အမေရိကန်စိုးရိမ်နေသော တရုတ်၏ ကမ္ဘောဒီးယားရေတပ်စခန်း အစီအစဉ်

အမေရိကန်စိုးရိမ်နေသော တရုတ်၏ ကမ္ဘောဒီးယားရေတပ်စခန်း အစီအစဉ်
Published 1 August 2023
ဖြိုးဟိန်းကျော်

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) သည် ကမ္ဘောဒီးယားတွင် တရုတ်က တည်ဆောက်နေသည့် ဆိပ်ခံတံတား စီမံကိန်းကို ထောက်ပံ့ပို့ဆောင်ရေးအတွက် အသုံးပြုနိုင်ဖွယ်ရှိသော်လည်း လေယာဉ်တင်သင်္ဘော ဆိုက်ကပ်ရပ်နားခြင်းကဲ့သို့ ပိုမိုကျယ်ပြန့်သော စစ်ရေးမစ်ရှင်များအတွက် အသုံးပြုနိုင်ဖွယ်မရှိဟု အကဲခတ် များက သုံးသပ်သည်။

အမေရိကန် ကုမ္ပဏီဖြစ်သည့် Black Sky Technology က ထုတ်ဖော်ပြသခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများတွင် ထိုင်းပင်လယ်ကွေ့ရှိ ကမ္ဘောဒီးယား၏ ရီယမ်ရေတပ်အခြေစိုက်စခန်း၌ ဆိပ်ခံတံတား တည်ဆောက်မှုသည် ပြီးစီးလုနီးပါး ဖြစ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

ဇူလိုင် ၂၄ ရက်တွင် ၎င်းကုမ္ပဏီက ထုတ်ဖော်ပြသခဲ့သည့် ဓာတ်ပုံ ၁၀ ပုံတွင် ထိုဆိပ်ခံတံတား တည်ဆောက်ပြီးစီးမှု အခြေအနေကို ပြသထားပြီး ယင်းဆိပ်ခံတံတားကို လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်၏ ငွေကြေးထောက်ပံ့မှုနှင့် လုပ်သားအင်အားတို့ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ Black Sky Technology ကုမ္ပဏီသည် ထိုစီမံကိန်း၏ တိုးတက်မှုအခြေအနေကို ၂၀၁၉ ခုနှစ်ကတည်းက စောင့်ကြည့်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လနောက်ပိုင်း ဆောက်လုပ်မှု အခြေအနေ မြန်ဆန်လာသည်ကို တွေ့ရှိခဲ့ သည်။

ထိုဆိပ်ကမ်းတည်ဆောက်မှုကို အမေရိကန်က သတိဖြင့်စောင့်ကြည့်လျက်ရှိ သည်။ ယမန်နှစ် နိုဝင်ဘာလတွင် ကမ္ဘောဒီး ယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် တွေ့ဆုံခဲ့စဉ်က ယင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ၎င်း၏စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကာ ပွင့်လင်းမြင်သာမှု အပြည့်အဝရှိရန် အရေးကြီးကြောင်း အလေးအနက်ပြောဆိုခဲ့သည်ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကမ္ဘောဒီးယား အခြေစိုက်စခန်းသည် ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံ ဖြစ်လာရေးအတွက် ပြင်းပြသော ရည်မှန်းချက်များကို အားဖြည့်ထောက်ကူရန် စစ်ဘက်အဆောက်အအုံ ကွန်ရက် တည်ဆောက်မည့် တရုတ်၏ မဟာဗျူဟာ တစ်စိတ်တစ်ပိုင်း ဖြစ်လာဖွယ်ရှိသည်ဟု အမည်မဖော်လိုသည့် အမေရိကန် အစိုးရတာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့် ဇွန် လတွင် ၀ါရှင်တန်ပို့စ်သတင်းစာသို့ ပြောကြားခဲ့သည်။

ယမန်နှစ် ဇွန်လတွင် တရုတ်နှင့် ကမ္ဘောဒီးယားတို့က တရားဝင်ကြေညာခဲ့သည့် ၎င်း စီမံကိန်းသည် ကမ္ဘောဒီးယားရေတပ်၏ စွမ်းဆောင်ရည် ခိုင်မာအားကောင်းစေရန် ရည်ရွယ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မော်နင်က ပြောကြားခဲ့ပြီး နှစ်နိုင်ငံစလုံး၏ စည်းမျဉ်းဥပဒေများနှင့်အညီ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

