(၁) ကာလတစ်လျှောက် နီးနီးကပ် ကပ်ရှိနေခဲ့သည့် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံ စီးပွားရေးရာ အပြန်အလှန်ဆက်ဆံမှုများသည် ယခုအချိန်တွင် တစ်စတစ်စ ယိုယွင်း ပျက်စီးလာသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေကိုကြည့်လျှင် ယေဘုယျအားဖြင့် ဆိုးဆိုးရွားရွား မရှိလှသော်လည်း အပြန်အလှန် မှီခိုမှုအားနည်းလာနေသည်ကို တွေ့ရသည်။ နှစ်နိုင်ငံ ကြားတွင် မြင့်တက်လာနေသော တင်းမာမှုများသည် အမေရိကန် ရင်းနှီးမြှုပ်နှံသူများနှင့် တရုတ်ရင်းနှီး မြှုပ်နှံသူများကို နှစ်နိုင်ငံစျေးကွက်များထဲသို့ မရောက်ရှိစေရန် မောင်းထုတ်နေသကဲ့သို့ ဖြစ်နေသည်ဟု ဝေဖန်မှုများရှိနေ၏။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့ လက်တွဲဖြုတ်တော့မည်လော။ အဖြစ်နိုင်ဆုံး အခြေအနေမှာ နည်းပညာကဏ္ဍတွင် ရှိနေသည်။ အမျိုးသားလုံခြုံရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ အပြိုင်အဆိုင်လုပ်ဆောင်နေမှုများသည် နှစ်နိုင်ငံပြည်တွင်းစက်မှုနှင့် နည်းပညာကဏ္ဍကို ပိုမိုချဉ်းကပ်လာသည်။ နည်းပညာစစ်ပွဲ အသွင်ဆောင်လာသည့် ထိုအခြေအနေသည် အမေရိကန်နှင့် တရုတ် စီးပွားရေး နှစ်ရပ်စလုံးကို ထိခိုက်စေမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဂယက် ရိုက်ခတ်မှုများရှိလာပေလိမ့်မည်။
(၂) အမေရိကန်အစိုးရသည် တရုတ်နိုင်ငံအပေါ် နည်းပညာကန့်သတ်ချက်များ တိုးမြှင့်လုပ်ဆောင်ခြင်း၊ အကောက်အခွန်များ တိုးမြှင့်ခြင်းဖြင့် ကုန်သွယ်ရေးစစ်ပွဲ အသွင်သဏ္ဌာန် ဖန်တီးမှုများရှိနေခဲ့သော်လည်း နှစ်နိုင်ငံကုန်သွယ်မှုသည် ဆက်လက်တိုးချဲ့မှုများ ရှိနေပြန်သည်ဟုလည်းဆိုသည်။ သို့သော် နှေးကွေး၏။ အမေရိကန်ကုန်သွယ်မှု စုစုပေါင်းတိုးချဲ့မှု၏ ငါးပုံတစ်ပုံမျှ သာရှိသည်။ အမေရိကန်နိုင်ငံ တင်သွင်းသည့် တရုတ်သွင်းကုန်ပမာဏမှာ ကျဆင်းသွားခဲ့ပြီး တရုတ်နိုင်ငံ တင်သွင်းသည့် အမေရိကန်သွင်းကုန်အချို့သည်လည်း ပမာဏလျော့ကျလာခဲ့သည်။
နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ အချက်အလက် တစ်မျိုးတည်းဖြင့် အမေရိကန်-တရုတ် စီးပွားရေးအခြေအနေကို ပုံဖော်၍မရနိုင်တော့။ အကောက်ခွန်နှင့်ပတ်သက်၍ အပြန်အလှန် စည်းကြပ်မှုများ ပြုလုပ်လာသည့်အချိန်၊ တစ်နည်း ဆိုရလျှင် အကောက်ခွန်စစ်ပွဲ (Tariff War) စတင်သည့်အချိန်ကတည်းက တရုတ်တို့၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အရှေ့တောင်အာရှဒေသတွင် တစ်ရှိန်ထိုးမြင့်တက်လာခဲ့ကာ ၂၀၂၀ ပြည့်နှစ်၌ အမေရိကန်ဒေါ်လာ ၁၂၈ ဘီလျံ အထိ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် အမေရိကန်နိုင်ငံ၏ အရှေ့တောင်အာရှဒေသမှ သွင်းကုန် တင်သွင်းမှုများသည်လည်း လျင်မြန်စွာတိုးလာခဲ့သည်။
