“ ဝေပုံကျ အသည်းကလေး တစ်မြွှာ ”

“ ဝေပုံကျ အသည်းကလေး တစ်မြွှာ ”
Published 10 August 2023
မောင်အေးကို(ပေါင်းတလည်)

ဘဝရပ်တည်မှု အလုပ်သဘောကို အကြောင်းပြု၍ လူကုံထံအချို့၏ ထမင်းစားခန်းများဆီသို့ မကြာ ခဏ ရောက်ခဲ့ဖူးသည်။

ကျွန်တော်ရောက်ခဲ့ဖူးသော လူကုံထံတစ်ယောက်၏ ထမင်းစားခန်းဆိုလျှင် သာမန်လူလတ်တန်းစား အချို့၏ တိုက်ခန်းတစ်ခန်းစာထက် ကျယ်ဝန်းသည်။ နံရံကပ် မှန်ဘီဒိုများထဲတွင် အမျိုးအစားစုံလင်သော ပန်းကန်ခွက်ယောက်များနှင့် ဝိုင်၊ ဝီစကီစသော အဖျော်ယမကာမျိုးစုံတို့ ရှိနေသည်။ လေးဖက်လေးတန်က ယိုစိမ့်ထွက်ကျလာသော အဲကွန်းလေနုအေးများက အခန်းတစ်ခုလုံး အေးစိမ့်လတ်ဆတ်နေသည်။ မျက်နှာ ကြက်မီးဆိုင်းအလင်းရောင်များက အခန်းတစ်ခုလုံး ယိုစိမ့်လင်းဖြာနေသည်။ လူဆယ်ယောက်စာ ထိုင်ခုံတို့ ဝိုင်းယှက်ထားသည့် ခြောက်ပေခန့်အကျယ် ပိတောက်သား ဆုံလည်စားပွဲဝိုင်းကြီးက ခံထည်ပြောင်လက်နေ သည်။ ထိုစားပွဲဝိုင်းကြီးပေါ်တွင် ပုစွန်၊ ဂုံး၊ ရေခူ၊ ပြည်ကြီးငါး၊ ကဏန်း၊ အမဲ၊ ကြက်၊ ဘဲ၊ ဝက် စသည်တို့ကို အကင်၊ အကြော်၊ အပေါင်း၊ အလိပ်၊ အသုပ်၊ စင်းကော၊ စတူး၊ ခြောက်စပ်၊ တန်ပူရာ၊ မြေအိုး၊ ဟင်းချိုဟူ၍ ပုံသဏ္ဌာန်အစုံစုံ၊ အရသာအဖုံဖုံ ဖန်တီးထားသောဟင်းလျာများက ဆယ်မျိုးထက်မနည်း ရှိနေသည်။

လူဆုံကြပြီဆိုသည်နှင့် အပြန်အလှန် နှုတ်ခွန်းဆက်စကား ဆိုကြရင်း ယမကာနှစ်သက်သူက ယမ ကာ ထည့်၊ အချိုရည်နှစ်သက်သူက အချိုရည်ထည့်။ သည့်နောက် ဖန်ခွက်ချင်းတေ့၊ ချီးယားအော်၊ သို့သော် ဆူဆူ ညံညံမဟုတ်ကြ။ တိုးလျညင်သာ ဣန္ဒြေရစွာ။ ထည်ဝါလျှို့ဝှက်သည့် အရိပ်အယောင်များကြားတွင် ထိန်းသင့်သည်ကိုထိန်း၍ ယိမ်းသင့်သည့်ကို ယိမ်းရသည်။ ပြောသင့်သည်ကို ပြော၍ နှောသင့်သည်ကို နှောရ သည်။ စကားတစ်ခွန်း၊ အကြည့်တစ်ချက်၊ အပြုံးတစ်စ၊ အပြုတစ်မူကအစ ပါးပါးနပ်နပ် သတိထားရသည်။ မည်သို့မျှ လွတ်လပ်ပေါ့ပါးမှု မရှိလှ။ သည်တော့ တန်ဖိုးမြင့်အစားအသောက်တို့ကို စားသုံးနေရသည့်တိုင် နက်ရှိုင်းသောအရသာတို့ ပျောက်ဆုံးနေသလို ခံစားရသည်။ ထို့ကြောင့်လည်း ထိုကဲ့သို့သော လူကုံထံထမင်း ဝိုင်းများနှင့် ဝေးနိုင်သမျှ ဝေးအောင် ရှောင်နိုင်သမျှ ရှောင်ခဲ့မိသည်။

