ဇူလိုင် ၃၁ ရက်က အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၃) ကို နေပြည်တော်တွင် ကျင်းပခဲ့သည်။
ယင်းအစည်းအဝေး၌ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် အခင်းအကျင်းနှစ်ခုကို ပြောကြားသည်။
ရွေးကောက်ပွဲကျင်းပမှုနှင့်ပတ်သက်ပြီး အခင်းအကျင်း နှစ်ခု ထွက်ပေါ်လာနိုင်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ပထမတစ်ခုအနေဖြင့် လတ်တလော လက်နက်ကိုင် တိုက်ခိုက်မှု၊ မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ဒေသများကို ချန်လှပ်ပြီး ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် ဒုတိယတစ်ခုအနေဖြင့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဖြစ်မနေ ပြုလုပ်ခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌကပြောသည်။
■ ပထမအခင်းအကျင်း
နစကဥက္ကဋ္ဌ၏ ပြောစကားအရ ရွေးကောက်ပွဲကျင်းပမည့် ပထမအခင်းအကျင်းတွင် တည်ငြိမ်မှု အားနည်းနေဆဲ ဒေသများကို ချန်လှပ်ပြီး ကျန်ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပရန် ဖြစ်သည်။
သို့သော် ပထမအခင်းအကျင်းတွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်ထက် ကျင်းပနိုင်မည့် မြို့နယ်အရေအတွက် နည်းပါးသွားနိုင်သည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး မြောက်ဘက်ခြမ်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသည့်အတွက် ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်ပေ။
မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ မြို့နယ်ရှိသည့်အနက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၃၂၃ မြို့နယ် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်မူ ၃၁၅ မြို့နယ်၌သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် မြို့နယ် ၁၅ မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိ ခဲ့ပေ။
လက်ရှိတွင် မြန်မာနိုင်ငံ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခနှင့် မလုံခြုံမှုများ ရှိနေသည့်အတွက် တည်ငြိမ်မှု အားနည်းနေဆဲ ဒေသများကို ချန်လှပ်ပြီး ကျန်ဒေသများတွင် ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျင်းပခဲ့သည့် ၃၁၅ မြို့နယ်ထက် နည်းပါးသွားနိုင်ကြောင်း နစကဥက္ကဋ္ဌက ဆို သည်။
ထို့ပြင် တည်ငြိမ်မှုမရှိသည့် ဒေသများ၌ ရွေးကောက်ပွဲကျင်းပမည်ဆိုပါက ဒေသခံမဲဆန္ဒရှင် ပြည်သူများကို လက်နက်အားကိုးဖြင့် မဲ မပေးစေရေး၊ မဲပေးပါကလည်း ၎င်းတို့လိုလားသူကိုသာ မဲပေးစေရေးစသည့် ဖိအားပေးအကျပ်ကိုင်မှုများ ဖြစ်ပေါ်လာပါက ရွေးကောက်ပွဲ၏ မူလဦးတည်ချက်များ ပပျောက်သွားနိုင်ကြောင်းနှင့် ဒီမိုကရေစီအတွက် မဲပေးရွေးချယ်မှုသည် အာဏာရှင်နှင့် အကြမ်းဖက်အားပေးများကို မဲပေးရွေးချယ်လိုက်ရသည့် ဖြစ်စဉ်မျိုး ဖြစ်ပေါ်လာနိုင်သည်ကိုလည်း သတိပြုမိရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့သည့် တိုင်းရင်းသားဒေသများ၏ မကျေနပ်မှုများကိုလည်း တွေ့မြင်ရပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များတွင်ရှိသည့် ပြည်သူလူထုသည် ၎င်းတို့၏ မူလအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်နှင့် ဒီမိုကရေစီနည်းလမ်းကျ ဆန္ဒဖော်ထုတ်နိုင်မှု အခွင့်အရေးများ ဆုံးရှုံးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်တစ်ခုလုံးအလိုက် ရွေးကောက်ပွဲ မကျင်းပနိုင်သည်ထက်စာလျှင် လုံခြုံမှုရှိသည့်နေရာများတွင် ကျင်းပပေးနိုင်ရန်လည်း စဉ်းစားဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် ရွေးကောက်ပွဲကျင်းပမှုမှ ချန်လှပ်ခဲ့သည့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လွှတ်တော်ခေါ်ယူရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ရွေးချယ်ခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း စသည့်ကိစ္စရပ်များတွင် အားနည်းချက်များဖြစ်လာမည် ဖြစ်သလို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့တွင်လည်း အလားတူ ဒေသကိုယ်စားပြုသည့် ကိုယ်စားလှယ်ပါဝင်မှုမရှိခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် အားနည်းချက်များ ဖြစ်ပေါ်လာနိုင်ခြင်းစသည့် အကျိုးဆက်များကို ရင်ဆိုင်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့အတူ နိုင်ငံတကာအမြင်၊ ပြည်သူလူထုအမြင်တွင်လည်း လွှတ်တော်ကို မဖြစ်ဖြစ်အောင် ခေါ်သည် ဆိုသည့် အနေအထားသို့ ရောက်ရှိ သွားနိုင်ကြောင်း ၎င်းကဆိုသည်။
လွှတ်တော်ခေါ်ယူရေးနှင့် ပတ်သက်၍လည်း နစကဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်စတက်သည့် ပထမနေ့တွင် တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ် ထက်ဝက်ကျော်ဦးရေ တက်ရောက်ပါက အစည်းအဝေး အထမြောက်ကြောင်း ပြောကြားသည်။
ထို့ကြောင့် လွှတ်တော်အစည်းအဝေး အထမြောက်ရန် လိုအပ်သည့် ကိုယ်စားလှယ်အရေအတွက် ရာခိုင်နှုန်း ၅၀ တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိပြီးဖြစ်၍ ကျန် ၂၅ ရာ ခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်ကြောင်း ၎င်းကဆိုသည်။
သို့သော် လွှတ်တော်အစည်းအဝေးကို ကျင်းပလိုက်သည်နှင့် လွှတ်တော်အစည်းအဝေး အထမြောက်အောင် တပ်မတော်က အတင်းလုပ်ယူသည်ဟူသည့် ပုံရိပ်တစ်ခုကို သတ်မှတ်သွားနိုင်သည့် အနေအထားရှိကြောင်း၊ အလားတူ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် သမ္မတ၊ ဒုတိယသမ္မတ စသည်တို့ ရွေးချယ်သည့် အခါတွင်လည်း ပုံရိပ်အရ မသင့်တော်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
နစကအနေဖြင့် ကျင်းပပေးမည့် ရွေးကောက်ပွဲသည် အထွေထွေရွေးကောက်ပွဲ ဖြစ်သည့်အတွက် ပြည်သူများ၏ ဆန္ဒဖြင့် ရွေးချယ်လိုက်သည့် ရွေးကောက်ခံကိုယ်စားလှယ်များ ပါဝင်ရန်လိုကြောင်း၊ အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့်အထိ ကိုယ်စားလှယ်များ ရွေးချယ်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း ရွေးကောက်ပွဲ ၁၀၀ ရာခိုင်နှုန်း အောင်မြင်ရန် ခက်ခဲမည် ဖြစ်ကြောင်း ၎င်းက ဝန်ခံပြောကြားသည်။
■ ဒုတိယအခင်းအကျင်း
နစကဥက္ကဋ္ဌ၏ ပြောစကားအရ ရွေးကောက်ပွဲကျင်းပမည့် ဒုတိယအခင်းအကျင်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပခြင်းကို ဆိုလိုသည်။
သို့သော် ဒုတိယအခင်းအကျင်းတွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကိုလည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။
အဓိကအားဖြင့် လက်နက်ကိုင် ဆန့်ကျင်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့်ဒေသများတွင် လက်နက်အားကိုးခြိမ်းခြောက် ပီး မဲပေးမှုကို တားမြစ်ပိတ်ပင်ခြင်း၊ အကြမ်းဖက် ဗုံးဖောက်ခွဲခြင်း၊ တိုက်ခိုက်ခြင်း၊ အကြမ်းဖက်သမားများ လိုလားသည့်သူများကို ခြိမ်းခြောက် မဲထည့်စေခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ရလဒ်အနေဖြင့် မဲဆန္ဒရှင်များကိုယ်တိုင် မဲပေးရွေးချယ်သည့် ရာခိုင်နှုန်းကျဆင်းခြင်း၊ အကြမ်းဖက်အားပေး လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးသို့ ရောက်ရှိလာခြင်းများ ဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံ၏ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနေမှုကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်း ၎င်းက ပြောကြားသည်။