ကမ္ဘောဒီးယား၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ၎င်း၏နယ်နိမိတ်အတွင်း ပြည်ပ စစ်အခြေစိုက်စခန်းများ ထားရှိခြင်းကို ပြတ်ပြတ်သားသား တားမြစ်ထားသည်။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရ ချုံဆိုကျင်က ဆိပ်ခံတံတား တည်ဆောက်မှုသည် ပြီးစီးလုနီးပါးဖြစ်နေပြီဟု အတည်ပြုခဲ့သော်လည်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က ယင်းကို အသုံးပြုလိမ့်မည်ဟူသော ပြောဆိုချက်များကို ငြင်းဆန်ခဲ့သည်ဟု AFP သတင်းဌာနက ဖော်ပြသည်။

“အဲဒါက တည်ဆောက်ပြီးစီးခါနီးဖြစ် နေပါပြီ။ မကြာခင်မှာ ဖွင့်လှစ်တော့မှာပါ” ဟု ၎င်းကဆိုသည်။ “အဲဒီမှာ တရုတ်စစ်အခြေစိုက်စခန်း မရှိဘူးဆိုတာကို ပြတ်ပြတ်သားသား ပြောကြားလိုပါတယ်။ နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ဖို့ စွမ်းဆောင်ရည်မြင့်မားတဲ့ အဆင့်တစ်ခုကိုရောက်အောင် မိမိတို့ရဲ့စစ်တပ်ကို အဆင့်မြှင့်တင်ခြင်းသာဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောကြားသည်။

Foundation for Defence of Democracies မှ အကြီးတန်း ဖယ်လိုတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံဆိုင်ရာ ပရိုဂရမ် လက်ထောက် ဒါရိုက်တာ ခရိတ်ဆင်ဂယ်လ်တန်က ထိုဆိပ်ခံတံတားသည် Type 003 အမျိုးအစား ဖူကျန့် လေယာဉ်တင်သင်္ဘော အပါအဝင် မည်သည့်တရုတ်ရေတပ် သင်္ဘောများကို မဆို အထောက်အကူပေးနိုင်အထိ ကြီးမားသည်ဟု ဆိုသည်။ သို့သော် ယင်းကဲ့သို့ ဖြစ်နိုင်ဖွယ်မရှိဟု ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်သည်။

“ရီယမ်ရေတပ်အခြေစိုက်စခန်းက သင်္ဘောဆိုက်ကပ်နိုင်တဲ့ အဆောက်အအုံတွေဟာ အမှုထမ်းအင်အား ၅ယဝဝဝလောက်ပါတဲ့ လေယာဉ်တင်သင်္ဘောကြီး တစ်စင်းကို လက်ခံထားရှိရမယ့် လိုအပ်ချက်နဲ့ ပြည့်မီနိုင်မှာ မဟုတ်ပါဘူး။ အဲဒါက တော်တော့်ကို အရွယ်အစား သေးပြီး အကြမ်းထည်ပဲ ရှိပါသေးတယ်”ဟု ပေကျင်းအခြေစိုက် ယွမ်ဝမ် စစ်ဘက်သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာရှင်အဖွဲ့မှ သုတေသီတစ်ဦးဖြစ်သည့် ကျိုး ချန်းမင်ကဆိုသည်။

ကမ္ဘောဒီးယား ရေတပ်စခန်းသည် အမေရိကန်ရေတပ်က ထောက်ပံ့ပို့ဆောင်ရေးနှင့် ပြန်လည်ဖြည့်တင်းရေးအတွက် အသုံးပြုနေသော ချန်ဂီရေတပ်အခြေစိုက် စခန်းရှိ Singapore Area Coordinator ၏ လွှမ်းခြုံမှုအကွာအဝေးအတွင်း၌ တည်ရှိနေခြင်းကြောင့် တရုတ်ရေတပ်အနေဖြင့် အမေရိကန်ရေတပ်နှင့် အလွန်နီးကပ်သော နေရာတွင် လေယာဉ်တင်သင်္ဘော ဆိုက်ကပ်ခြင်းသည် အလွန်အန္တရာယ်များလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