နောက်...၊ နောက်ထပ်ကြုံတွေ့ရသည်က ကိုယ်တိုင်ဝင်ရောက်ကပြခဲ့သော ထမင်းဝိုင်းတော့ မဟုတ်။ လွန်ခဲ့သော ဆယ်နှစ်ဝန်းကျင်က အိမ်ချင်းကပ်နေခဲ့ဖူးသော မိတ်ဆွေ မိသားစုတစ်စု၏ ထမင်းဝိုင်းမဟုတ် သော ထမင်းဝိုင်းတစ်ခု ဖြစ်သည်။

သူတို့၏ မိသားစုဝင်များကို ရေတွက်ကြည့်မည်ဆိုလျှင် အဖေ၊ အမေ၊ သမီးနှစ်ယောက်၊ သားနှစ် ယောက်၊ စုစုပေါင်း ခြောက်ယောက်။ အဖေက ကုန်ထမ်းသည်။ အမေက မြန်မာမုန့်၊ အသုပ်စုံ စသည်တို့ကို ရာသီအလိုက် သင့်တော်သလို ရောင်းသည်။ သမီးအကြီးတစ်ယောက်က အိမ်မှာနေပြီး ကျန်တစ်ယောက်က အမေ့ကို ဝိုင်းကူလုပ်သည်။ သားနှစ်ယောက်ကတော့ ကျောင်းတက်ဆဲ။

မနက်ရှစ်နာရီခန့် ဆိုလျှင်တော့ အဖေဖြစ်သူက လမ်းထိပ်လက်ဖက်ရည်ဆိုင်တွင် အစားအသောက် တစ်မျိုးမျိုး စားခြင်းဖြင့် မနက်စာကို ဖြေရှင်းသည်။ အမေကတော့ စျေးရောင်းသွားရင်း ကြံလျှင်ကြုံသလို စားသည်ဟုဆိုသည်။ သားသမီးများကတော့ ရှစ်နာရီခွဲခန့်တွင် နိုးလာတတ်ပြီး မိဘများ‌ပေးထားခဲ့သည့် ပိုက်ဆံဖြင့် ကြုံသည့်နေရာတွင်ကြုံသလိုဝယ်စားလေ့ရှိသည်။ အချို့သောထမင်းစားချိန်များတွင်တော့ အမေ ဖြစ်သူက ဟင်းပုံထားသော ထမင်းဇလုံတစ်လုံးကို ကိုင်ကာ ကျွန်တော်တို့အိမ်ဘက်ဆီ ရောက်လာတတ် သည်။ ပိုပိုသာသာထည့်ယူလာသော သူ့ပန်းကန်ထဲကဟင်းများကို မျှကျွေးဖို့ မတွန့်တိုတတ်သလို ကျွန်တော် တို့၏ ထမင်းအိုးဟင်းအိုးများကိုလည်း ရဲရဲတင်းတင်းပင် လှန်လှော စားတတ်လေ့ရှိသည်။ 

