(၁) ပြောင်းလဲနေသော ကမ္ဘာ့အခြေအနေများ၊ နည်းပညာဆန်းသစ် တီထွင်မှုတို့နှင့်အတူ ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်မှု မြင့်တက်လာသည်ကို တွေ့မြင်နေကြရပြီ။ ကျယ်ပြန့်လာသော လက်နက်ကုန်သွယ်မှုတွင် လောင်ချာများ၊ တင့်ကားများ၊ တိုက်ခိုက်ရေးလေယာဉ်များ၊ စစ်သင်္ဘောများ၊ လက်နက်ငယ်များနှင့် ဒုံးကျည်များကဲ့သို့သော သမားရိုးကျလက်နက်များ၊ ခေတ်မီဆန်းပြားလက်နက်များ နှင့်အတူ ဆက်စပ်လုပ်ငန်းဆောင်တာ အများအပြားပါဝင်နေသည်။ ယခုအချိန်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး၊ နိုင်ငံတကာလုံခြုံရေးနှင့် တည်ငြိမ်ရေးကို စဉ်းစားရာတွင် လက်နက် ကုန်သွယ်မှုသည် အရေးတကြီး ထည့်သွင်း စဉ်းစားရမည့်ကိစ္စဖြစ်လာသည်။
(၂) ကမ္ဘာ့နိုင်ငံများကြား၌ လုံခြုံ ရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် အချိန်ကာလတစ်လျှောက် ကမ္ဘာ့လက်နက်ကုန်သွယ်မှုသည် လည်းမြင့်တက်လာခဲ့သည်မှာ အား လုံးအသိဖြစ်သည်။ အချို့သော နေရာများသည် လူမျိုးရေးတင်းမာမှု၊ ပဋိပက္ခများရှိနေသည့်တိုင် တည်ငြိမ်လျက်ရှိနေတတ်သည်။ ထိုသို့သော ဒေသများတွင်ပင်လျှင် လက်နက်များ ဖြန့်ကြက်ထားမှုရှိနေ ခြင်းကြောင့် လက်နက်ဝယ်လိုအား မြင့်မားနေခြင်းဖြစ်သည်။ ထို့ကြောင့် တည်ငြိမ်မှုသည်လည်း ပိုမို အားကောင်းလာခြင်း မရှိနိုင်ဘဲ ပဋိပက္ခအခြေအနေများ ပိုမိုကြီး ထွားလာနေခြင်းဖြစ်သည်။ ထို့ကြောင့် ပဋိပက္ခအရှိန်မြင့်တက်မှုနှင့် လက်နက်ရောင်းဝယ်ရေး မြင့်တက်မှုသည် အပြန်အလှန်သက်ရောက်မှုဖြစ်ကာ လက်နက်ကုန်သွယ်ရေးသည်လည်း ပို၍ပင် တွယ်ကျယ်လျက် ရှိလာနေတော့သည်။ ဤသို့ဆိုလျှင် လက်နက်ကုန်သွယ်မှု စျေးကွက်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အဓိက စိုးရိမ်စရာ ဖြစ်လာနေသည်မှာ ငြင်းဆိုစရာလိုမည်မထင်။
(၃) လက်နက်ဝယ်ယူမှုနှင့် ရောင်းလိုအားကိုလေ့လာကြည့်လျှင် ကိုယ်တိုင်ထုတ်လုပ်သည့် နိုင်ငံအနည်းငယ်မှလွဲ၍ နိုင်ငံ အ များအပြားသည် ၎င်းတို့လက်နက် လိုအပ်ချက်အတွက် လက်နက်ထုတ်လုပ်သည့်နိုင်ငံများပေါ်တွင် မှီခိုနေရသည်ကိုတွေ့ရသည်။ အကျိုးဆက်မှာ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေး အသုံးစရိတ် တိုးမြင့် လာကာ ကမ္ဘာ့ကြီးက မျှော်လင့်နေ သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ် မှုကို ခြိမ်းခြောက်လာနေတော့သည်။ လက်ရှိအခြေအနေတွင် အဓိကကျသောအခြေအနေ နှစ်ရပ်ဖြစ်သည့် ကမ္ဘာ့ရေးရာအခြေ အနေနှင့် အစီအစဉ် ပြောင်းလဲလာခြင်း (Changing World Order) နှင့် ခေတ်မီဆန်းသစ်သောနည်း ပညာများ ပိုမိုအဆင့်မြင့်လာခြင်း (Advancement of Sophisticated Technology) သည် ကမ္ဘာ့လက်နက်ကုန်သွယ်မှုကို ပုံဖော်လျက်ရှိသည်။
