ခရိုင်းမီးယားကျွန်းဆွယ်၏ အေးချမ်းလှပသည့် ကမ်းခြေများသည် တစ်ချိန်က ရုရှားဇာဘုရင်များနှင့် ဆိုဗီယက် အတွင်းရေးမှူးချုပ်များ၏ အနားယူအပန်းဖြေနေရာများဖြစ်ခဲ့သည်။ ထိုကျွန်းဆွယ်ပေါ်တွင် သမိုင်းကို လှုပ်ခါသွားစေသည့် ကမ္ဘာ့ခေါင်းဆောင်များ၏ အစည်းအဝေးများကို ပြုလုပ်ခဲ့သကဲ့သို့ မဟာဗျူဟာမြောက် ရေတပ်စခန်းတစ်ခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့သည်။
ထို့ပြင် လူမျိုးစုဖိနှိပ်မှုများ၊ အတင်း အဓမ္မနှင်ထုတ်မှုများနှင့် နိုင်ငံရေးဖိနှိပ်မှုများလည်း ထိုကျွန်းဆွယ်ပေါ်တွင် ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် ယူကရိန်းကိုဆင်နွှဲသည့် ရုရှား၏ စစ်ပွဲသည် ၁၈ လမြောက်ထဲသို့ ဝင်ရောက်လာချိန်တွင် ဒရုန်းတိုက်ခိုက်မှုများ၊ ဗုံးကြဲတိုက်ခိုက်မှုများနှင့်အတူ ခရိုင်းမီးယားကျွန်းဆွယ်သည် ရုရှားနှင့် ယူကရိန်းနှစ်ဘက် စလုံး၏ စစ်မြေပြင်တစ်ခု ဖြစ်လာခဲ့သည်။
စိန်ပွင့် ပုံသဏ္ဍာန်ရှိသည့် အဆိုပါခရိုင်းမီးယားကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သိမ်းပိုက်ခဲ့သော်လည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကမူ ထိုကျွန်းဆွယ်ကို ပြန်လည်သိမ်း ယူမည်ဟု ထပ်တလဲလဲ ပြောကြားခဲ့သည်။
ပူတင်နှင့် ဇယ်လန်စကီးတို့ နှစ်ဦးစလုံးအတွက် ခရိုင်းမီးယားဒေသကို စွန့်လွှတ်ရေးအား ရွေးချယ်စရာတစ်ခုအဖြစ် ရှုမြင်ထားခြင်း မရှိပေ။
ရုရှားသည် ၂၀၂၂ ခုနှစ်က စစ်ပွဲစတင်ခဲ့ချိန်တွင် ယူကရိန်းတောင်ပိုင်းရှိ ကြီးမားသည့် နယ်မြေများကို လျင်မြန်စွာ သိမ်းယူရန် ခရိုင်းမီးယားသို့ စစ်သားများနှင့် လက်နက်များဖြန့်ကြက်ချထားခဲ့သည်။
ယူကရိန်းကမူ ခရိုင်းမီးယားဒေသကို စစ်ရေးအသွင်ဆောင်စေရန် ပြုလုပ်ခြင်းသည် ပင်လယ်နက်ဒေသရှိ နိုင်ငံအားလုံးကို ခြိမ်းခြောက်ရာရောက်သည်ဟု ပြောကြားခဲ့သည်။
ပူတင်သည် ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားဒေသကို လျင်မြန်စွာ သိမ်းပိုက်ခဲ့သည်။ ယူကရိန်းတွင် ရုရှားလိုလားသည့် သမ္မတဗစ်တာယာနူကိုဗစ်ကို ရာထူးမှ ပြုတ်ကျစေခဲ့သည့် ဆူပူအုံကြွမှုဖြစ်ပွားခဲ့ချိန်တွင် နိုင်ငံကိုယ်စားပြုအမှတ်တံဆိပ်မပါသည့် စစ်ယူနီဖောင်းများကို ဝတ်ဆင်ထားသည့် လက်နက်ကိုင်များသည် ခရိုင်းမီးယားကို ထိန်းချုပ်ခဲ့သည်။
