ဇူလိုင်နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသော ထိုင်ဝမ်၏ ကျည်အစစ်အသုံးပြုသည့် နှစ်စဉ်ပြုလုပ်မြဲ ဟန်ကွမ် စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ တရုတ်က ၀ါဒဖြန့်လှုံ့ဆော်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ထိုင်ဝမ်၏ ယင်းစစ်ရေးလေ့ကျင့်မှုသည် ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းနှင့် ပြန်လည်ပေါင်းစည်းမည်ဟု အခိုင်အမာဆိုထားသော တရုတ်၏အစီအစဉ်ကို ပေါ်ပေါ်ထင်ထင် တန်ပြန်သည့် အင်အားပြမှုလည်းဖြစ်သည်။
ဟန်ကွမ် စစ်ရေးလေ့ကျင့်မှုသည်တရုတ်က ကျူးကျော်လာခဲ့သည်ရှိသော် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်နှင့် ထိုင်ဝမ်ရှိ အမေရိကန်နိုင်ငံသားများ ရှောင်တိမ်းရန် ဇာတ်တိုက်လေ့ကျင့်မှု ဖြစ်သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာ များက ပုံဖော်လျက်ရှိကြောင်း ထိုင်ဝမ်အစိုးရတာဝန်ရှိသူအချို့၏ အဆိုကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဇူလိုင်လထဲတွင် ဖော်ပြခဲ့သည်။
သမ္မတရှီကျင်းပင် ဦးဆောင်ပြီး ပေကျင်းရှိ ထိုင်ဝမ်ရေးရာဌာန အပါအဝင် အစိုးရဌာန အသီးသီးက အကောင်အထည်ဖော်သည့် တရုတ်၏ ထိုင်ဝမ်ရေးရာ ဗဟိုဦးဆောင်အဖွဲ့က ကြီးမှူးသည်ဟု ယုံကြည်ရသော အဆိုပါ သတင်းအချက်အလက် လှုပ်ရှားမှုနှင့်အတူ ယင်းကဲ့သို့သော သတင်းအစီရင်ခံမှုသည် မေလကတည်းကပင် စတင်ပေါ်ထွက်လာခြင်း ဖြစ်သည်ဟု ရိုက်တာသတင်းဌာနကဆိုသည်။
ထိုသို့လုပ်ဆောင်ရခြင်းမှာ ထိုင်ဝမ် လူထုအကြား ယုံကြည်မှုကျဆင်းစေရန်နှင့် ထိုင်ဝမ်ခေါင်းဆောင်ပိုင်းကို ထိတ်ထိတ်ပျာပျာဖြစ် စေရန်ရည်ရွယ်ကြောင်း ထိုင်ဝမ်အစိုးရ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ရိုက်တာ က ကိုးကားဖော်ပြခဲ့သည်။
တရုတ်သည် ထိုင်ဝမ်အစိုးရ၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန်၊ ထိုင်ဝမ်ပြည်သူများအကြား စိတ်ဝမ်းကွဲစေရန်နှင့် နိုင်ငံတကာ အသိုက်အဝန်း၏ထောက်ခံမှုကို ချည့်နဲ့သွားစေရန် အမြဲတစေ ကြိုးပမ်းလျက်ရှိပြီး အစိုးရအနေဖြင့် မမှန်မကန်သတင်းများကို ချက်ချင်း တုံ့ပြန်ဖြေရှင်းမည်ဖြစ်ကာ တိကျခိုင်မာသော တုံ့ပြန်မှုများဖြင့် ထိုင်ဝမ်၏ မိမိကိုယ်ကိုယ် ကာကွယ်ရန် စိတ်ပိုင်းဖြတ်မှုကို ပြသသွားမည်ဟု ထိုင်ဝမ်အစိုးရ၏ တရုတ်ပြည်မရေးရာဌာနက ဆိုသည်။