အရှေ့တောင်အာရှရှိ တရုတ်ကုမ္ပဏီများမှ အမေရိကန်နိုင်ငံသို့ တင်ပို့သည် ပို့ကုန်များတွင် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ကြမ်းများ၊ အစိတ်အပိုင်းများ ပါဝင်နေသည်။ ဗီယက်နမ်နိုင်ငံဆိုလျှင် ပို့ကုန်ထုတ်လုပ်မှုများအတွက် တရုတ်နိုင်ငံမှ ကုန်ကြမ်းတင်သွင်းမှု ပမာဏသည် တိုးမြင့်လာလျက်ရှိရာ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ လေးနှစ်တာကာလအတွင်း နှစ်ဆ နီးပါးရှိခဲ့သည်။ ဆိုလိုသည်မှာ အမေရိကန်နိုင်ငံသို့ တင်ပို့နေသည့် အရှေ့တောင်အာရှဒေသထုတ်ကုန်များတွင် တရုတ်နိုင်ငံထုတ် ကုန်ကြမ်း၊ စက်ကိရိယာအစိတ်အပိုင်းများ ရာခိုင်နှုန်းများစွာ ပါဝင်နေခြင်းဖြစ်သည်။ ထို့ကြောင့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား တိုက်ရိုက် ကုန်သွယ်မှုပမာဏ ကျဆင်းလာသော်လည်း သွယ်ဝိုက်သောအားဖြင့် ပါဝင်နေသည့် ကုန်ပစ္စည်းပိုမိုများ ပြားလာနေသဖြင့် ကျဆင်းလာသော နှစ်နိုင်ငံ တိုက်ရိုက် ကုန်သွယ်ပမာဏကို ထေမိ (အစားထိုး) သွားသကဲ့သို့ ဖြစ်နေသည်။
(၃) တရုတ်နိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ၏ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုပမာဏသည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၄ ဘီလျံအထိ ရောက်ရှိခဲ့ကြောင်း အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး၏ အချက်အလက်များအရ သိရသည်။ သို့သော် တရုတ်နိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများ
အသင်းက ပြုလုပ်ခဲ့သည့် (၂၅) ကြိမ် မြောက် တရုတ်စီးပွားရေးလုပ်ငန်း ဆိုင်ရာစစ်တမ်းတွင် တင်းမာမှုများ မြင့်တက်လာခြင်း၊ တရုတ်နိုင်ငံ၏ စည်းမျဉ်းစည်းကမ်းများ ညီညွတ်မှု မရှိခြင်းနှင့် အလုပ်သမားစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် အမေရိကန်ကုမ္ပဏီများ၏ တရုတ်နိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှု ဦးစားပေးအဖြစ် ရှုမြင်သဘောထားမှုများမှာ ကျဆင်းလာခဲ့သည်ဟု ဖော်ပြထား သည်။
စစ်တမ်းအရ တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္ပဏီအများစုသည် ဆက်လက်လုပ်ဆောင်ရန် အစီအစဉ်များရှိနေသော်လည်း အပ်ပဲလ် (Apple) နှင့် (Google) ဂူဂဲလ်ကဲ့သို့ နည်းပညာကုမ္ပဏီများသည် ရောင်းလိုအားကွင်းဆက်များကို တရုတ်နိုင်ငံပြင်ပသို့ ရွှေ့ပြောင်းရန် စဉ်းစားနေပြီဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ပြင်ပရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်များကြောင့်လည်း အမေရိကန်ကုမ္ပဏီများ၏ တရုတ်နိုင်ငံသို့ ဦးတည်မည့် ရင်းနှီးမြှုပ်နှံမှုများမှာ အနာဂတ်ကာလတွင် မသေချာမှုများ ရှိနေသည်။
