ဝန်ကြီးချုပ်သစ်လက်ထက် ထိုင်းနိုင်ငံရေးလားရာ

ဝန်ကြီးချုပ်သစ်လက်ထက် ထိုင်းနိုင်ငံရေးလားရာ
Photo: AFP
Photo: AFP
Published 29 August 2023
TRANSLATED-ဖြိုးဟိန်းကျော်

လွန်ခဲ့သည့် ၁၅ နှစ်လုံးလုံး အိပ်ပျော်နေရာမှ ဖြူထိုင်းပါတီမှ ဆရီထာ ထာဝီဆင် ဝန်ကြီးချုပ်သစ်ဖြစ်လာသည့် သတင်းနှင့်အတူ သြဂုတ် ၂၂ ရက်တွင် ပြန်နိုးထလာသည့် ထိုင်းနိုင်ငံရေးအကြောင်း တစေ့တစောင်း အကဲခတ်သူတစ်ဦးအဖို့ ထိုကာလအတွင်း မည်သည့်အပြောင်းအလဲမှမရှိခဲ့ဟု အလျင်စလို တွေးဆမိနိုင်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ဘန်ကောက်တွင်ရှိနေပြီး ၎င်းအပေါ်သစ္စာရှိသည့် ထောက်ခံသူလူအုပ်ကြီးကလည်း အားတက်သရော ကြိုဆိုအားပေးလျက်ရှိသည်။ သက်ဆင် တည်ထောင်ခဲ့ သည့် ဖြူထိုင်းပါတီသည်လည်း ထိုင်းအစိုးရကို ဦးစီးပဲ့ကိုင်လျက်ရှိသည်။

ထိုသို့ဆိုလျှင် ၎င်းအကဲခတ်သည် အကြီးအကျယ် မှားယွင်းသွားပေလိမ့်မည်။ ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုအတွင်း ဖြုတ်ချခံရပြီးနောက် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလထဲတွင် ပထမဆုံးအကြိမ်ထိုင်းသို့ ခေတ္တပြန်လာခြင်းနှင့် ၂၀၂၃ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ဒုတိယအကြိမ် ပြန်ရောက်လာသည့် အခြေအနေတို့သည် တူညီမှုမရှိပေ။

သက်ဆင်သည် ထိုင်းသို့ပြန်ရောက်ချိန်တွင် မျက်ကွယ်ချမှတ်ခံရသောပြစ်ဒဏ်များကို ကျခံရန်အတွက် အကျဉ်းထောင်ဆီသို့ ပို့ဆောင်ခံခဲ့ရသည်။ စင်စစ်အားဖြင့်ဖြူ ထိုင်းပါတီသည် အစိုးရသစ်ကိုဦးဆောင် မည်ဖြစ်သော်လည်း ယခုနေရာသို့ရောက်ရှိနိုင်ရန် ပေးဆပ်ရမည့် အရင်းအနှီးသည် ကြီးမားနိုင်သည်။

အထက်လွှတ်တော်၏ထောက်ခံမှုသည် အကြောင်းမဲ့မဟုတ်

ထာဝီဆင်သည် Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရွန်ရတ် မရရှိခဲ့သည့် ထိုင်းပါလီမန်၏ ထောက်ခံမှုကိုရရှိကာ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

ထာဝီဆင်သည် ဝန်ကြီးချုပ်ဖြစ်လာရန် လိုအပ်သောမဲအရေအတွက်ဖြစ်သည့် ၃၇၅ မဲထက်သိသိသာသာ သာလွန်လျက်ထောက်ခံ မဲ ၄၈၂ မဲအထိ ရရှိခဲ့သည်။ ပီတာ၏ Move Forward ပါတီသည် မေလအထွေထွေ ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးအနိုင်ရရှိခဲ့သည့်တိုင် ဇူလိုင်လက ၎င်းကို ဝန်ကြီးချုပ်နေရာအတွက် အဆိုပြုသည့် ပထမအကြိမ် ဆန္ဒမဲပေးမှုတွင် ပီတာသည် ထောက်ခံမဲ ၃၂၄ မဲသာ ရရှိခဲ့သည်။