(၄) ကမ္ဘာနှင့်တစ်ဝန်း အစိုးရများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၏ ကွဲလွဲနေသော အယူအဆများ၊ အကျိုးစီးပွားများ၊ ပထဝီဝင်နိုင်ငံရေး အကြောင်းတရားများကြောင့် လက်နက်ပြိုင်ဆိုင်မှုသည် ဆက်လက်ကြီးထွားလျက်ရှိ၏။ ထိုသို့ဘက် စုံထောင့်စုံ ကွဲပြားလာမှုများ ဖြစ်ပေါ်လာနေချိန်တွင် ပေါ်ထွက်လာသော နည်းပညာများအသစ်အဆန်းများက စစ်ရေးစွမ်းရည်မြင့်တင်နိုင်ရေးကို လှုံ့ဆော်နေသကဲ့သို့လည်း ဖြစ်လာသည်။
ကမ္ဘာ့ရေးရာအခြေအနေများ၊ အစီအစဉ်ပြောင်းလဲမှုအလားအလာများနှင့် နိုင်ငံများကြား ဖြစ်ပေါ်နေသော လက်နက်ကုန်သွယ်မှုတို့ကြားတွင် နက်နက်ရှိုင်းရှိုင်း ဆက် စပ်မှုရှိနေသည်။ အင်အားသုံး နိုင်ငံရေးအခြေနေများက နိုင်ငံများကြား လက်နက်ခဲယမ်းကုန်သွယ်မှုအခြေအနေပေါ် လွှမ်းမိုးမှုဖြစ်လာပြီး ကမ္ဘာနှင့်အဝန်း လုံခြုံရေးခြိမ်းခြောက်မှုများကို ဖြစ်ပေါ်လျက်ရှိသည်ကိုလည်း တွေ့ရသည်။ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် အင်အားအသုံးပြုသည့် နိုင်ငံရေး ဇာတ်ကောင်များ တိုးပွားလာပြီး နယ်ပယ်များစွာတွင်လည်း အပြောင်းအလဲများက ဆက်စပ်ဖြစ်ပေါ်လျက်ရှိသဖြင့် သက်ရောက်မှုများမှာ ပြင်းထန်နေသည်။
(၅) တရုတ်နိုင်ငံ၏ ဒေသအနှံ့ ဖြန့်ကြက်လာသည့် သြဇာလွှမ်းမိုးမှု၊ ရုရှားနိုင်ငံ၏ ပြောင်းလဲလာသော အခြေအနေ၊ အရှေ့အလယ်ပိုင်းဒေသ၏ လုံခြုံရေးပုံစံ တည်ဆောက် မှု အပြောင်းအလဲ၊ ဒေသတွင်း အင် အားကြီးနိုင်ငံဖြစ်လိုသော ဆန္ဒရှိလာနေသည့် အိန္ဒိယစသဖြင့်အခြေ အနေ၊ အကြောင်းအမျိုးမျိုးက ကမ္ဘာ့အင်အားကြီး အမေရိကန်၏ ကမ္ဘာ့အာဏာစက်ကို စိန်ခေါ်လျက် ရှိလာသည်။
ပေါ်ထွက်လာသော နိုင်ငံတ ကာ စင်မြင့်ထက်ရှိ ပလေယာသစ်များနှင့် အခြေအနေအပြောင်းအလဲများက လက်နက်စျေးကွက် မြင့်တင်ရေး အခွင့်အလမ်းများ ပံ့ပိုး သကဲ့သို့ပင် ခန့်မှန်းနိုင်စွမ်းမရှိသော လုံခြုံရေးဆိုင်ရာနိုင်ငံတကာ ဝန်းကျင်သည်လည်း လက်နက် ကုန်သွယ်မှုတိုးမြှင့်ရန် နိုင်ငံများကို တွန်းအားပေးနေသကဲ့သို့ပင် ဖြစ်နေခဲ့ပြီဖြစ်သည်။