မနက်စောစောစာနှင့် နေ့လယ်စာကို အပြင်တွင် ဝယ်စားကြသည့်တိုင် ညစာကိုတော့ ချက်စားကြ သည်။ သို့သော် ညစာကိုလည်း မိသားစုအားလုံး စုံညီစွာ စားကြခြင်းမျိုးမဟုတ်။ ထမင်းဟင်း ကျက်ပြီဆို သည်နှင့် ဦးရာလူက ဦးသလို ခူးခပ်စားသောက်သွားတတ်ကြသည်။သူတို့မိသားစုအတွင်းတွင်စားဦးစားဖျား ဦးချထားခြင်း၊ ‘ရှေ့လူနောက်လူအတွက် ငဲ့ကွက်ချန်ထားခြင်းဆိုသော ဝေါဟာရများကို တစ်ခါမျှ မပြောဆို မကျင့်သုံးခဲ့ကြချေ။ တစ်ခါတစ်ရံတော့ အစားအသောက်အတွက် ဖြစ်စေ၊ အယူအဆ အတွေးအခေါ်အတွက် ဖြစ်စေ ငြင်းခုံပြောဆိုကြရင်းဖြင့် ဆဲသံဆိုသံ ဆူဆူညံနေတတ်ပြန်သေးသည်။ ကျွန်တော်နှင့် အိမ်ချင်းကပ် နေခဲ့ဖူးသမျှကာလပတ်လုံး သူတို့မိသားစုဝင်များ ထမင်းလက်ဆုံစားကြသည်ကို တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူး မမြင်ဖူးခဲ့ချေ။ သည်ကိစ္စနှင့် ပတ်သက်၍ အမေဖြစ်သူကို မေးကြည့်တော့ ပေါ့ပေါ့ပါးပါးပင် အဖြေပေးသည်။ 

ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူးတော်၊ မိသားစုအားလုံးက အလုပ်လုပ်တာလဲ မတူဘူး၊ အိပ်ရာ ဝင်ချိန်၊ အိပ်ရာထချိန်လဲ မတူဘူး။ အဲဒီတော့ ထမင်းစားချိန်လဲ မတူဘူးပေါ့။ ဒါတင် မကသေးဘူး၊ ရှင်တို့ ကြားတဲ့အတိုင်းပဲလေ၊ မျက်နှာချင်းဆိုင်တာနဲ့ ခွေးနဲ့ကြောင်လို တကျက်ကျက် ဖြစ်နေကြတာ။ အဲဒီတော့ မျက်နှာချင်းလဲ ဆိုင်မနေတော့ဘူး။ ထမင်းလဲ တစ်ဝိုင်းတည်း အတူစားမနေတော့ဘူး။ တစ်ယောက်ချင်းစီက စားချင်တဲ့အချိန်စား၊ အိပ်ချင်တဲ့အချိန်အိပ်ပြီး သွားချင်တဲ့နေရာ သွားလိုက်တာပဲ၊ နားကို အေးရောတဲ့။ သူ့ စကား ကြားရတော့ ဝမ်းသာရအခက်၊ ဝမ်းနည်းရအခက်။ မိသားစုဝင်အားလုံး စုံစုံလင်လင် ရှိနေပါလျက် မျက်နှာချင်းဆိုင်ဖို့ကိုပင် ဝန်လေးတွန့်ဆုတ်နေကြသူများ။

ကျွန်တော်တို့ငယ်ငယ်ကဆိုလျှင် အဖေတို့အမေတို့ဘဝက တကယ့်ကို ကြမ်းတမ်းခဲ့သည်။ လယ်ထဲ ယာထဲမှာ ရုန်းကန်ရင်း မိသားစု ငါးယောက်တာဝန်ကို ပင်ပင်ပန်းပန်း ထမ်းရွက်ခဲ့ကြသည်။ တစ်ခုတော့ရှိ သည်။ အလုပ် မည်မျှပင်ပန်း၍ မည်မျှပင် ဆာလောင်နေစေကာမူ ထမင်းစားခါနီးသည့်အခါတိုင်း “ကောင် လေး ဘယ်သွားလဲ၊ “ကောင်မလေးကော ဘယ်သွားလဲဆိုသည့် စကားကို အဖေ့ဆီက အမြဲ ကြားရသည်။ လူမစုံသေးလျှင် စုံသည်အထိ စောင့်သည်။ လူစုံမှ ထမင်း ခူးသည်။

