ခရီးသည်စီးနင်းမှုနည်းသည့်အတွက် မော်လမြိုင် - ရန်ကုန် ရထားခရီးစဉ်များအနက်မှ RBE တွဲဆိုင်းများဖြင့် ပြေးဆွဲနေသည့် ရထားခရီးစဉ်အား ယာယီ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ RBE ရထားတွဲဖြင့် ယခင်က ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ပြေးဆွဲလျက်ရှိရာ လက်ရှိ မိုးတွင်းကာလဖြစ်ခြင်းကြောင့် ခရီးသည်လိုက်ပါစီးနင်းမှု လျော့နည်းသွားခဲ့သည့်အတွက်စက်တင်ဘာလ (၁၁) ရက်နေ့မှ စတင်၍ ပြေးဆွဲမှု ယာယီ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီး မှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။
၎င်းကဆက်လက်ပြီး "လက်ရှိ ပုံမှန်ပြေးဆွဲလျက်ရှိတဲ့ အမှတ်(၈၁) အဆန်ရထားခရီးစဉ်နဲ့ အမှတ် (၈၂) အစုန် ရထားခရီးစဉ်တွေကို နေ့စဉ် ပြေးဆွဲနေမှာဖြစ်ပါတယ်။ အဲ့ဒီရထားခရီးစဉ်တွေမှာ ရထားတွဲဆိုင်းကို လေအိတ်ရထားတွဲဆိုင်းနဲ့ ရိုးရိုး (AAR) ရထားတွဲဆိုင်းတွေ အသုံးပြပြီး တစ်ရက်စီ အလှည့်ကျစနစ်နဲ့ နေ့စဉ်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်" ဟု ပြောကြားသည်။
ထိုရထားခရီးစဉ်မှာ မော်လမြိုင်ဘူတာမှ နေ့စဉ် နံနက် (၈) နာရီခွဲ ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်ဘူတာကြီးသို့ ည (၆) နာရီအချိန်ရောက်ရှိမည်ဖြစ်ကြောင်းနှင့် လမ်းခရီးတွင် မုတ္တမ၊ ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊
ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူး၊ တိုးကြောင်ကလေး စုစုပေါင်း (၁၆) ဘူတာ ရပ်တန့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ RBE ရထားတွဲဆိုင်းဖြင့် ပြေးဆွဲပေးသည် ရထားခရီးစဉ်အား ယခုနှစ် ဇန်နဝါရီလ (၄) ရက်မှ စတင်ကာ တစ်ပတ်လျှင် သုံးရက်ပြေးဆွဲပေးခဲ့ပြီး၊ နောက်ပိုင်းတွင် တစ်ပတ်လျှင် နှစ်ရက်သားပြေးဆွဲပေးခဲ့ရာမှ စက်တင်ဘာလ (၁၁) ရက်မှ စတင်ကာ ရထားပြေးဆွဲမှုအား ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။