ယင်းကဲ့သို့ အခြေအနေအပြောင်းအလဲ ဖြစ်စေခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ အမတ်နေရာ ၂၅၀ ရှိ စစ်တပ်ထိန်းချုပ်ထားသော အထက်လွှတ်တော်က ယခုတစ်ကြိမ်တွင် ထောက်ခံမဲပေးခဲ့ခြင်းပင်ဖြစ်သည်။ ပီတာ၏ ဝန်ကြီးချုပ်ဖြစ်ရန် ကြိုးပမ်းမှုကို အထက်လွှတ်တော်အမတ် ၉၅ ရာခိုင်နှုန်းက ပိတ်ပင်ဟန့်တားခဲ့သော် လည်း  ထာဝီဆင်ကိုမူ အထက်လွှတ်တော် အမတ်သုံးပုံနှစ်ပုံနီးပါးက ထောက်ခံမဲပေးခဲ့သည်။

သို့သော် အထက်လွှတ်တော်က ထောက်ခံမှုပေးခဲ့ခြင်းသည် အကြောင်းမဲ့ သက်သက်မဟုတ်နိုင်ပေ။

ဖြူထိုင်းသည် Move Forward ပါတီနှင့် Move Forward ၏တော်ဝင်အသရေဖျက်မှုဥပဒေ ပြင်ဆင်မည့် အငြင်းပွားဖွယ် အစီအစဉ်များကို ကျောခိုင်းကာ စစ်တပ်ကျောထောက်နောက်ခံပြု ပါတီနှစ်ခုဖြစ်သည့် ပါလန်ပရာချရတ်(PPRP)၊ ရာထူးမှထွက်ခွာသွားသော ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ ထိုင်းနိုင်ငံညီညွတ်ရေးပါတီ(UTN)တို့နှင့် ညွန့်ပေါင်းဖွဲ့ခဲ့သည်။ သို့ဖြစ်ရာ ပြည်ပတွင်တိမ်းရှောင်နေသည့် ဝန်ကြီး ချုပ်ဟောင်းသက်ဆင် ထိုင်းသို့ပြန်လာနိုင်ရန် အပေးအယူလုပ်ခဲ့သည်ဟူသော ထင်ကြေးပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

အာဏာရရှိရေးအတွက် ဖြူထိုင်း၏အရင်းအနှီး

ထာဝီဆင်သည် လွတ်လပ်သော အယူအဆရှိသူအဖြစ် လူသိများပြီး နိုင်ငံရေးအာဏာစက် ကြီးမားသူများကို ကျေးဇူးတုံ့ပြန်ရမည့်သူအဖြစ် ယူဆခံရခြင်းမရှိသော်လည်း နောင်လေးနှစ်အတွင်း နိုင်ငံရေးနှင့် မူဝါဒ ရေးရာတို့တွင် ကိုယ်ပိုင်လုပ်ငန်းစဉ်များကို ချမှတ်နိုင်ဖွယ်မရှိပေ။

ဥပမာဆိုရသော် ဖြူထိုင်းသည် အစိုးရသစ်ကို ဦးဆောင်သူအဖြစ် အမည်ခံထားသော်လည်း ညွန့်ပေါင်းအဖွဲ့သစ်တွင် မိတ်ဖက်ကွန်ဆာဗေးတစ် ပါတီများနှင့်နှိုင်းယှဉ်လျှင် အရေအတွက်အားဖြင့် နည်းပါး နေသည်။ ဖြူထိုင်းသည် အောက်လွှတ်တော်တွင် အမတ်နေရာ ၁၄၁ နေရာ ရရှိထားစဉ် Bhumjaithai၊ ပါလန်ပရာချရတ်၊ ထိုင်းနိုင်ငံညီညွတ်ရေးပါတီနှင့် ချက်ထိုင်းပတ္တနာပါတီတို့သည် စုစုပေါင်းအမတ်နေရာ ၁၅၇ နေရာရရှိထားသည်။

ဖြူထိုင်းအနေဖြင့် လွှတ်တော်၌ ဥပဒေမူကြမ်းများ တင်သွင်းရာတွင် ၎င်းတို့၏ထောက်ခံမှုကို မုချလိုအပ်မည်ဖြစ်သည်။ ဖြူထိုင်းသည် Move Forward ပါတီနှင့် လက်တွဲဖြုတ်ထားသည့်အတွက် စစ်မှု မထမ်းမနေရဥပဒေ ဖျက်သိမ်းရေးကဲ့သို့ ပါတီနှစ်ရပ် သဘောထားတိုက်ဆိုင်သည့် ဥပဒေပြုရေး ကိစ္စရပ်များမှအပ Move Forward ၏ ထောက်ခံမှုကို ရနိုင်ဖွယ်မရှိပေ။