ထမင်းဝိုင်းကို ရောက်နေပြီဆိုလျှင်လည်း အဖေက ထမင်း၊ ဟင်းကို ချက်ချင်း မနှိုက်သေး။ ရေနွေး ငါးခွက် အရင်ငှဲ့သည်။ သူ့ရှေ့ကို တစ်ခွက်အရင်ချပြီး ကျန်သည့်လေးယောက် ရှေ့ကိုလည်း တစ်ခွက်စီ ချပေး သည်။ ထို့နောက် ဟင်းပန်းကန်များ၏ တည်ရှိပုံကို တစ်ချက် အကဲခတ်သည်။ ဟင်းပန်းကန်များက သူနှင့် သိပ်နီးကပ်နေပြီး အခြားသူများနှင့် သိပ်ဝေးကွာနေလျှင် အခြားသူများနှင့် နီးကပ်အောင် တိုးပေးသည်။ သည့်နောက်မှ ဟင်းကို ခပ်ယူသည်။ ဟင်းခပ်ပြီးသည့်နောက်တွင်လည်း ဟင်းခပ်ဇွန်းကို ပြီးပြီးရော မချ။ ဇွန်းအမြီးကို အခြားသူများဘက် လှည့်၍ ချပေးသည်။

ပြန်တွေးကြည့်မည်ဆိုလျှင် ကျွန်တော်တို့မိသားစု၏ ထမင်းဝိုင်းများတွင် ဟင်းခွက်အရေအတွက်က  များများစားစား မရှိလှ။ တစ်ခါတစ်ရံ အသားဟင်းတစ်မျိုးမျိုးနှင့် အရွက်ကြော်တစ်မျိုးမျိုး။ တစ်ခါတစ်ရံ အသားဟင်းပင် မပါ။ ငါးပိရည်ကြိုနှင့် ပဲခြောက်ခြောက်ဟင်း။  တစ်ခါတစ်ရံ ပဲဟင်းအရည်နှင့် ငါးပိကြော်။ သည်မျှသာ။

ကြက်သားဟင်းချက်သည့်နေ့ကတော့ အဖေ့အတွက် အလုပ်ပိုရှုပ်သည်ဟု ဆိုရမည်။

ထမင်းဝိုင်းမှာ ထိုင်ပြီဆိုသည်နှင့်  ကြက်သားဟင်းပန်းကန်ထဲက အသည်းတစ်မြုံကို သူ့ပန်းကန်ထဲ သို့ အရင်ထည့်သည်။ ထို့နောက် အဖဲ့ကလေး ငါးဖဲ့ရအောင် ဖဲ့သည်။ ထို့နောက်မှာတော့ “ကောင်လေး၊ မင်း ပန်းကန် ဒီဘက်နည်းနည်းတိုးဟုဆိုတော့သည်။ ထိုနည်းတူ အခြားလေးဦးကိုလည်း သူ့ဘက်သို့ ပန်းကန် တိုးခိုင်းကာ အသည်းတစ်ဖဲ့စီ ထည့်ပေးသည်။ အမှန်ဆိုလျှင် ကျွန်တော်က ကြက်အသည်းကို မကြိုက်သူ လည်း မဟုတ်၊ ကြိုက်သူလည်း မဟုတ်။ မစား၍လည်း ရသည်၊ စား၍လည်း ရသည်။ သို့သော် ကြက် အသည်းတစ်မြုံကို ငါးဖဲ့ ဖဲ့ပြီးမှ ရလာသော အဖဲ့သေးသေးကလေးကိုတော့ မည်သို့မျှ မစားချင်။ ထိုအဖဲ့ သေး သေးကလေးက လျှာပေါ်တင်ရုံမျှဖြင့် ပျောက်လုချင်ချင် အနေအထား။ ထို့အတွက် ကောင်းကောင်းမွန်မွန် အရသာခံ၍လည်း မရ။ သည်တော့ မစားလျှင် အရှင်း၊ စားလျှင် အားပါးတရ ပြည့်ပြည့်ဝဝသာ စားလိုက်ချင် သည်။ မိမိကိုယ်တိုင်မှ မဟုတ်၊ အခြားသူများ စားရလျှင်လည်း ပြည့်ပြည့်ဝဝသာ စားစေချင်သည်။ ယခုလို တစ်ယောက်စာမျှပင်မရှိသော အသည်းမြွှာတစ်ခုကို မိသားစုအားလုံး ဝေမျှ စားနေရသည့်အဖြစ်က အရသာ တင်မက အဓိပ္ပာယ်ပါ မဲ့နေသည်ဟု ခံစားရသည်။ တစ်ခါတစ်ရံတော့ တူးတူးခါးခါး မငြင်းဆိုဝံ့သည့်တိုင် လေသံပျော့ကလေးဖြင့် အဖေ့ဆီ အရေးဆိုကြည့်သည်။

