BRI ညီလာခံတွင် မြန်မာနိုင်ငံ၏သဘာဝရေပြင်မှဖမ်းဆီးရရှိသည့် ရေထွက်ကုန်နှင့် မွေးမြူရေးရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt And Road Initiative-BRI)တွင် ပါဝင်သည့်နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံနှင့် တရုတ်-အာဆီယံကုန်စည်ပြပွဲသို့တက် ရောက်ရန် စက် တင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ စီမံကိန်းဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင် ဘာ ၁၄ ရက်မှ ၁၇ ရက်အထိကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt And Road Initiative-BRI)တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန်အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံနှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲများသို့ သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများမှ ကိုယ် စားလှယ်များ တက်ရောက်ကြမည်ဖြစ်ပြီး ညီလာခံတွင် မြန်မာနိုင်ငံ၏ သဘာဝရေပြင်မှ ဖမ်းဆီးရရှိသည့်ရေထွက် ကုန်ပစ္စည်းနှင့် မွေးမြူရေးရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ SPS သဘောတူစာချုပ်များ ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ငါးလအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၄၄ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၂၈ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၄၄ ဒသမ ၄၈၉ သန်းရရှိခဲ့သည်။ ၂၀၂၂-၂၀၂၃ဘဏ္ဍာ နှစ် စက်တင်ဘာ ၁ ရက်အထိ ပြည်ပသို့ ရေထွက် ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၇၃ ဒသမ ၂၁၇ သန်းရရှိခဲ့သည်။ အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိ ဘဏ္ဍာနှစ် စက်တင်ဘာ ၁ ရက်အထိမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ၂၈ ဒသမ ၇၂၈ သန်းလျော့ကျခဲ့ သည်။
နှစ်အလိုက် ပြည်ပသို့ ရေထွက်ပစ္စည်း တင်ပို့မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၃၂ဒသမ ၁၅၆ သန်း၊ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင်ဒေါ်လာ ၈၅၈ဒသမ ၉၆၀ သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၇၈၅ ဒသမ ၀၂၁ သန်း၊၂၀၂၁-၂၀၂၂ Mini Budget ကာလအတွင်း ဒေါ်လာ ၄၈၁ ဒသမ ၆၅၇ သန်းရရှိခဲ့သည်။
မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး အသားကဏ္ဍအနေဖြင့် လက်ရှိတွင်တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်နိုင်ငံသို့ နယ်စပ်ကတစ်ဆင့် အဓိကတင်ပို့လျက်ရှိသည်။