ထို့ပြင် ခရိုင်းမီးယားတွွင် လူထုဆန္ဒခံယူပွဲပြုလုပ်ခဲ့ပြီး အဆိုပါ အဖြစ်အပျက်များသည် ခရိုင်းမီးယားဒေသကို ရုရှား၏နယ်မြေ အစိတ်အပိုင်းတစ်ခုဖြစ်လာစေရန် ဒေသခံများ၏တူညီသော ဆန္ဒဖြစ်သည်ကို ပြသခဲ့သည်ဟု ရုရှားလိုလားသည့် အာဏာပိုင်များက ပြောကြားခဲ့သည်။
ထိုအချိန်က ပူတင်၏ လူကြိုက်များမှုမှာလည်း တစ်ဟုန်ထိုးမြင့်တက်ခဲ့သည်။ ထိုမတိုင်မီအချိန်က ကျဆင်းနေသည့် လူထုထောက်ခံမှုနှုန်းသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် ၆၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇွန်လတွင် ၈၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟု ရုရှား၏ လွတ်လပ်သော လူထုစစ်တမ်းကောက်ယူမှုများတွင် ဖော်ပြခဲ့သည်။
“ခရိုင်းမီးယားဟာ ငါတို့ ပိုင်တယ်” ဟူသည့် ကြွေးကြော်သံများသည် ရုရှားတွင် ပဲ့တင်ရိုက်ခတ်ခဲ့သည်။ သို့သော် ရုရှား၏ခရိုင်းမီးယားကျွန်းဆွယ် သိမ်းပိုက်မှုကို မြောက်ကိုရီးယားနှင့်ဆူဒန်ကဲ့သို့ နိုင်ငံ အနည်းငယ်ကသာ အသိအမှတ်ပြုခဲ့သည်။
ပူတင်ကလည်း ခရိုင်းမီးယားသည် အလေးအမြတ်ထားအပ်သော နေရာဖြစ်သည်ဟု ပြောကြားခဲ့ပြီး ခရိုင်မီးယားသည် ယူကရိန်း၏နယ်မြေဖြစ်သည်ဟု လူသိရှင်ကြား ပြောဆိုခဲ့သူများကိုတရားရေးအရ အရေးယူကိုင်တွယ်ခဲ့သည်။ ဇယ်လန်စကီးကမူ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက ခိုးယူနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ပင်လယ်နက်တွင် ခရိုင်းမီးယား ကျွန်းဆွယ်၏ အရေးပါလှသည့် တည်နေရာအနေအထားသည် ထိုကျွန်းဆွယ်ကို ထိန်းချုပ်နိုင်သူများအတွက် မဟာဗျူဟာမြောက်အသာ စီးရနိုင်မည့် အခြေအနေကို ရရှိစေမည်ဖြစ်သည်။ ထို့ကြောင် ရုရှားသည် ခရိုင်းမီးယားကို ရရှိရန်အတွက် ရာစုနှစ်နှင့်ချီ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
၁၈ ရာစုက ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားအင်ပါယာက ပထမဆုံးအကြိမ် သိမ်းပိုက်ခဲ့ချိန်တွင် ထိုဒေသသည် တာကစ်ဘာသာစကားပြောသည် တာတာလူမျိုးများ နေထိုင်ရာဒေသဖြစ်ခဲ့သည်။
ဆိုဗီယက်ယူနီယံ၏ ၀ါးမျိုခြင်းမခံရမီ ရာစုနှစ် နှစ်စုအကြာတွင် တာတာ သမ္မတနိုင်ငံအဖြစ် ယာယီလွတ်လပ်ရေးရခဲ့သည်။
၁၉၄၄ ခုနှစ်တွင် ဆိုဗီယက်အာဏာရှင် ဂျိုးဆက်ဖ်စတာလင်သည် တာတာလူမျိုး ၂၀၀,၀၀၀ နီးပါး (ခရိုင်းမီးယားဒေသခံ စုစုပေါင်း၏ သုံးပုံတစ်ပုံ)ကို ဗဟိုအာရှသို့ နယ်နှင်ခဲ့သည်။
အဆိုပါတာတာလူမျိုးများသည် နာဇီဂျာမနီနှင့် ပူပေါင်းကြံစည်နေသည်ဟု စတာလင်က စွပ်စွဲခဲ့သော်လည်း ယင်းစွပ်စွဲချက်ကို သမိုင်းပညာရှင်များက ငြင်းဆိုခဲ့ကြသည်။