ထိုင်းနိုင်ငံရေးနှင့် မူဝါဒတို့အပေါ် ဝန်ကြီးချုပ်ထာဝီဆင်၏ သြဇာလွှမ်းမိုးနိုင်စွမ်းသည်လည်း ညွန့်ပေါင်းမဟာမိတ်များအကြား အစိုးရရာထူးနေရာများ ခွဲဝေချထားမှုအပေါ်တွင် မူတည်နေသည်။

Move Forward ပါတီကို စွန့်ခွာပြီး စစ်တပ်ကျောထောက်နောက်ခံပြုပါတီများနှင့် မဟာမိတ်ပြုမည်မဟုတ်ဟူသော ကတိကို ပျက်ကွက်ခဲ့ကာ တိုးတက်ပြောင်းလဲရေးကို လိုလားသော မဲဆန္ဒရှင်များ၏ ဆန္ဒကို လျစ်လျူရှုခဲ့သည့် ဖြူထိုင်းအနေဖြင့် တိုင်းပြည်စီးပွားရေး ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းသည် ၎င်း၏နိုင်ငံရေးသြဇာကို ပြန်တည်ဆောက်ရန် တစ်ခုတည်းသော ရေရာသည့် နည်းလမ်းပင်ဖြစ်သည်။

သို့ဖြစ်ရာ ဖြူထိုင်းအနေဖြင့် ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနများကို တောင်းဆိုဖွယ်ရှိ သကဲ့သို့ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများရှိ အမာခံထောက်ခံသူများ အတွက် အကျိုးဖြစ်ထွန်းစေမည့် ကျေးလက်ဖွံ့ဖြိုးရေး မူဝါဒများကိုဖော်ဆောင်ရန် စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာနကိုလည်း တောင်းဆိုဖွယ်ရှိသည်။

၎င်း၏ညွန့်ပေါင်းအဖွဲ့နှင့် အရင်ဆုံးလက်တွဲခဲ့သည့် ကွန်ဆာဗေးတစ်ယိမ်း Bhumjaithai ပါတီကို ကျေးဇူးတုံ့ပြန်သည့် အနေဖြင့်လည်း ပို့ဆောင်ရေးနှင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနကဲ့သို့ ထိပ်တန်းဝန် ကြီးဌာနနှစ်ခုထက်မနည်း တောင်းဆိုထားမှုကို ဖြူထိုင်းဘက်က လက်ခံဖွယ်ရှိသည်။

ထို့အတူ ကွန်ဆာဗေးတစ်အုပ်စုနှင့် ပြေလည်စေရန်နှင့် စစ်တပ်ကအာဏာသိမ်းနိုင်သည့် အလားအလာကို လျှော့ချနိုင်ရန် ကြိုးပမ်းမှုအဖြစ် ဖြူထိုင်းသည် ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ကို ထိုင်းနိုင်ငံညီညွတ်ရေးပါတီအားလည်းကောင်း၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးရာဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့ကို ပါလန်ပရာချရတ်ပါတီအားလည်းကောင်း ပေးအပ်ဖွယ်ရှိသည်။

စစ်တပ်ကျောထောက်နောက်ခံပြု ပါတီများသည်လည်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်လက်ထက် ၂၀၀၀ ပြည့်လွန်နှစ်များကဲ့သို့ စစ်တပ်နှင့်တော်ဝင်မိသားစု၏ အထူးလုပ်ပိုင်ခွင့်အာဏာအပေါ် လျစ်လျူရှု ခဲ့သည်ဆိုသည့် အခြေအနေကို ခွင့်မပြုကြောင်း ထင်ထင်ရှားရှားပြသရန် လိုအပ်လိမ့်မည်ဖြစ်သည်။

သက်ဆင်၏အနာဂတ်

စောင့်ကြည့်ရမည့် အရေးပါသော ဝန်ကြီးဌာနနေရာမှာ ပြစ်မှုဆိုင်ရာ တရားရေးစနစ်နှင့် သြဇာကြီးမားသည့် အထူးစုံစမ်းစစ်ဆေးရေးဌာန၊ အကျဉ်းဦးစီးဌာနတို့ကို စီမံခန့်ခွဲရသည့် တရားရေးဝန်ကြီးဌာနပင်ဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင် ဘေးကင်းလုံခြုံရေးနှင့် လိုအပ်သော ဆေးကုသခွင့်များရရှိရေး၊ နိုင်ငံရေးပြိုင်ဘက်များက ၎င်းကိုထပ်တိုးအမှုများဖွင့်ခြင်းဖြင့် ၎င်း၏ပြစ်ဒဏ်ကာလ တိုးမလာအောင် တားဆီးရေးကို အသေအချာလုပ်ဆောင်ရန် ဖြူထိုင်းဘက်က ဆန္ဒရှိပေလိမ့်မည်။

