ဂျူပီတာဂြိုဟ်၏လဖြစ်သော ယူရိုပါပေါ်တွင် တွေ့ရသော ကာဗွန်ဒိုင်အောက်ဆိုက်သည် ယင်းလ၏ ရေခဲဖုံးထားသော မျက်နှာပြင်အောက်ရှိ သမုဒ္ဒရာမှ ထွက်လာခြင်းဖြစ်သည်ဟု ဂျိမ်းဝက်ဘ် အာကာသတယ်လီစကုပ်အချက်အလက်များကို အသုံးပြုထားသော သုတေသနတွင်ဖော်ပြထားသည်။ အဆိုပါ သုတေသနကို စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပိတ်ဖုံးခံထားရသော ရေများသည် သက်ရှိကို လက်ခံနိုင်သည်ဟူသော မျှော်လင့်ချက်များအား မြင့်တက်လာစေသည်။
သိပ္ပံပညာရှင်များသည် ယူရိုပါလ၏ ရေခဲဖုံးနေသော မျက်နှာပြင်၏အောက်ဘက် ကီလိုမီတာများစွာ၌ ရေငန်သမုဒ္ဒရာပြင်ကြီးရှိနေသည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် ယူရိုပါလသည် ကျွန်ုပ်တို့၏ စကြဝဠာတွင် ကမ္ဘာပြင်ပသက်ရှိကို လက်ခံထားသည့် အဓိက လတစ်စင်းဖြစ်လာရန်ရှိနေသည်။
ရေခဲဖုံးနေသော သမုဒ္ဒရာသည် သက်ရှိကို အထောက်အပံ့ပေးရန် မှန်ကန်သော ဓာတုဗေဒဆိုင်ရာဒြပ်စင်များ ရှိနေသလောဆိုသည်ကို ဆုံးဖြတ်ရန် ခက်ခဲနေသည်။
အသက်၏ အဓိကကျသော အခြေခံအုတ်ချပ်တစ်ခုဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုက်ကို ယူရိုပါလ၏ မျက်နှာပြင်ပေါ်တွင် တွေ့ရှိထားခြင်းဖြစ်သော်လည်း ယင်းကာဗွန်ဒိုင်အောက်ဆိုက်သည် ယူရိုပါလ၏မျက်နှာပြင်အောက်တွင်ရှိသော သမုဒ္ဒရာထဲက ထွက်ပေါ်လာခြင်း ဟုတ်မဟုတ်ဆိုသည်မှာ မေးခွန်းတစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။
ထိုမေးခွန်းအတွက် အဖြေရှာရန် ရည်ရွယ်လျက် အမေရိကန်ဦးဆောင်သော သုတေသနအဖွဲ့နှစ်ဖွဲ့သည် ယူရိုပါလပေါ်က ကာဗွန်ဒိုင်အောက်ဆိုက်ကို ပုံစံထုတ်ကြည့်ရန် ဂျိမ်းဝက်ဘ်အဝေးကြည့်မှန်ပြောင်း၏ အနီအောက်ရောင်ခြည်သုံး ရောင်စဉ်ကြည့်ကိရိယာ (spectrometer)မှရရှိသော အချက်အလက်များကို အသုံးပြုခဲ့ကြသည်။ သီးခြားလေ့လာချက်များမှ ထွက်ပေါ်လာသော ရလဒ်များကို သိပ္ပံဂျာနယ်တွင် ဖော်ပြခဲ့ကြသည်။
ကာဗွန်ဒိုင်အောက်ဆိုက်အ များဆုံးရှိသောနေရာသည် မညီမညာဖြစ်နေသောကုန်းရိုးတန်းများနှင့် အက်ကွဲကြောင်းများရှိရာ chaos terrain (ကုန်းကမူများ၊ ချောက်များ၊ အက်ကွဲကြောင်းများ ဖြစ်ပေါ်နေသာဂြိုဟ်မျက်နှာပြင် သို့မဟုတ် လမျက်နှာပြင်) တာရာရီဂျီယိုဖြစ်သည်။ တာရာရီဂျီယိုသည် ဗြက်အားဖြင့် ၁,၈၀၀ ကီလိုမီတာ (၁,၁၂၀ မိုင်) ကျယ်သည်။