ထိုသို့သောအခြေအနေများ မဖြစ်ပေါ်လာစေရေးအတွက် လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နေရာဒေသများကို တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အရေးတကြီးလိုအပ်လျက်ရှိကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးက မြို့နယ်အချို့ကို နစကအနေဖြင့် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၃၃၀ ရှိသည့်အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းသည့် မြို့နယ် ၁၉၈ မြို့နယ်ရှိပြီး လုံခြုံရေး အလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်နှင့် လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမည့် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားသည်။
နစက တာဝန်ယူပြီး နှစ်နှစ် ပြည့်မြောက်ချိန်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းနှင့် ပြည်နယ် ရှစ်ခုမှ မြို့နယ် ၃၇ မြို့နယ် ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ အမိန့်အမှတ်(၁/၂၀၂၃)၊ (၂/ ၂၀၂၃)၊ (၃/၂၀၂၃)၊ (၄/၂၀၂၃)၊ (၅/၂၀၂၃) နှင့် (၆/၂၀၂၃) တို့ဖြင့် စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်ဟု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စစ်အုပ်ချုပ်ရေး ကြေညာခြင်း ခံခဲ့ရသည့် မြို့နယ်များမှာ စစ်ကိုင်းတိုင်းမှ ၁၁ မြို့နယ်၊ ချင်းပြည်နယ်မှ ခုနစ်မြို့နယ်၊ ပဲခူးတိုင်းမှ ငါးမြို့နယ်၊ မကွေးတိုင်းမှ ငါးမြို့နယ်၊ ကယားပြည်နယ်မှ လေးမြို့နယ်၊ မွန်ပြည် နယ်မှ တစ်မြို့နယ်၊ ကရင်ပြည်နယ်မှ နှစ်မြို့နယ်နှင့် တနသာင်္ရီတိုင်းမှ နှစ်မြို့နယ်တို့ ဖြစ်ကြသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နှင့် ရေဦးမြို့နယ်တို့ကိုလည်းကောင်း၊ ချင်းပြည်နယ်ရှိ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက် လက်၊ မတူပီ၊ ထန်တလန်နှင့် ဟား ခါးမြို့နယ်တို့လည်းကောင်း အမိန့် အမှတ် (၁/၂၀၂၃) ဖြင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ စစ်အုပ်ချုပ်ရေး အပ်နှင်းခဲ့ခြင်းဖြစ်သည်။
ထို့အတူ အနောက်မြောက် တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မကွေးတိုင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နှင့် မြိုင်မြို့နယ်တို့ကို အမိန့်အမှတ် (၂/၂၀၂၃) ဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သည့် ပဲခူးတိုင်းရှိ ထန်းတပင်၊ အုတ် ဖို၊ နတ်တလင်း၊ ပေါင်းတည်နှင့် ပေါက်ခေါင်းမြို့နယ်တို့ကို အမိန့်အမှတ် (၃/၂၀၂၃) ဖြင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း စစ်အုပ်ချုပ်ရေး အပ်နှင်းခဲ့သည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သည့် မွန်ပြည်နယ်ရှိ ရေးမြို့နယ်နှင့် ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်တို့ကို အမိန့်အမှတ် (၄/ ၂၀၂၃) ဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းရှိ တနင်္သာရီနှင့် ပုလောမြို့နယ်တို့အား အမိန့်အမှတ် (၅/၂၀၂၃) ဖြင့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) နယ်မြေဖြစ်သည့် ကယားပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘောလခဲမြို့နယ်တို့ကို အမိန့်အ မှတ် (၆/၂၀၂၃) ဖြင့် ဒေသကွပ်ကဲ ရေးမှူးထံသို့ုလည်းကောင်း အသီးသီး စစ်အုပ်ချုပ်ရေး အပ်နှင်းခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအား အနောက်မြောက်တိုင်းစစ် ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘို၊ ဝက်လက်နှင့် အရာတော်မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကိုကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်မှုများကို ထိထိရောက်ရောက်ကိုင်တွယ် ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ခဲ့ပြီး အကြမ်းဖက်မှုများလျော့ပါးအောင် ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက် တွင် ပြောကြားသည်။