လက်နက်ထုတ်လုပ်သည့် နိုင်ငံများအတွက် လက်နက် တင်ပို့မှုကို ၎င်းတို့နိုင်ငံခြားရေးမူဝါဒ၏ အရေးပါသော အစိတ်အပိုင်း သို့မဟုတ် ကိရိယာတစ်ခုအဖြစ် ရှုမြင်ထားကြသည်။ အထူးသဖြင့် အင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်၊ ရုရှားနှင့် တရုတ်နိုင်ငံ တို့သည် လက်နက်တင်ပို့မှုကို ၎င်းတို့၏ နိုင်ငံခြားရေး မဟာဗျူဟာတွင်ထည့်သွင်း၍ ပုံမှန်အသုံးပြုနေကြသည်ကို တွေ့ရသည်။ အံ့အားသင့်စရာကောင်းသည်မှာ ထိုနိုင်ငံများသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (United Nations Security Council-UNSC) အတွင်း ဗီတိုအာဏာရရှိထားသည့် နိုင်ငံများဖြစ်နေကြခြင်းဖြစ်သည်။ အမေရိကန်၊ ရုရှား၊ ပြင်သစ်နှင့် တရုတ်တို့ အဓိကလက်နက်တင်ပို့ သည့်နိုင်ငံများနေခြင်းက လက် နက်ကုန်သွယ်မှု အခင်းအကျင်းတွင် ရှုပ်ထွေးမှုဖြစ်စေကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးထိန်းသိမ်းမှုတွင် ပိုမိုခက်ခဲသည့် အခြေအနေတစ်ခုကို ထပ်လောင်းဖြည့်စွက်ထားသကဲ့သို့ ဖြစ်နေသည်။
(၆) လက်နက်ကုန်သွယ်မှုကို နိုင်ငံရေးဘောဂဗေဒရှုထောင့်တွင်ထားလျက် လေ့လာကြည့်ပါက လက်နက်ရောင်းလိုအားနှင့် ဝယ်လိုအားမှာ မကြုံစဖူး တိုးလာသည်ကို တွေ့ရမည်။ အစိုးရများ၏ မူဝါဒများ၊ နိုင်ငံရေးနှင့် စီးပွားရေးဇာတ်ကောင်သစ်များ ပေါ်ထွက်လျက် ဆင့်ကဲပြောင်းလဲမှုများသည် လက်နက်ကုန်သွယ်ရေး အခြေအနေကို ဆိုးရွားသော သက်ရောက်မှု များဖြစ်စေသည်။ ထိုနိုင်ငံအစိုးရများ၊ ဇာတ်ကောင်သစ်များနှင့် နီးစပ်ရာနိုင်ငံများ၊ ဒေသများကိုလည်း စိုးရိမ်မှုများ ဖြစ်လာစေသည်။ အဆိုနိုင်ငံများသည်လည်း လုံခြုံ ရေးခြိမ်းခြောက်မှုများကို ကြိုတင်ကာကွယ်ရန်နှင့် တုံ့ပြန်ရန်အတွက် လက်နက်ကုန်သွယ်မှုတွင် ပါဝင် ပတ်သက်လာကြသည်။ ထို့ကြောင့် အင်အားကြီးနိုင်ငံများအကြား ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုနှင့် ဗျူဟာမြောက်ပြိုင်ဆိုင်မှုများသည် ၎င်းတို့နိုင်ငံများနှင့်အတူ နိုင်ငံငယ်များကိုပါ မလုံခြုံမှုများ ပိုမို ဖြစ်ပေါ်လာစေပြီး လက်နက်ပြိုင် ဆိုင်တပ်ဆင်စေရန်ကိုပါ လှုံ့ဆော် တွန်းအားပေးလျက်ရှိလာသည်။ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု (Stockholm International Peace Research Institute- SIPRI) ၏ အစီရင်ခံစာ( ၂၀၂၃) အရ ကမ္ဘာလုံးဆိုင်ရာ စစ်ရေးအသုံးစရိတ်သည် ၂၀၂၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၂၄၀ ဘီလျံခန့် ရှိမည်ဟု ခန့်မှန်းထားကြသည်။
(၇) အမေရိကန်နှင့် တရုတ်တို့ နိုင်ငံတို့ကြား ပွတ်တိုက်မှုများ သိသိသာသာ တိုးလာခြင်းကလည်း အမေရိကန်၏ လွှမ်းမိုးကြီးစိုးမှု မဟာဗျူဟာကို အန္တရာယ်ဖြစ်စေခဲ့သည်။ အကျိုးဆက်အားဖြင့် အမေရိကန်သည် ၎င်း၏ဗျူဟာမြောက် အကျိုးစီးပွားများအတွက် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် လက်နက်ရောင်းဝယ်မှုများကို ပိုမို ဖြေလျှော့မှုများ ဖြစ်လာနိုင်သည်။ ပြည်နယ်များ၏ စစ်ရေးအသုံး စရိတ်များ တိုးမြှင့်ခြင်းဖြင့်လည်း လုပ်ဆောင်နေသည်။ ၂၀၁၈-၂၀၂၂ ကာလအတွင်း အမေရိကန်၏ လက်နက်တင်ပို့မှုသည် ကမ္ဘာတစ်ဝန်း စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း အထိဖြစ်ခဲ့သည်။ တရုတ်နိုင်ငံ၏ စစ်အသုံးစရိတ်သည်လည်း လွန်ခဲ့သည့် ၂၈ နှစ်အတွင်း ဆက်တိုက်မြင့်တက်ခဲ့သည် ဆိုထားသည်။ ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၂၉၂ ဘီလျံသုံးစွဲခဲ့ပြီး တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယမြောက်စစ် အသုံးစရိတ် အများဆုံး နိုင်ငံဖြစ်လာခဲ့သည်။
မလိုမုန်းထားမှုများ မြင့်တက်လာခြင်းသည် လက်နက်ပြိုင်ဆိုင်မှုဆီသို့ ဦးတည်သွားစေပြီး စိန်ခေါ်မှု အသစ်များကို ဖြစ်လာစေသည်ဟု သုတေသီတို့က ကောက်ချက်ချကြသည်။ အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်၏ အားထုတ်လုပ်ဆောင်မှုများသည် လက်နက်၊ ခဲယမ်းမီးကျောက်များ၏ ဝယ်လိုအားနှင့် ရောင်းလိုအားကို စေ့ဆော်မှုဖြစ်စေသည့် နောက်ခံအကြောင်းများ ဖြစ်သည်။ အိန္ဒိယနိုင်ငံကလည်း အမေရိကန်၏ အလားအလာရှိသော မဟာမိတ်တစ်ဦးအနေဖြင့် တောင်အာရှတွင် ကြီးစိုးလွှမ်းမိုးနိုင်သည့် အခြေအနေဖြစ်လာရန် ၎င်း၏အနေအထားကို ထုတ်ဖော်ပြသနေသည်။ အိန္ဒိယ၏ စစ်ရေးအသုံးစရိတ်ကိုကြည့်လျှင် ယခုအချိန်တွင် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အများဆုံးပမာဏရှိသည်ဟု ဆိုသည်။ ဒေါ်လာ ၈၁ ဒသမ ၄ ဘီလျံရှိပြီး ၂၀၂၁ ခုနှစ်ထက် ၆ ဒသမ ၀ ရာခိုင်နှုန်း ပိုများ၏။
(၈) အမေရိကန်နိုင်ငံသည် နည်းပညာကဏ္ဍနှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် စောင့်ကြည့်လျက်ရှိသည်။ ခေတ်သစ်နည်းပညာ စစ်ပွဲအသွင်ဖြစ်ပေါ်လာသောအခြေအနေ၌ အမေရိကန်၏ ပေါ်လစီမှာ ၂၀၃၀ ပြည့်နှစ်၌ ဉာဏ်ရည်တု နည်းပညာ (Artificial Intelligence-AI) ကဏ္ဍ၌ အမေရိကန်နိုင်ငံ ဦးဆောင်နိုင်ရေးဖြစ်သည်။ ထို့ကြောင့် သမ္မတဂျိုးဘိုင်ဒင် အကောင်အထည်ဖော်နေသာ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ကဏ္ဍ မြင့်တင်ရေးမက်လုံးများသည် တရုတ်နိုင်ငံကို ဦးတည်ပစ်မှတ်ထားနေသည်။ တရုတ်နိုင်ငံအနေဖြင့် နည်းပညာ ရှုပ်ထွေးခက်ခဲသော ဆန်းပြားသည့် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှု တည်ဆောက်မှုများအတွက် ခေတ်မီနည်းပညာများမရရှိနိုင်ရေး၊ ဟန့်တားနိုင်ရေးဖြစ်သည်။