အတိအကျအားဖြင့် ပြောရ မည်ဆိုပါက မည်သည့်အရာက chaos terrain ကို ဖန်တီးထားသလဲဆိုသည်ကို ကောင်းစွာ နားလည်ကြမည်မဟုတ်ပါ။ သို့ရာတွင် သီအိုရီတစ်ခုရှိနေသည်။ ထိုသီအိုရီမှာ သမုဒ္ဒရာမှ ထွက်လာသော ရေပူများသည် အပေါ်ကို မြင့်တက်လာပြီး လမျက်နှာပြင်ပေါ်က ရေခဲများကို အရည်ပျော်စေသည်။ ထို့နောက် ကာလကြာသည့်အခါ မျက်နှာပြင် သည် မညီမညာ အဖုအထစ် အချွန်အတက်များအဖြစ် ပြန်လည် အေးခဲသွားသည်ဟူသော အယူအဆဖြစ်သည်။
ဂျိမ်းဝက်ဘ် အာကာသတယ် လီစကုပ် အချက်အလက်များကို အသုံးပြုထားသော ပထမဆုံး လေ့လာချက်၌ ကာဗွန်ဒိုင်အောက်ဆိုက်သည် ယူရိုပါလ၏ မျက်နှာပြင်အောက်တွင်ရှိနေသော သမုဒ္ဒရာမှလာခြင်းမဟုတ်ဘဲ ဥပမာ ယူရိုပါလပေါ်ကို အခြားတစ်နေရာက ရောက်လာခြင်းလောဆိုသည်ကို စူးစမ်းထားသည်။
ကာဗွန်သည် အတွင်းပိုင်းမှ လာခြင်းဖြစ်ပြီး အတွင်းသမုဒ္ဒရာ ထဲကလာပုံရသည်ဟု ၎င်းတို့ ကောက်ချက်ချခဲ့ကြောင်း လေ့လာချက်ကို ဦးဆောင် ပြုစုသူလည်းဖြစ် ကော်နယ်တက္ကသိုလ်က ဂြိုဟ်နက္ခတ်ဆိုင်ရာ သိပ္ပံပညာရှင်လည်းဖြစ်သော ဆမန်သာထရွန်ဘိုက အေအက်ဖ်ပီကိုပြောသည်။
ကာဗွန်သည် ကျောက်သားနှင့် ဆင်တူသော ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ပါဝင်နေသည့် ဓာတ်သတ္တုအဖြစ် ယူရိုပါလ၏ အတွင်းပိုင်းမှ ထွက်ပေါ်လာသည်ဟူသော အချက်ကို သုတေသနပညာရှင်များက ငြင်းဆန်ခြင်းမပြုပေ။ ယင်းဓာတ်သတ္တုတို့၏ရောင်ခြည်ဖြာထွက်မှုက ကာဗွန်ဒိုင်အောက်ဆိုက် ဖြစ်လာရန် ပြိုကွဲသွားနိုင်သည်ဟု ဆိုသည်။
ယူရိုပါလ၏ အရစ်အကြောင်းများထနေသော အဖြူရောင်လွင်ပြင်များ၏ ကျန်သောအပိုင်းထက် သိသိသာသာ ၀ါနေသော နေရာဖြစ်သည့် တာရာရီဂျီယို၌ စားပွဲတင်ဆားကိုလည်း တွေ့ရှိထားသည်။ အဆိုပါ ဆားသည် သမုဒ္ဒရာမှ ဖြစ်လာပုံရသည်ဟု သိပ္ပံပညာရှင်များက ယူဆထားသည်။
“ဒီတော့ကာ အခု ကျွန်တော်တို့မှာ ဆားရှိနေပြီ။ ကာဗွန်ဒိုင် အောက်ဆိုက်လည်းရှိနေပြီ။ ယူရိုပါရဲ့အတွင်းပိုင်း ဓာတုဗေဒဟာ ဘာဖြစ်နိုင်သလဲဆိုတာကို ကျွန်တော်တို့ နည်းနည်း စတင်လေ့လာနေပါတယ်”ဟု ထရွန်ဘိုက ပြောသည်။ ကာဗွန်သည် ယူရိုပါအတွင်းပိုင်းမှ မြစ်ဖျားခံသည်ဟု ဒုတိယလေ့လာချက်တွင် တွေ့ရသည်ဟုဆိုသည်။