ကြက်အသည်းအမြစ်ကို ဟိုဖဲ့ဒီဖဲ့ ဖဲ့နေမဲ့အစား အဖေပဲ အဝစားလိုက်ပါ အဖေရာ။ အမေတို့၊ မမတို့ ညီမလေးတို့တော့ မသိဘူး။ ကျွန်တော်ကတော့ အသည်းအမြစ်ကို ကြိုက်လဲ မကြိုက်ပါဘူး

သည်သို့ ပြောပြီဆိုလျှင် အဖေ့မျက်ဝန်းတစ်ခုလုံး မှုန်မှိုင်းနောက်ကျိသွားတတ်သည်။ ထို့နောက် ကျွန် တော့်ကို တစ်ချက်ကြည့်ရင်း စကားဆိုသည်။ လေသံကတော့ မာမာထန်ထန် မဟုတ်။

မိဘက စားစေချင်လို့ ကျွေးတာပဲ ကောင်လေးရာ။  စားချင်လဲ စား၊ မစားချင်လဲ စားပေါ့ဟု။

သူထည့်ပေးလိုက်သည့် အသည်းတစ်ဖဲ့ကို အားပါးတရ ကောက်ဝါးလိုက်ပြီဆိုလျှင်တော့ အဖေက ကြည်ကြည်နူးနူးပြုံး၍ ကြည့်နေတတ်ပြန်သည်။ ထိုအပြုံး၊ ထိုအကြည့်တို့က စက္ကန့်ပိုင်းမျှသာကြာသည့်တိုင် အကြည်ဓာတ်များ လွှမ်းခြုံနေသည်ဟု ယုံကြည်မိသည်။

သည်လိုနှင့် လောကသဘာဝကို မလွန်ဆန်နိုင်စွာ ကျွန်တော် အိမ်ထောင်သည်ဘဝ ရောက်လာခဲ့ သည်။ အိမ်ထောင်ကျပြီးနောက်မှာတော့ အဖေ၊ အမေ၊ မမ၊ ညီမလေးတို့က ရွာကလေးမှာ ကျန်ခဲ့သည်။ ကျွန်တော်ကတော့ ရွာကလေးနှင့် မိုင်ပေါင်းများစွာဝေးရာ မြို့ပြကိုရောက်သွားပြီး သမီးနှစ်ဦးပင် ထွန်းကား ခဲ့သည်။