(၉) ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်ရေး အနာဂတ်သည် အရှိန်အဟုန်ဖြင့်တက်လာဖွယ်ရှိသည်။ နိုင်ငံများသည် ဖြစ်လာနိုင်ဖွယ်ရှိသော ပြိုင်ဘက်နိုင်ငံများ၊ ၎င်းတို့၏ အခြေအနေ အလားအလာများအပေါ် စိုးရိမ်မှု၊ ကြိုတင် အပေါ်စီးရယူလိုမှု၊ ပြိုင်ဘက်များ၏ အားနည်းချက်များ၊ အားသာချက် များအပေါ် ၀ိရောဓိများဖြစ်လျက် ဆုံးဖြတ်ချက်များမှာ ခက်ခဲရှုပ်ထွေး လျက်ရှိသည်။ နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်တို့ကို ခြိမ်းခြောက်လာနိုင်သည့်အခြေအနေများကို ဥရောပ၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် ထင်ထင်ရှားရှားတွေ့နိုင်သည်။ ယူကရိန်းကို ရုရှနိုင်ငံ ကျူးကျော်မှုအပြီး နောက်ပိုင်းတွင် နိုင်ငံငယ်များအပေါ် ခြိမ်းခြောက်မှုများ ပိုမိုရှိလာခဲ့ပြီး စိုးရိမ်စိတ်များ တိုးပွားစေခဲ့သည်မှာ သေချာသည်။
ပေါ်ပေါက်လာသော နည်းပညာ အသစ်အဆန်းများကို စစ်ရေးအင်အား တည်ဆောက်မှုတွင် ပိုမိုအသုံးပြုမှုလာနေသည်ကို တွေ့နေရသည်။ နိုင်ငံအများအပြား သည် ၎င်းတို့၏ မလုံခြုံမှုကို အ ကြောင်းပြု၍ အဆင်မြင့်နည်း ပညာသုံး လက်နက်ကရိယာများ ဝယ်ယူနိုင်ရေး တောင်းဆိုနေကြ သည်။ တရုတ်နိုင်ငံကလည်း စျေးနှုန်းသက်သာသည့် နည်းပညာမြင့် လက်နက်ကုန်သွယ်မှုကို မြှင့်တင်ရေးလှုံ့ဆော်လျက်ရှိနေ၏။
(၁၀) ကမ္ဘာ့နိုင်ငံများအားလုံးတွင် စိန်ခေါ်မှုများရှိနေသည်။ ထိုစိန်ခေါ်မှုအားလုံးကို စစ်ရေးနည်း ဖြင့်အဖြေရှာမှသာရနိုင်မည်ဟု ယူဆလာပါက ကမ္ဘာ့လက်နက်ကုန် သွယ်မှု တိုးမြင့်လာဖို့သာရှိမည်။ အခြေအနေသည် ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဆက်စပ်ရှင်းလင်းရမည့် ပြဿနာကိုဖြစ်လာသည်။ လက်နက်များ စီးဆင်းမှုကို တိတိကျကျ၊ စနစ်တကျ စီမံခန့်ခွဲမှုပြုရန်၊ စစ်ရေးစွမ်းရည် အသုံးပြုလျှော့ချနိုင်ရေး ဆွေးနွေးကြရန်၊ အထူးသဖြင့် ဗိုလ်ကျလွှမ်းမိုးလိုမှု အခြေအနေများ မဖြစ်ပေါ်စေရေးတို့အပေါ် အထူးအလေးထား ဆွေးနွေးအဖြေ ရှာကြရန်ဖြစ်ပေသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်မှုရေးရာနှင့်ပတ်သက်သော ဥပဒေများကို စနစ်တကျချိုးဖောက်နေသည့် အစိုးရများထံ လက်နက်များလွှဲပြောင်းခြင်းများကို တားမြစ်ခြင်း၊ တည်ဆဲဥပဒေများကို တိကျစွာလိုက်နာစေခြင်းဖြင့် လုပ်ဆောင်နိုင်သည်။ ဤအခြေအနေများသည် ကမ္ဘာတစ်ဝန်းရှိ လက်နက်စျေးကွက် အပြောင်းအလဲကို ဖြစ်စေနိုင်သောကြောင့် အရေးကြီးသည်။ လက်နက်များ ပြန့်ပွားမှုကို တားဆီးရန် ထိရောက်သော အဖြေ ရရှိရန်မှာ လွန်လွန်ကဲကဲ ထုတ်လုပ်မှုနှင့် အလွန်အမင်း ဝယ်ယူမှု နှစ်ခုစလုံးနှင့်ပတ်သက်၍ ဘက်ပေါင်းစုံ ကြိုးပမ်းမှုလိုအပ်မည်ဖြစ်ပေသည်။
ကိုးကား။ Implications Of Evolving World Order On Global Arms Trade