(၄) သမ္မတဂျိုးဘိုင်ဒင်အစိုးရအဖွဲ့သည် တရုတ်နိုင်ငံ၏ နည်းပညာ အဆင့်မြှင့်တင်ရေးကဏ္ဍများတွင် အမေရိကန်ရင်းနှီးမြုပ်နှံသူများ ကူညီပေးနိုင်ခြေများကို စိုးရိမ်လျက်ရှိနေပြီး တရုတ်နိုင်ငံသို့ စီးဝင်သွားနိုင်သည့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများကို ဟန့်တားနိုင်ရေးအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်။ အမေရိကန်နိုင်ငံအတွင်းရှိ တရုတ်အစိုးရပိုင်ကုမ္ပဏီများ၊ ပုဂ္ဂလိကကုမ္ပဏီများသည်လည်း ပိုမိုစောင့်ကြည့်စစ်ဆေးခြင်းများကို ခံနေကြရသည်။ ၂၀၂၁ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီသည် ပိုမိုရင်းနှီးမြှုပ်နှံလာသော တရုတ်စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပိုမိုပြုလုပ်နေခြင်းဖြစ်သည်။ တရုတ်ရင်းနှီးမြှုပ်နှံသူများသည် စောင့်ကြည့်စစ်ဆေးမှုများနှင့် တရားစီရင်မှုများကို အများဆုံးရင်ဆိုင်နေကြရသည်။ မကြာသေးမီက လူသိအများဆုံး ဖြစ်ခဲ့သောအမှုကိစ္စမှာ တစ်တော့ခ် (TikTok) ၏ အမှု ဆောင်အရာရှိချုပ် (စီအီးအို) ရှိုချူး (Shou Chew) ကို အမေရိကန်ကွန်ဂရက်က စစ်ဆေးမှုဖြစ်သည်။
အဆိုပါကုမ္ပဏီသည် တရုတ်နိုင်ငံရှိ ၎င်း၏ ပင်ရင်းကုမ္ပဏီ ဘိုက်ဒန်းစ် (Byte Dance) မှ ခွဲထွက်ခြင်းမရှိပါက အမေရိကန်နိုင်ငံတွင် ပိတ်ပင်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟုဆိုသည်။
(၅) နည်းပညာနယ်ပယ်တွင် အမေရိကန်-တရုတ် လက်တွဲဖြုတ်မှု (Decoupling) ပြင်းထန်လာသည်မှာ သံသယဖြစ်စရာပင်မလို။ မျက်မြင်ကြုံတွေ့နေရပြီ။ အခြေအနေသည် ၂၀၁၈ ခုနှစ်က အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် (Trump) လုပ်ဆောင်ခဲ့သော တရုတ်ဟွာဝေး (Huawei) ကုမ္ပဏီကို တင်ပို့မည့် အမေရိကန်ပို့ကုန်များကို ကန့်သတ်မှုပြုလုပ်ခြင်းမှ စတင်ခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သောငါးနှစ်ကတည်းက အမေရိကန်သည် တရုတ်နိုင်ငံအပေါ် ၎င်း၏နည်းပညာကန့်သတ်ချက်များကို လုပ်ဆောင်ခဲ့သည်ကို တွေ့ရလိမ့်မည်။ ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် တရုတ်နိုင်ငံသား ၄၀၀ ခန့် ကို အထူးသတ်မှတ်ထားသော နိုင်ငံသားများနှင့် ပိတ်ဆို့ခံထားရသူများ စာရင်းတွင် ထည့်သွင်း၍ အမေရိကန်နိုင်ငံသားများနှင့် မည်သည့် ရောင်းဝယ်ခြင်းမှ မပြုလုပ်ရန်တားမြစ်ခဲ့သည်။