နယ်နှင်ခံခဲ့ရသည့် တာတာလူမျိုးများထဲမှ ထက်ဝက်ခန့်သည် ၁၈ လအကြာတွင် ငတ်မွတ်ခေါင်းပါးမှုနှင့် ခက်ခဲကြမ်းတမ်းသည့် အခြေအနေများကြောင့် သေဆုံးခဲ့ကြသည်။
၁၉၅၄ ခုနှစ်တွင် ဆိုဗီယက်ခေါင်းဆောင် နီကီတာ ခရူးရှက်ဗ်သည် ရုရှားနှင့် ယူကရိန်းပေါင်းစည်းမှု နှစ်ပေါင်း ၃၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ခရိုင်းမီးယားဒေသကို ယူကရိန်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ သို့သော် ဆိုဗီယက်ပြိုကွဲခဲ့သည့် ၁၉၉၁ ခုနှစ်တွင် ခရိုင်းမီးယားသည် လွတ်လပ်ရေးရလာခဲ့သည့် ယူကရိန်း၏ နယ်မြေအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
“ရုရှားနိုင်ငံရေး အထက်တန်းလွှာတွေနဲ့ ရုရှားနိုင်ငံသားအများစုကတော့ ခရိုင်းမီးယားကို ယူကရိန်းဆီ တရားမျှတမှုမရှိဘဲ ပေးအပ်လိုက်ရတဲ့ ဒေသအဖြစ်ယူဆထားပါ တယ်။ သူတို့တွေက ခရိုင်းမီးယားဟာ အမြဲတမ်း ရုရှားရဲ့အပိုင်လို့ ရှုမြင်ထားကြပါတယ်”ဟု Carnegie Russia Eurasia Center မှ ကျွမ်းကျင်သူ တာတီယာနာ စတန်နိုဗာယာက အေပီသတင်းဌာနကို ပြောကြားခဲ့သည်။
ထို့ပြင် ရုရှားသည် ခရိုင်းမီးယား၏ အကြီးဆုံးမြို့ဖြစ်သည့် စီဗက်စတိုပိုးလ်မြို့တွင် ၎င်း၏ ပင်လယ်နက်စစ်သင်္ဘောအုပ်စု၏ ရေတပ်စခန်းကိုဖွင့်လှစ်ပြီး တပ်စွဲထားသည်။
ထိုစစ်စခန်းသည် ရုရှားအတွက် စစ်ရေးအရ အသုံးဝင်မှုအများကြီးရှိခဲ့ပြီး ထိုအချက်သည် ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့ရန် ရုရှား၏ ဆုံးဖြတ်ချက်အတွက် အဓိကကျသည့် အချက်တစ်ခု ဖြစ်နိုင်ခြေရှိ သည်ဟု North Carolina-Chapel Hill တက္ကသိုလ်မှ ဂရေမီ ရောဘတ်ဆန်က ပြောကြားခဲ့သည်။
“စီဗက်စတိုပိုးလ်မြို့ဟာ ရုရှား စစ်သင်္ဘော အုပ်စုအတွက် အဓိကကျပြီး မြေထဲပင်လယ်ထဲကို ဝင်ရောက်ဖို့၊ရုရှားအတွက် ပင်လယ်နက်မှာ သြဇာလွှမ်းမိုးဖို့နဲ့ ယူကရိန်းရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးကို ထိန်းချုပ်ဖို့ အရေးကြီးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် ရုရှားဟာ ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့တာလို့ ကျွန်တော်ထင်ပါတယ်”ဟု ရော ဘတ်ဆန်က ပြောကြားခဲ့သည်။
ပူတင်လက်ထက်တွင်လည်း ခရိုင်းမီးယားတွင် တာတာလူမျိုးများကို ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားခဲ့သော်လည်း ရုရှားအစိုးရက ခွဲခြားဆက်ဆံမှုများပြုလုပ်ခြင်းမရှိဟု ငြင်းဆိုခဲ့သည်။