အခြားတစ်ဖက်တွင်လည်း သက်ဆင်၏ပြစ်ဒဏ်ကာလကို လျှော့ချနိုင်ရန်နှင့် နိုင်ငံရေးနယ်ပယ်တွင် ၎င်းင်း၏အခန်းကဏ္ဍအတွက် ပြန်လည်လမ်းဖွင့်ပေးနိုင်ရန်အတွက် ဖြူထိုင်းအနေဖြင့် တရားရေးစနစ်တွင် ဝင်ရောက်စွက်ဖက်လာနိုင်သည်ဟု ကွန်ဆာဗေးတစ်များက သံသယရှိနေနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ လာမည့်လအနည်းငယ်အတွင်း ယင်းကဲ့သို့ ဖြစ်လာနိုင်ဖွယ်မရှိပေ။

လူထုအကြား စိတ်ပျက်မှုများရှိနေစဉ် ဖြူထိုင်းသည် နိုင်ငံရေးအာဏာကို အခိုင်အမာဆုပ်ကိုင်နိုင်ရေးအတွက် အဓိကအာရုံ စိုက်ရန်ဆန္ဒရှိပေလိမ့်မည်။ ဝန်ကြီးချုပ်သစ် ထာဝီဆင်သည်လည်း သက်ဆင်ကို တစ်စုံတစ်ရာ အကူအညီပေးရန် ဖိအားပေးမှုများနှင့် ရင်ဆိုင်ရမည်မှာ သေချာသလောက်နီးပါးရှိသည့်အတွက် ၎င်း၏ရာထူး တည်မြဲစေရန် အဆိုပါဖိအားများကို ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာပုံစံမျိုးဖြင့် ကျော်လွှားနိုင်ရန် ကြိုးပမ်းရဖွယ်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ သက်ဆင်သည် ယခင်ကဲ့သို့ နိုင်ငံရေးသြဇာကို ပြန်လည်ထူထောင်လာနိုင်သည့် အလားအလာကို မည်သူမျှ ငြင်းပယ်လိမ့်မည်မဟုတ်ပေ။ သက်ဆင်သည် ဖြူထိုင်းပါတီတွင်း၌ ကာလကြာ မြင့်စွာသြဇာညောင်းမှုနှင့် ရှင်နာဝပ် မိသားစု၏ ခိုင်မာအားကောင်းသော ပုံရိပ်ကိုအထင်အရှား ပြသခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် တိုင်းပြည်ကြုံတွေ့နေရသည့် စီးပွားရေးပြဿနာများ လျော့ကျလာချိန်တွင် ဖြူထိုင်းအနေဖြင့် သက်ဆင်၏သြဇာကို ပြန်လည်ချဲ့ထွင်နိုင်မည့် နည်းလမ်းများကို ရှာဖွေလာနိုင်သည်။ ဖြူထိုင်းအနေဖြင့် လူထုက Move Forward ပါတီအား စစ်မှန်သော ဒီမိုကရေစီအင်အားစုအဖြစ် ထောက်ခံမှုကို ၂၀၂၈ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ချေဖျက်နိုင်ရန် လိုအပ်ဖွယ်ရှိပြီး သက်ဆင်အနေဖြင့်လည်း ၎င်း၏သမီးဖြစ်သူ ပါအယ်ထုံထန်ရှင်နာဝပ်အတွက်အလား အလာကောင်းသော နိုင်ငံရေးအနာဂတ်ကို ဖန်တီးပေးရန် စိတ်အားတက်ကြွနေပေလိမ့်မည်။ သို့သော် ခြေလှမ်းတစ်လှမ်း ချွတ်ချော်မှားယွင်းသွားမည်ဆိုလျှင်လည်း ကွန်ဆာဗေးတစ် အသိုင်းအဝိုင်းနှင့် စစ်တပ်က ထူးဆန်းသည့် မကြုံစဖူး မိတ်ဖက်ပြုခြင်းကို ရုတ်ခြည်းအဆုံးသတ်ရန် လွယ်ကူသောအကြောင်းရင်းတစ်ရပ် ဖြစ်လာနိုင်ပေသည်။

Ref: CNA

Most Read

Most Recent