အာဆင်နယ်ဝါရင့်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို (၃၁ နှစ်) သည် အာဆင်နယ်အသင်းတွင် ပုံမှန်ပွဲကစားခွင့်ရရန် ရုန်းကန်နေရပြီး ယခုရာသီ ပြိုင်ပွဲစုံ သုံးပွဲကစားခွင့်ရထားသော်လည်း ယင်းသုံးပွဲစလုံးမှာ လူစားဝင်အဖြစ်သာ ကစားခဲ့ရခြင်းဖြစ်သည်။
ဂျော်ဂျင်ဟိုက "အာတီတာနဲ့ ကျွန်တော့်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ကျွန်တော် ပွဲထွက်ကစားခွင့်မရတာနဲ့ပတ်သက်လို့ သူ့အနေနဲ့ ကျွန်တော့်ကို ရှင်းပြစရာမရှိပါဘူး။ ပွဲထွက်ကစားခွင့်ရဖို့ ကျွန်တော် လုပ်ရမှာ နေ့တိုင်းအလုပ်ကို ကြိုးစားလုပ်ပြီး ပွဲကစားဖို့ အသင့်ဖြစ်နေတယ်ဆိုတာကို ပြသရမှာပါ။ အာဆင်နယ်မှာ ကျွန်တော် ပျော်ပါတယ်။ ဒါပေမဲ့ ကစားသမားတိုင်း ပွဲကစားချင်ပြီး အဲဒီအတွက် တိုက်ပွဲဝင်သွားမှာပါ"ဟု ပြောကြားခဲ့သည်။