ရီယမ် ရေတပ်စခန်းတွင် တရုတ်က လေယာဉ်တင်သင်္ဘောတစ်စင်း ဆိုက်ကပ်ရပ်နားမည်ဆိုလျှင် ၎င်း၏ လေယာဉ်တင် သင်္ဘောအခြေပြု ဂျက်တိုက်လေယာဉ်များ နှင့် လေယာဉ်မှပစ်ခတ်သည့် ဒုံးလက်နက်များကို အနီးဆုံး လေဆိပ်တစ်ခုဆီသို့ ဖြန့်ကြက်ကာ လုံခြုံရေးအတွက် စိတ်ချရအောင် လုပ်ဆောင်ရမည်ဟုလည်း ၎င်းက ဆိုသည်။

PLA အတွက် အလုံခြုံဆုံးမှာ ကမ္ဘောဒီးယား ရေတပ်အခြေစိုက်စခန်းနှင့် ကီလိုမီတာ ၁,၀၀၀ (၆၂၁ မိုင်) ခန့်အကွာတွင် တည်ရှိသည့် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်ယာမြို့လေဆိပ်ဖြစ်သည် ဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

သို့သော် ဆန်ယာမြို့သည်လည်း PLA ၏ လေယာဉ်တင်သင်္ဘော အခြေဆိုက်ရာ ဆိပ်ကမ်းဖြစ်နေသည့်အတွက် ကမ္ဘောဒီးယားတွင် နောက်ထပ်အခြေစိုက်စခန်း တည်ဆောက်ရန် လိုအပ်ပါမည်လောဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

ရီယမ်ရေတပ်စခန်းအနီး ပင်လယ်ပြင်အခြေအနေသည် လေယာဉ်တင်သင်္ဘောကဲ့သို့ ဧရာမသင်္ဘောကြီးများ ဆိုက်ကပ်ရန် သင့်လျော်မှုမရှိကြောင်း ကောက်ရှုံမြို့ရှိ ထိုင်ဝမ်ရေတပ်အကယ်ဒမီတွင် နည်းပြအဖြစ် လုပ်ကိုင်ခဲ့သည့် လုလီရှစ်က သုံးသပ်သည်။

“ရီယမ်ရေတပ်စခန်း အနီးတစ်ဝိုက်က နေရာအတော်များများဟာ ရေတိမ်ပိုင်းဖြစ် နေလို့ပါပဲ}}ဟု ၎င်းက ပြောကြားခဲ့ပြီး ယင်း ဆိပ်ခံတံတားကို တန်ချိန် ၄၈,၀၀၀ ရှိ Type 901 အမျိုးအစား ဆီဖြည့်သင်္ဘောများအတွက် အသုံးပြုနိုင်ဖွယ်ရှိသည်ဟုဆိုသည်။

PLA တွင် Type 901 အမျိုးအစား ဆီဖြည့်သင်္ဘောနှစ်စင်းကို လက်ရှိတွင် အသုံးပြုလျက်ရှိသည်။ ၎င်းသင်္ဘောများကို တည်ဆောက်သည့် Guangzhou Shipyard International Company

သည် ၎င်းတို့၏ နောက်ဆုံးထုတ်အမျိုးအစား ဆီဖြည့်သင်္ဘောတစ်စင်းကို ၂၀၂၁ ခုနှစ်တွင် စတင် ရေချခဲ့ပြီး လာမည့်နှစ်ထဲတွင် နောက်ထပ် တစ်စင်းကို လွှဲပြောင်းပေးအပ်ဖွယ်ရှိသည်။

ကမ္ဘောဒီးယား၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ပစစ်အခြေစိုက်စခန်းများ လာရောက်ဖွင့်လှစ်ခြင်းကို တားမြစ်ထား သောကြောင့် ပြည်ပစစ်သင်္ဘောများကို ဆိုက်ကပ်ခွင့်ပြုရန် ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ရရှိမှ သာလျှင် PLA အနေဖြင့် ၎င်းအခြေစိုက် စခန်းကို အသုံးပြုနိုင်မည်ဟု ကျိုးချန်းမင်က ပြောကြားသည်။

“ရီယမ်ရေတပ်စခန်းရဲ့ တည်ဆောက်မှု ဒီဇိုင်းပုံစံနဲ့ နိုင်ငံရေးအခြေအနေကြောင့် ဂျီဘူတီမှာရှိတဲ့ တရုတ်ရေတပ် အခြေစိုက်စခန်းနဲ့ နှိုင်းယှဉ်လို့မရနိုင်ပါဘူး။ အကြောင်းရင်းကတော့ တပ်ဖြန့်ချထားမှုနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှု ဒါမှမဟုတ် သဘောတူညီမှုတစ်ရပ်ကို နှစ်ဖက်စလုံးက လက်မှတ်ရေးထိုးနိုင်ခြင်း မရှိဘူးဆိုရင် တရုတ်ဟာ တပ်ဖွဲ့ဝင်တွေနဲ့ ပြုပြင်ထိန်းသိမ်းရေး အမှုထမ်းတွေကို ကမ္ဘောဒီးယားဆီ စေလွှတ်နိုင်မှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

