociology of organizations and those examining the influence of the “world society” tend to focus on largely cultural and ideational causes.”

ဒုတိယအမျိုးအစားအနေဖြင့် သမိုင်းနှင့်ပတ်သက်သည့် အင်စတီ ကျူးရှင်းဝါဒီများ (Historical Institutionalists) ဖြစ်ပြီး ၎င်း၏ ထုံးစံအတိုင်း အဓိက အာရုံစူးစိုက်ရာ နယ်ပယ်ကို ရှင်းလင်းတင်ပြရပါ လျှင် သမိုင်းနှင့် ပတ်သက်သည့် အင်စတီကျူးရှင်းဝါဒီများသည် ယေဘုယျအားဖြင့် လမ်းကြောင်းအရ တည်မှီနေမှုအရသော်လည်း ကောင်း၊ အချိန်အခါအရသော် လည်းကောင်း ပါဝင်ပတ်သက်နေခြင်းများ၊ အမျိုးမျိုးအဖုံဖုံသော ဆက်စပ်ပတ်သက်မှုများနှင့် အတူ တကွတည်ရှိ ဖြစ်ပေါ်စေမှု၏ အကျိုးတရားများကို မျှော်လင့် စောင့်စားနေမည့်အစား သီးခြားသီးသန့်တည်ရှိနေသည့် အင်စတီကျူးရှင်း သီအိုရီအပေါ်တွင် အမှီပြုခြင်း မူတည်ခြင်းမပြုဘဲ ကျယ်ပြန့်သည့် မက်ခရိုနိုင်ငံရေးအဆင့် သို့မဟုတ် တိုင်းပြည် နိုင်ငံတော်အဆင့်ကိုသာလျှင် အဆုံးအဖြတ်ပေးရန် အဓိက အာရုံစူးစိုက်ကြပါသည်။

“Historical institutionalists typically focus on determinants at the state or macro-political level, though they rely on no particular institutional theory, and instead expect that causation to be multiple and conjunctural and often involving time-order and path dependence.”

တတိယအမျိုးအစားမှာ နိုင်ငံ ရေးနှင့် ပတ်သက်သည့် အင်စတီ ကျူးရှင်းဝါဒီများ (Political Institutionalists) ဖြစ်ပြီး ၎င်း၏ ထုံးစံ အတိုင်း အဓိက တည်ရှိရာ နယ်ပယ် ကို ရှင်းလင်းတင်ပြရပါလျှင် နိုင်ငံရေးနှင့် ပတ်သက်သည့် အင်စတီကျူးရှင်းဝါဒီများသည် နိုင်ငံရေးဖြစ် စဉ်များနှင့် နိုင်ငံရေးရလဒ်များအပေါ်တွင် အဓိကလွှမ်းမိုးချုပ်ကိုင် လျက်ရှိသည့် နိုင်ငံရေးပါတီစနစ် များနှင့် နိုင်ငံရေးစနစ်များ၊ တိုင်း ပြည် နိုင်ငံတော် ဖွဲ့စည်း တည်ဆောက် ထူထောင်ရာတွင် လုပ်ငန်းစဉ်များအပေါ်၌ ဝေဖန်ထောက်ပြ ဆန်းစစ်ခြင်းနှင့် ကျယ်ပြန့်သည့် မက်ခရိုနိုင်ငံရေးအဆင့် သို့မဟုတ် တိုင်းပြည် နိုင်ငံတော်အဆင့်တွင် ရသင့်ရထိုက်သည်ဟု ယူဆသော အခွင့်အရေးများကို ပေါ်လွင်စေရန် ဖော်ထုတ်ပြသပြီး တောင်းဆိုခြင်းကို ပြုလုပ်ပေးကြပါသည်။

“Political institutionalists typically situate their claims at the state or macro-political level and argue that process of formation of states, political systems, and political party systems strongly influence political processes and out-comes.”

တတိယအနေဖြင့် အဖွဲ့ အစည်း၏ အဓိပ္ပာယ်သဘောတရား နှင့် အင်စတီကျူးရှင်း၏ အဓိပ္ပာယ် သဘောတရားတို့ ကွဲပြားခြားနား သည့် အချို့သော အချက်များကို စာ ဖတ်သူများအလွယ်တကူ သိမြင်နိုင် စေမည့် ဥပမာများနှင့် တင်ပြထား သည့် (Reference: 3) တွင် ဖော်ပြ ထားသည့် အချက်များအား တင်ပြ ပါမည်။ ရှုထောင့်အမျိုးမျိုး အမြင် အမျိုးမျိုးဖြင့် အဖွဲ့အစည်း၏ အဓိ ပ္ပာယ်သဘောတရားနှင့် အင်စတီ ကျူးရှင်း၏ အဓိပ္ပာယ်သဘော တရားတို့ တူညီသည့် အချက်များ နှင့်  ကွဲပြားခြားနားသည့် အချက် များကို ရှင်းလင်းတင်ပြထားသည့် စာစောင်စာအုပ်အမြောက်အမြား တည်ရှိနေသည်ကိုလည်း လေ့လာ တွေ့ရှိရပါသည်။