တာတာလူမျိုးများသည် ရုရှား၏ သိမ်းပိုက်မှုကို ပြင်းထန်စွာဆန့်ကျင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တာတာလူမျိုး ၃၀,၀၀၀ ခန့်သည် ခရိုင်းမီးယားမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။
ခရိုင်းမီးယားတွင် ဆက်လက်နေထိုင်သည့် တာတာလူမျိုးများသည် ဖိနှိပ်မှုများနှင့် ဆက်လက်ရင်ဆိုင်ခဲ့ရပြီး တာတာတို့၏ အဓိက ကိုယ်စားပြုအဖွဲ့နှင့် ဘာသာရေးအဖွဲ့အချို့သည် ပိတ်ပင်ခံခဲ့ရသည်။ တာတာလူမျိုး ၈၀ ခန့်သည် ဖိနှိပ်မှုများအတွင်း ပြစ်ဒဏ်စီရင်ခံခဲ့ရပြီး တက်ကြွလှုပ်ရှားသူ ၁၅ ဦး ပျောက်ဆုံးခဲ့သည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့်အဖွဲ့က ပြောကြားခဲ့သည်။
မဟာဗျူဟာမြောက် တန်ဖိုးကြီးမှုအပြင် ခရိုင်းမီးယားဒေသသည် ရုရှားနိုင်ငံသားများ အပေါ် အတိတ်ကာလက သမိုင်းကြောင်းများဖြင့် လွှမ်းမိုးမှုရှိခဲ့သည်ဟု King’s College London မှ ရုရှားနိုင်ငံရေး ပါမောက္ခ ဆမ် ဂရင်နီက ပြောကြားခဲ့သည်။
စီဗက်စတိုပိုးလ်မြို့သည် ရုရှား၏နောက်ဆုံးဇာဘုရင်ဖြစ်သည့် ဒုတိယမြောက် နီကိုလပ်စ်ဘုရင်နှင့် ၎င်း၏ မိသားစုအတွက် အားလပ်ရက်အပန်းဖြေနေရာတစ်ခု ဖြစ်ခဲ့သည်။ ဆိုဗီယက်ကာလအတွင်း ခရိုင်းမီးယား တောင်ပိုင်း ယယ်လ်တာမြို့သည် အဓိက အားလပ်ရက် အပန်းဖြေနေရာတစ်ခုဖြစ်ခဲ့သည်။
ထို့ပြင် ဒုတိယကမ္ဘာစစ်အပြီးတွင် ဂျာမနီနှင့် ဥရောပ၏ ရှေ့ရေးအတွက် ဆွေးနွေးရန် ၁၉၄၅ ခုနှစ်တွင် စတာလင်သည် အမေရိကန်သမ္မတ ဖရန်ကလင်းဒီရုစဗဲ့၊ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတာချာချီတို့နှင့် အစည်းအဝေးပြုလုပ်ခဲ့ချိန်တွင် ခရိုင်းမီးယားဒေသ၏ အရေးပါပုံကို ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့် သိရှိခဲ့သည်။
ဂရင်နီနှင့် ရောဘတ်ဆန်တို့သည် ခရိုင်းမီးယားကို ပူတင်မသိမ်းပိုက်မီနှင့် သိမ်းပိုက်ပြီးနောက်ပိုင်း ရုရှားနိုင်ငံသားများ၏ သဘောဆန္ဒကို စစ်တမ်းကောက်ယူမှုများပြုလုပ်ခဲ့ရာတွင်အပြောင်းအလဲများ ရှိခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
“အစပိုင်းကတော့ ရုရှားပြည်သူတွေဟာ အကျင့်ပျက်ခြစားမှုဟာ နိုင်ငံအတွက် ပြဿနာမဟုတ်ဘူးလို့ ယုံကြည်ခဲ့ကြပါတယ်။ ပြီးတော့ နိုင်ငံရဲ့ စီးပွားရေးအပေါ်ကိုလည်း အကောင်းမြင်ခဲ့ကြပါတယ်”ဟု ဂရင်နီက ပြောသည်။