တရုတ်သည် ပိုမိုအငြင်းပွားစရာဖြစ်စေမည့် ရေတပ်စခန်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအစား ကမ္ဘောဒီးယား အစိုးရနှင့် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ ဆောင်ရေးဆိုင်ရာ သဘောတူညီချက်များ ရယူနိုင်သည်ဟု ထိုင်ဝမ်ရေတပ်အကယ်ဒမီ၏ သင်တန်းနည်းပြဟောင်း လုလီရှစ်က ပြောကြားခဲ့သည်။ 

“PLA ရေတပ်ဟာ ထောက်ပံ့ရေးပို့ဆောင်ရေးအတွက် အရပ်ဘက်သုံး သင်္ဘောတွေကို အချိန်ကြာမြင့်စွာ အသုံးပြုခဲ့ပြီး အခုဆိုရင်တော့ အဲဒါတွေက ပုံမှန်ရေတပ်လေ့ ကျင့်ရေးနဲ့ စစ်ဆင်ရေးစီမံချက် တစ်စိတ်တစ်ပိုင်း ဖြစ်လာပါပြီ”ဟု ၎င်းက ဆိုသည်။

စင်ကာပူအခြေစိုက် S. Rajaratnam School of International Studies မှ သုတေသီ ကောလင်းခိုကမူ ယင်းဆိပ်ကမ်းသည် အနောက်ဘက်သို့ ရှေးရှုလျက် အိန္ဒိယသမုဒ္ဒရာ၌ စစ်ဆင်ရေးလှုပ်ရှားမှုများအတွက် သင့်တော်သည့် စုဖွဲ့ပြင်ဆင်ရာနေရာ ဖြစ်လာနိုင်သည်ဟု သုံးသပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘောဒီးယားသည် တရုတ် ရေတပ်သင်္ဘောများကို ရေပိုင်နက် အသုံးပြုခွင့်ပေးထားသည့် အရှေ့တောင်အာရှနိုင်ငံ အနည်းငယ်ထဲတွင် ပါဝင်နေခြင်းကြောင့် ဖြစ်သည်။

“ရီယမ်ရေတပ်စခန်းဟာ ငြိမ်းချမ်းတဲ့ကာလတွေမှာ အလွန်အသုံးဝင်လာမှာဖြစ်ပြီး တရုတ်ရဲ့ ပင်လယ်ရပ်ခြားကို စစ်ရေးအင်အား ချဲ့ထွင်မှုကိုလည်း အထောက်အကူ ပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အရှေ့တောင်အာရှဒေသရဲ့ ပင်လယ်ကမ်းခြေ ပထဝီဝင် အနေအထားကြောင့် ရီယမ်ရေတပ်စခန်း ဟာ ကန့်သတ်ခံထားရသလို ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

“အဲဒီရေတပ်စခန်းက ပေးနိုင်တဲ့ အကျိုးသက်ရောက်မှုကို အလွန်အကျွံ ချဲ့ကားပြောဆိုတာမျိုးမလုပ်ဘဲ ချင့်ချင့်ချိန်ချိန် တွေးဆရပါမယ်။ ယေဘုယျအားဖြင့် ဆိုရင် အမေရိကန်စစ်တပ်ဟာ ဒေသတွင်းနဲ့ ဆက်စပ်နေတဲ့ ဒေသတွေမှာ များစွာပိုမို အခြေခိုင်တဲ့ စစ်ရေးအရခြေကုပ်ယူမှု ကွန်ရက်ကို ပိုင်ဆိုင်ထားပါတယ်”ဟု ၎င်းက သုံးသပ်သည်။

အမေရိကန်၏မဟာမိတ်များနှင့် အိန္ဒိယကဲ့သို့ နီးကပ်သော မိတ်ဖက်များတည် ရှိနေခြင်းသည်လည်း ဒေသတွင်း၌ တရုတ်၏ ရေတပ်အင်အား ဖြန့်ကြက်စိုးမိုးနိုင်စွမ်းအပေါ် အကန့်အသတ် ဖြစ်စေလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။