၂၀၂၃ ခုနှစ်မတ်လတွင်လည်း နည်းပညာအချို့နှင့် အချို့သော ကုန်ပစ္စည်းများ စီးဆင်းမှုအပေါ် ကန့်သတ်ချက်များလုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်ကုမ္ပဏီ ၆၆၅ ခုကို ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်မှုစာရင်း (US Entity List) တွင်ထည့်သွင်းခဲ့သည်။ တရုတ်နိုင်ငံသည်လည်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက Unreliable Entity List ဖြင့် တုံ့ပြန်ခဲ့မှုများပြုလုပ်ခဲ့ဖူးသည်။
(၆)၂၀၂၂ ခုနှစ်စက်တင်ဘာလ၊ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) က တရုတ်နိုင်ငံနှင့်ပတ်သက်၍ အမေရိကန်၏ စီးပွားရေးမူဝါဒတွင် လေးနက်သော ပြောင်းလဲမှု ပြုလုပ်မည်ဟုကြေညာလိုက်သည့်အချိန်တွင် အမေရိကန်-တရုတ်နိုင်ငံတို့၏ နည်းပညာနှင့် ပတ်သက်၍ လက်တွဲဖြုတ်မှု (Decoupling) အရှိန်မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံ၏ နည်းပညာများကို အမေရိကန်၏ နောက်တွင် မျိုးဆက်တစ်ဆက် အချိန်ကာလမျှ ချန်ထားခဲ့ရန် ရည်ရွယ်လျက် ပို့ကုန်ကန့်သတ်ချက်များဖြင့် ပုံဖော်နေခြင်းထက် ယခုအချိန်တွင်ပို၍ ပီပြင်လာသော အမေရိကန်၏ ရည်မှန်းချက်မှာ တရုတ်နိုင်ငံ၏ လက်ရှိနည်းပညာဖွံ့ဖြိုးတိုးတက်မှုအဆင့်ကို ရပ်တန့်သွားစေရန်ဖြစ်နေသည်။ အမေရိကန်နိုင်ငံအနေဖြင့် နည်းပညာကဏ္ဍတွင် ရှေ့တန်းနယ်မြေ ဆက်လက်ချဲ့ထွင်လာသည်နှင့်အမျှ တရုတ်နိုင်ငံသည် ပိုမိုနောက်ကျကျန်ရစ်ခဲ့ကာ နှစ်နိုင်ငံကြား ကွာဟချက်မှာ ပိုမိုကျယ်ပြန့်လာပေလိမ့်မည်။
(၇) ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် တရုတ်ဆီမီး ကွန်ဒတ်တာ ထုတ်လုပ်ရေးကုမ္ပဏီများကို တင်ပို့နေသည့် အမေရိကန်စက်ပစ္စည်းအစိတ်အပိုင်းများနှင့် ဝန်ဆောင်မှုများကို ကန့်သတ်သည့် ကြေညာချက်ပြုလုပ်ခဲ့သည်။ ရည်ရွယ်ချက်မှာ အမေရိကန်၏ အမျိုးသားရေး၊ လုံခြုံရေးအတွက် စိုးရိမ်စရာအဖြစ် ရှုမြင်ထားသော၊ တရုတ်နိုင်ငံ၏ အဆင့်မြင့် ချစ်ပ် (Advanced Chips) ထုတ်လုပ်ရေးစွမ်းရည်ကို နှေးကွေးသွားစေရန် ဖြစ်သည်။ အမေရိကန်၏ လုပ်ဆောင်မှုကို ဂျပန်နိုင်ငံနှင့် နယ်သာ လန်နိုင်ငံတို့ကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။
တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ကွမ်တမ်ကွန်ပျူတာ၊ ဉာဏ်ရည်တုနှင့် အခြားသော အရေးပါသော ကဏ္ဍများတွင် အမေရိကန်နိုင်ငံ ဦးဆောင်နိုင်ရေးမှာ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် “အမေရိကန်သည် တရုတ်နိုင်ငံအပေါ် ထိန်းချုပ်ခြင်း၊ ၀ိုင်းဝန်း ပိတ်ဆို့ထားခြင်း၊ ဖိနှိပ်ခြင်း ပြုလုပ်နေသည်” ဟူသောစကားသံ တရုတ်သမ္မတထံမှ ထွက်ပေါ်လာခြင်းသည် အံ့အားသင့်စရာမဟုတ်ပေ။ ယခုအချိန်တွင် တရုတ်နိုင်ငံသည်လည်း နောက်ဆုံးပေါ် နည်းပညာကဏ္ဍတွင် ဒေါ်လာဘီလျံချီ၍ ရင်းနှီးမြှုပ်နှံနေပြီဖြစ်သည်။