မြို့ပြတွင် စားဝတ်နေရေးကိစ္စအားလုံး  ရွာကလေးထက် အစစအရာရာ သာလွန် အဆင်ပြေခဲ့သည်။ သို့သော် ကျွန်တော့်အလုပ်က တစ်နေရာ၊ ဇနီး၏အလုပ်က တစ်နေရာ။ သွားချိန်လည်း မတူ။ ပြန်ချိန်လည်း မတူ။ သမီးတို့ကလည်း ကျောင်းနှင့် ကျူရှင်၊ ကျူရှင်နှင့် ကျောင်း။ အွန်လိုင်းသင်တန်းများပါ ရှိသေးသည်။ သည်တော့ လောကသဘာဝလှိုင်း၏ ကျီစယ်ရိုက်ပုတ်မှုအောက်တွင် မိသားစုကမ်းပါးနှင့် ကပ်ချည်တစ်ခါ၊ ခွာချည်တစ်လှည့် ဖြစ်လာတော့သည်။ သည်လိုနှင့် ဘဝတိုးတက်မြင့်မားရေး ခေါင်းစဉ်အောက်က ကိုယ်ပိုင် လောဘ၊ မောဟလှိုင်းများ၏ တွန်းထိုးမှုကို ကျေကျေနပ်နပ်ခံယူရင်း အထီးကျန် ထမင်းစားပွဲများကို ခြောက် သွေ့၊ တိတ်ဆိတ်၊ ပျင်းရိ၊ ငြီးငွေ့စွာ အကြိမ်ကြိမ် ဖြတ်သန်းလာရသည်။

ထိုအခါမျိုးတွင် အဖေ ဖဲ့ပေးခဲ့ဖူးသော ကြက်အသည်းကလေးတစ်မြွှာကို လွမ်းလွမ်းဆွတ်ဆွတ်သတိ ရလာမိသည်။ မည်မျှ သေးငယ်သောအရာတစ်ခု ဖြစ်နေပါစေ၊ လူစုံတက်စုံ ခံစား ဝေမျှ စားသောက်လိုသော အဖေ့စိတ်သွင်ကို မြင်တွေ့ ဖမ်းဆုပ်လာမိသည်။ စကားမကြွယ်၊ အမူအရာမခြယ်ဘဲ နွေးထွေးမှု၊ ညီညွတ်မှု၊ စာနာမှု၊ ငဲ့ညှာမှု၊ မျှဝေခံစားမှုတို့အကြောင်း အသံတိတ် သရုပ်ပြသွားခဲ့သည့် အဖေ့ကို ပို၍ လေးစားလာမိ သည်။ အဖေ့ရည်ရွယ်ချက်၊ အဖေ့စေတနာများအပေါ် အထင်လွဲ၊ အမြင်ကျဉ်းခဲ့သော မိမိကိုယ်မိမိ အထင် သေး နောင်တရလာမိသည်။

ဘဝတွင် လွယ်လွယ်နှင့် ရခဲ့သောအရာတို့ များစွာ ရှိခဲ့ဖူးပါသည်။ လွယ်လွယ်နှင့် ရဖန်များလာသည့် အခါအရာကိစ္စမှန်သမျှကို လွယ်လွယ်ကလေးနှင့်ရနိုင်လိမ့်မည်ဟုသာ ယုံမှားသံသယဖြစ်လာတတ်ပါသည်။ သို့ငြား အချို့အရာများက လွယ်မယောင်နှင့် ခက်ပါသည်။ တိမ်မယောင်နှင့် နက်ပါသည်။ အချို့အရာများ ဆိုလျှင် နောင်တအပြည့်ဖြင့် တမ်းတမိလေလေ လက်လှမ်းမမီနိုင်လောက်သည်အထိ ဝေးကွာသွားလေလေ ဖြစ်နေတတ်ပါသည်။

အခွင့်သာခဲ့မည် ဆိုလျှင်ဖြင့် မိသားစုထမင်းဝိုင်းကလေးထက်က အဖေထည့်ပေးမည့် ဝေပုံကျ ကြက် အသည်းကလေးတစ်မြွှာကို စိတ်လိုလက်ရ စားပစ်လိုက်ချင်ပါသေးသည်။