WBC ချန်ပီယံ တိုင်ဆန်ဖျူရီ နှင့် WBA(Super)၊ IBF နှင့် WBO ချန်ပီယံ အူဆိုက်တို့ထိုးသတ်မည့် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲသည် အစောဆုံး ဒီဇင်ဘာလတွင် ဖြစ်နိုင်ခြေရှိကြောင်း တိုင်ဆန်ဖျူရီ၏ ပွဲစီစဉ်သူ ဘော့အာရမ်က အတည်ပြုပြောကြားခဲ့သည်။
၎င်းက ယင်းချန်ပီယံပေါင်းစည်းပွဲမှာ ယခုနှစ်ကုန်ပိုင်းတွင် မဖြစ်ခဲ့လျှင် လာမည့် ၂၀၂၄ ခုနှစ်အတွင်း ထိုး သတ်သွားမည်ဟု ဘော့အာရမ်က မှတ်ချက်ပြုခဲ့သည်။ အသက်(၉၁)နှစ်အရွယ်ရှိ ဘော့အာရမ်သည် လာမည့်အောက်တိုဘာလ(၂၈)ရက်၌ တိုင်ဆန်ဖျူရီနှင့် UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်ဂန်နူတို့ ထိုးသတ်မည့်ပွဲ Promotion ပြုလုပ်နေစဉ် ယခုကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
"ဒီပွဲက ဖြစ်မြောက်ဖို့ မခက်ခဲပါဘူး။ အူဆိုက်ရဲ့လူတွေကို ကျွန်တော် ကောင်းစွာသိပါတယ်။ သူတို့ဟာ နှစ်လိုဖွယ်ကောင်းတဲ့သူတွေပါ။ သူ့ရဲ့မန်နေဂျာ၊ သူ့ရဲ့ ပွဲစီစဉ်သူက အံ့ချီးဖွယ်ရာကောင်းတဲ့ လူပုဂ္ဂိုလ်တွေပေါ့။ အူဆိုက်ကိုယ်တိုင်ကလည်း လက်ဖျားခါလောက်တဲ့သူ တစ်ဦးပါ။ ဒီပွဲကို ထိုးသတ်ချင်မယ်လို့ ကျွန်တော် ယူဆပါတယ်။ အဲဒီပွဲဖြစ်လာတော့မယ်လို့ ကျွန်တော် တွေးထင်မိပြီး အမြန်ဆုံးဖြစ်လာနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဖြစ်နိုင်ခြေရှိတာက လာမယ့်နှစ်အစောပိုင်းမှာပေါ့။ ဒါပေမဲ့ ဒီပွဲက အစောဆုံး ဒီဇင်ဘာလည်း ဖြစ်သွားနိုင်ပါတယ်။ သူ့ (ဖျူရီ)ကို အူဆိုက်နဲ့ထိုးတာ မြင်လိုပါတယ်"ဟု ဘော့အာရမ်က Sky Sports သို့ ပြောကြားခဲ့သည်။