စစ်အုပ်ချုပ်ရေးသတ်မှတ်ခြင်းသည် ပြစ်မှုကျူးလွန်သူများအတွက်သာဖြစ်ပြီး ပြည်သူများကို ကြေညာခြင်းမဟုတ်ကြောင်း၊ လာမည့် ခြောက်လတာကာလအတွင်း အဆိုပါဒေသများ၏ တည်ငြိမ်အေးချမ်းမှုသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာမည်ဟု ယူဆကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
တပ်မတော်အနေဖြင့် စစ်ဆင်ရေးအဖြစ် သတ်မှတ်ထားသည့်နယ်မြေများတွင် စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထား ခြင်းမရှိသည့်နယ်မြေများတွင် အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများကို ဥပဒေနှင့်အညီသာ အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်းသိမ်းရန် ခက်ခဲသည့်နေရာများကိုသာ စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လကလည်း ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပမြို့နယ်တို့ကို စစ် အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ထို့အ တူ ၂၀၂၁ ခုနှစ် မေလတွင်လည်း ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်ပေါင်း ၄၇ မြို့နယ်ရှိ လာပြီဖြစ်သည်။ မြန်မာနိုင်ငံအ တွင်းရှိ ပြည်နယ်နှင့် တိုင်းကိုးခုမှ မြို့နယ် ၄၇ မြို့နယ်ကို စစ်အုပ်ချုပ် ရေး ကြေညာထားခြင်းလည်း ဖြစ်သည်။
ရန်ကုန်တိုင်းတွင် ခြောက်မြို့နယ်၊ ချင်းပြည်နယ်တွင် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၄ မြို့နယ်၊ ပဲခူးတိုင်းတွင် ငါးမြို့နယ်၊ မကွေးတိုင်းတွင် ငါးမြို့နယ်၊ ကယားပြည်နယ် တွင် လေးမြို့နယ်၊ မွန်ပြည်နယ်တွင် တစ်မြို့နယ်၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်နှင့် တနင်္သာရီတိုင်းတွင် နှစ်မြို့နယ်တို့ကို နစက,က စစ်အုပ်ချုပ်ရေး ကြေညာထားသည်။
စစ်အုပ်ချုပ်ရေးကြေညာခြင်း ခံထားရသည့် ပြည်နယ်နှင့်တိုင်း ကိုးခုအနက် စစ်ကိုင်းတိုင်းမှာ မြို့နယ် ၁၄ မြို့နယ်ဖြင့် အများဆုံးကြေညာခံထားရပြီး ချင်းပြည်နယ်က ရှစ်မြို့နယ်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းက ခြောက်မြို့နယ်ဖြင့် တတိယအသီးသီး ကြေညာခံထားရသည်။
ထို့ကြောင့် အခင်းအကျင်း နှစ်ခုစလုံးအတွက် အဓိကလိုအပ်ချက်များကို သုံးသပ်လေ့လာကြည့်ပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေး ကာက်ပွဲကျင်းပရန်၊ မဲပေးရွေးချယ်မည့် မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် အမှီအခိုကင်းကင်း၊ အကြောက်တရားကင်းကင်းဖြင့် မဲပေးရွေးချယ်နိုင်ရန်၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန်ဆိုသည့် အဓိကအကြောင်းအရာများကို တွေ့ရှိရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
နစကဥက္ကဋ္ဌအနေဖြင့် ကာလုံအစည်းအဝေးတွင် ရွေးကောက်ပွဲကျင်းပရန် အခင်းအကျင်းနှစ်ခုကို ထုတ်ဖော်ပြောကြားလာသော်လည်း မည်သည့်အချိန်တွင် ရွေးကောက်ပွဲ ကျင်းပမည်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။
နစကဥက္ကဋ္ဌ ပြောကြားလာသည့် ရွေးကောက်ပွဲ ကျင်းပမည့် အခင်းအကျင်းနှစ်ခုနှင့်ပတ်သက်၍ မည်သည့်အခင်းအကျင်းကို နစကအနေဖြင့် မည်သည့်အချိန်တွင် ဖော်ဆောင်သွားမည်ကို နိုင်ငံရေးလေ့လာသူများက ဆက်လက်စောင့်ကြည့်လျက်ရှိသည်။ ■