စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် စန္ဒကူး(၃)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အမျိုးသားလေးဦးက သေနတ်ပြ၍ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေများယူဆောင်လုယက်ယူဆောင်ပြီး အိမ်ရှင်အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၉ ရက် ညပိုင်းတွင် တမူးမြို့နယ်၊ စန္ဒကူး(၃)ရပ်ကွက်နေ ဦးပိန်းကမ်(၄၉ နှစ်)သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် အမျိုးသားလေးဦး(စိစစ်ဆဲ)က သေနတ်များကိုင်ဆောင်ရောက်ရှိလာပြီး သေနတ်ပြခြိမ်းခြောက်၍ နေအိမ်ရှိ ဆိုင်ကယ် တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေများအား လုယက်ယူဆောင်ပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးပိန်းကမ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ သြဂုတ် ၈ ရက်ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ဦးကိုကိုမောင်(၅၆) နှစ်သည် အဆိုပါရပ်ကွက်၊ ဘူတာ(ခ)ရပ်ရှိ ငါးကန်ဘောင်ပေါ်၌ မြက်ရိတ်နေစဉ် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ဦးကိုကိုမောင်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေဘိုခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ လုယက်သတ်ဖြတ်မှုနှင့် ဖောက်ခွဲမှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ စုံစမ်းရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