အဖွဲ့အစည်းတစ်ခုနှင့် အင်စတီကျူးရှင်းတစ်ခုတို့၏ အကြားရှိ ခြားနားချက်သည် ဘာဖြစ်ပါသလဲ။ မည်သည့်အချက်များ ဖြစ်ပါသလဲ။ (What’s the difference between an organization and an institution?) စာဖတ်သူများ အတွက် အလွယ်တကူ သိမြင်နိုင်မည့် ဥပမာများမှာ -

(၁) စာသင်ကျောင်းတစ်ကျောင်း သည် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပညာရေးသည် အင်စတီကျူးရှင်း တစ်ခု ဖြစ်ပါသည်။ (A school is an organization; education is an institution)

(၂)  ဘောလုံးအသင်းတစ်သင်းသည် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘောလုံး အားကစားတစ်ရပ်သည် အင်စတီ ကျူးရှင်း တစ်ခုဖြစ်ပါသည်။ (A football club is an organization; football as a game is an institution)

(၃) ကစားပွဲတစ်ရပ်၏ စည်းမျဉ်း စည်းကမ်းများသည် အင်စတီကျူးရှင်းများဖြစ်ပါက အားကစားသမား တစ်ဦး သို့မဟုတ် အားကစားအ သင်းတစ်သင်းအား အဖွဲ့အစည်း တစ်ခုအဖြစ် မှတ်ယူနိုင်ပါသည်။ (An organization is a player, while institutions are the rules of the game)

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ယနေ့အချိန် မြန်မာနိုင်ငံ တွေ့ကြုံရင်ဆိုင်လျက်ရှိသည့် ပြည်သူပြည်သားနိုင်ငံသားတို့၏ အသက်ပေါင်း မြောက်မြားစွာ သေ ကျေပျက်စီးစေလျက်ရှိနေခြင်း၊ အချို့သော ပြည်သူ ပြည်သား နိုင်ငံ သားများမှာ အိုးအိမ်စွန့်ခွာ နေရပ် စွန့်ခွာဘဝများတွင် အသက်ရှင်သန် နေထိုင်ရလျက်ရှိနေခြင်း၊ တိုင်းပြည် နိုင်ငံမှာလည်း ကမ္ဘာပေါ်တွင် ဖွံ့ဖြိုး မှု အနည်းဆုံး သို့မဟုတ် ကမ္ဘာပေါ် တွင် အဆင်းရဲဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်လျက်ရှိနေခြင်းတို့၏ အခြေခံအကြောင်းရင်းများကို ရှာ ဖွေလေ့လာကြည့်ပါက အကြောင်း ရင်းတစ်ရပ်မှာ ခိုင်မာအားကောင်း သန်မာသည့် အင်စတီကျူးရှင်းများ ကို ထူထောင်တည်ဆောက်ရန် ပျက်ကွက်ခဲ့ခြင်း သို့မဟုတ် မထူထောင် မတည်ဆောက်ခဲ့ခြင်း တစ်နည်းအားဖြင့် အင်စတီကျူးရှင်းသီအိုရီနှင့် ပတ်သက်သည့် သဘောတရားများကို အကျိုးရှိထိရောက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ရန် ပျက်ကွက်ခြင်း သို့မဟုတ် မဆောင်ရွက်ခြင်းသည် အကြောင်းရင်းတစ်ရပ်အဖြစ် တည်ရှိနေနိုင်သည်ကို တာဝန်ရှိသူများ၊ ပြည်သူပြည်သားနိုင်ငံသားများအနေဖြင့် သတိပြု လေ့လာနိုင်ကြပြီး ယခုကဲ့သို့သော အမိုက်အမှောင်ခေတ်ကြီး သို့မဟုတ် ဆိုးရွားပြင်း ထန်သည့် အခြေအနေဆိုးကြီး အတွင်းမှ ရုန်းထွက်နိုင်စေရန်အ တွက် အင်စတီကျူးရှင်းသီအိုရီကို အသုံးပြုကာ ခိုင်မာအားကောင်း သန်မာသည့် အင်စတီကျူးရှင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးကို ဆောင်ရွက်ခြင်းသည် လွတ်မြောက်နိုင်မည့် ထွက်ရပ်လမ်းတစ်ခုဖြစ်နိုင် သည်ကို တာဝန်ရှိသူများနှင့် ပြည်သူ ပြည်သား နိုင်ငံသား အားလုံးတို့အနေဖြင့် သိမြင်နားလည်နိုင်ကြစေပြီးလျှင် အခြေအနေဆိုးကြီးအတွင်းမှ လွတ်မြောက်နိုင်စေရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

References:

1. G. Delmestri (2007), “Institutional Theory”, In Steward R. Clegg and James R. Bailey, International Encyclopedia of Organization Studies, Vol. 2, pp. 683-688. Sage Publications.

2. Edwin Amenta and Kelly M. Ramsey (2009), “Institutional Theory”, University of California, Irvine, December 2009. Re-searchGate.

3. Johan Ivar S®b (2017), “Institutional Theory”, IN520. Lect-ure, 4 September, 2017. Pp – 5.

Most Read

Most Recent