(၈) အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ၏ ၂၀၂၁ ခုနှစ်က လေ့လာမှုတစ်ရပ်က နည်းပညာပိုင်းဆိုင်ရာ လက်တွဲပြုတ်သွားခြင်းသည် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကို တိုက်ရိုက်ထိခိုက်စေနိုင်သည့် အခြေအနေရှိသည်ကို လမ်းကြောင်းသုံးခုဖြင့် ဖော်ပြထားသည်။ ထိုလမ်းကြောင်းသုံးခုမှာ ကျဆင်းလာသော ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစီးဆင်းမှု (reduced global trade flows)၊ အရင်းအမြစ် များကို လွဲမှားစွာခွဲဝေမှု (misallocation of resources) နှင့် နယ်စပ်ဖြတ်ကျော် အသိပညာပြန့်ပွားရေး နည်းပါးလာမှု (less cross-border knowledge diffusion) တို့ဖြစ်သည်။
ကုန်သွယ်မှု အကွဲကွဲအပြားပြားဖြစ်သွားခြင်းနှင့်အတူ နည်းပညာပိုင်းဆိုင်ရာ လက်တွဲပြုတ်သွားခြင်းသည် သိသာထင်ရှားသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဆုံး ရှုံးမှုများဆီသို့ ဦးတည်သွားပေလိမ့်မည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းဖူလုံရေးအတွက် တွန်းအားပေး လုပ်ဆောင်မှုမှာ ငွေကြေးကုန်ကျ စရိတ်ကြီးမားပြီး အောင်မြင်မှု အတွက်လည်း အာမမခံနိုင်ပေ။ ကမ္ဘာနိုင်ငံများအကြား ဆက်စပ်မှု အားကောင်းနေသော ယခုကဲ့သို့ အချိန်အခါတွင် နိုင်ငံများကြား၌ လက်တွဲလုပ်ဆောင်ခြင်း၏ အဆိုးအကောင်း၊ ခွဲခြားပြုမှုခြင်း၏ အဆိုးအကောင်းရလဒ်တို့ကို အချိန်ကြာကြာ စောင့်နေစရာမလိုဘဲ သိရှိနိုင်ပေသည်။
(၉) နည်းပညာဆိုင်ရာ ကန့်သတ်မှုများ၊ ထိန်းချုပ်မှုများသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ အကျိုးစီးပွားအတွက်သာ ဖြစ်သာဖြစ်သည်။ ကမ္ဘာကြီးအတွက်မဟုတ်ပေ။ ပကတိအရှိတရားအရ ဆိုရလျှင် ထိုအခြေအနေမျိုး ဖန်တီးနေခြင်းသည် အကျိုးအကြောင်း လျော်ညီသော မူဝါဒတစ်ခုကို ပုံဖော်ရာ၌ နှစ်နိုင်ငံစလုံးက အလွန်အမင်း ခက်ခဲအောင် လုပ်နေခြင်းဖြစ်သည်ဟု ကောက်ချက်ချကြသည်။
ဇူလိုင် ၇ ရက်က တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်း (Li Qiang) နှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက် ရယ်လန် (Janet Yellen) တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌တွေ့ဆုံခဲ့သည်။ နှစ်ဖက်အခြေအနေအရပ်ရပ်ကို ဆွေးနွေးခဲ့ကြ၏။ ၎င်းတို့ နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းမှုအတွက် သာမက ကမ္ဘာကြီးအတွက်ပါ အရေးပါကြောင်း စကားများ ဖလှယ်ခဲ့ကြသည်။ နှစ်နိုင်ငံ ဆက်လက်၍ တွဲရမည်လော၊ ခွဲရမည်လော။ နှစ်ဖက် ရန်စောင်နေသည့် အခြေအနေမှာပင် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံ ခေါင်းဆောင်များသည်တွဲခြင်း၏ကောင်းကျိုး၊ ခွဲခြင်း၏ဆိုးကျိုးတို့ကို ၎င်းတို့ကိုယ်တိုင် သဘောပေါက်နေပေလိမ့်မည်။