သို့သော် ၂၀၁၈ ခုနှစ်တွင် အဆိုပါ အကောင်းမြင်မှုများသည် လျော့ကျလာခဲ့သည်။ ပူတင် ပြန်လည်ရွေးကောက်ခံခဲ့ရပြီးနောက် ၂၀၁၈ ခုနှစ်တွင် ၎င်းအပေါ် လူထုထောက်ခံမှုနှုန်းသည် ၇၀ ရာခိုင်နှုန်း အောက်သို့ ကျဆင်းခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို စစ်ပွဲဆင်နွှဲမှုသည် လူထုထောက်ခံမှုနှုန်းကို ထိခိုက်စေခဲ့ပြီး အကယ်၍ ရုရှားသည် ခရိုင်မီးယားကို ဆုံးရှုံးခဲ့မည်ဆိုပါက ပူတင်သည် သမ္မတနေရာအတွက် ထိုက်တန်မှုမရှိကြောင်း ရုရှားပြည်သူများက ကောက်ချက်ချဖွယ်ရှိနေသည်ဟု ဂရင်နီက ပြောကြားခဲ့သည်။
သို့သော် ယူကရိန်းအနေနှင့် ၂၀၂၂ ခုနှစ်အောက်တိုဘာလက ခရိုင်းမီးယားနှင့် ရုရှားအကြား ဆက်သွယ်ထားသည့် တံတားတစ်စင်းနှင့် ဇူလိုင် ၂၂ ရက်တွင် ရုရှား၏ လက်နက်သိုလှောင်ရုံကို တိုက်ခိုက်မှုများ အပါအဝင် ထိုးစစ်ကို မြှင့်တင်နေသည့်တိုင် ယူကရိန်းသည် ခရိုင်းမီးယားကို ပြန်လည် သိမ်းယူနိုင်စွမ်းရှိလိမ့်မည်ဟု မော်စကိုတွင် ယုံကြည်သူအနည်းငယ်သာရှိသည်ဟု စတန် နိုဗာယာက ပြောကြားခဲ့သည်။
ရုရှား၏ ကျူးကျော်မှုမတိုင်မီ ဇယ်လန်စကီးသည် ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်ရရှိရန် သံတမန်ရေးအရ အားထုတ် ကြိုးပမ်းမှုများပြုလုပ်ခဲ့သော်လည်း ရုရှား၏စစ်ပွဲဆင်နွှဲလာချိန်တွင် ခရိုင်းမီးယားကို အင်အားသုံးပြီး ပြန်လည်သိမ်းယူမည်ဟု ကြေညာခဲ့သည်။
“ဒါက လွယ်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ခရိုင်းမီးယားမှာ ရုရှားက လက်နက်တွေ အများအပြားကို ဖြန့်ကြက်ထားလို့ဖြစ်ပါတယ်။ ပြီးတော့ ခရိုင်းမီးယားဟာ ပင်လယ်နက်နဲ့ အဇော့ပင်လယ်အကြား တည်ရှိနေတာကြောင့် ရုရှားအတွက် ဒေသတွင်း စစ်ရေးအရအရေးကြီးတဲ့နေရာတစ်ခုဖြစ်နေလို့ပါပဲ” ဟု စစ်ရေးကျွမ်းကျင်သူ ရိုမန် စဗန်တန်က အေပီ သတင်းဌာနကို ပြောကြားခဲ့သည်။
ထို့ပြင် ခရိုင်းမီးယားကို ရုရှားအား ပေးအပ်ရမည့်အချက်ပါဝင်သည့် မည်သည့် ငြိမ်း ချမ်းရေးသဘောတူညီချက်မဆိုကိုလည်း ယူကရိန်းကလက်ခံရန် ခက်ခဲလိမ့်မည်ဟု ရောဘတ်ဆန်က ပြောသည်။
“ယူကရိန်းအတွက် အရေးကြီးတဲ့ အချက်ကတော့ ဒီစစ်ပွဲဟာ ယူကရိန်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို ပြန်လည်ရရှိ ရေးအတွက်သာ မဟုတ်ဘဲ ယူကရိန်းပိုင်တဲ့ နယ်မြေအားလုံးကို ပြန်လည်ရရှိရေးအတွက် ဆိုတာကို အနောက်နိုင်ငံတွေကို အချက်ပြဖို့ဖြစ်ပါတယ်”ဟု ရောဘတ်ဆန်က ပြောကြားခဲ့သည်။
Ref: AP