ဟန်ကွမ် စစ်ရေးလေ့ကျင့်မှုကို ၁၉၈၄ ခုနှစ်က စတင်၍ နှစ်စဉ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ်ရေးလေ့ကျင့်မှုတွင် တရုတ်က ကျူးကျော်လာမည်ဆိုပါက ထိုင်ဝမ်၏ အသင့်အနေအထားတွင် ရှိမှုကို စမ်းသပ်သည့် ကျည် အစစ်သုံးစစ်ရေးလေ့ကျင့်မှုများ၊ ကွန်ပျူတာဖန်တီးချက်များဖြင့် သဏ္ဌာန်တူ လေ့ကျင့်မှုများ ပါဝင်သည်။
ယခုနှစ်တွင်ပြုလုပ်မည့် ဟန်ကွမ် စစ်ရေးလေ့ကျင့်မှုတွင် တရုတ်၏ဝန်းရံပိတ်ဆို့မှုကို ဖောက်ထွက်ခြင်းနှင့် ကုန်းရေနှစ်သွယ် စစ်ဆင်တိုက်ခိုက်မှုကို တန်ပြန်ချေမှုန်းသည့်အသွင် လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ကာ အမေ ရိကန်လုပ် ကွန်ပျူတာစနစ်ဖြင့် ထိုင်ဝမ်တပ်ဖွဲ့ ဝင်များ၏ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေးနှင့် လက်ရုံးတပ်ပေါင်းစုံ ပါဝင်သော စစ်ဆင်ရေးဆိုင်ရာ လေ့ကျင့်မှုများကို နေ့ရောညပါ ပြုလုပ်သည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်ကြောင်း Asia Time က ဖော်ပြသည်။
ကျည်အစစ်သုံးသည့် စစ်ရေးလေ့ကျင့် မှုများတွင် တပ်ဖွဲ့ဝင်များ၏ အကာအကွယ်ယူမှု၊ ရေကြောင်းမှကြားဖြတ် ဟန့်တားမှု၊ ဆိပ်ကမ်းနှင့် လေဆိပ်ကဲ့သို့ အရေးပါသော အဆောက်အအုံများကို ကာကွယ်မှု၊ မြို့ပြကာ ကွယ်ရေးအတွက် ဆော်သြစည်းရုံးမှု၊ လေကြောင်းရန်ကာကွယ်ရေးနှင့် ကုန်းရေနှစ်သွယ် တိုက်ခိုက်မှုအား တန်ပြန်မှုတို့ကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဟန်ကွမ်စစ်ရေးလေ့ကျင့်မှုသည် ကန့်သတ်ချက်အမျိုးမျိုးနှင့် ရင်ဆိုင်နေရပြီး ဖြစ်နိုင်ဖွယ်ရှိသော တရုတ်၏ကျူးကျော်မှုကို တန်ပြန်ရာတွင် ထိုင်ဝမ်အနေဖြင့် ပိုမိုကောင်းမွန်စွာ ပြင်ဆင်ထားရန် လိုအပ်လိမ့်မည်ဖြစ်သည်။ အကဲခတ်များကမူ အထူးသဖြင့် မြို့ပြကာကွယ်ရေးနှင့် ပတ် သက်၍ ၎င်းစစ်ရေးလေ့ကျင့်မှု၏ နယ်ပယ်အကန့်အသတ်ရှိမှု၊ အချိန်တိုတောင်းမှုနှင့် လိုအပ်ချက်ရှိနေသည့် သဘောသဘာဝတို့ကို ထောက်ပြခဲ့သည်။
ထိုင်ဝမ်အနေဖြင့် ၎င်း၏ကျွန်းအနီးတွင် အခြေစိုက်သည့် တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (PLA) လေတပ်၏ ဂျက်တိုက် လေယာဉ်အစင်း ၇၀၀ ကို ခုခံတိုက်ခိုက်ရန် ဂျက်တိုက်လေယာဉ် အစင်း ၃၆၀ မှ ၄၀၀ အထိ လိုအပ်မည်ဖြစ်ကြောင်း Asia Time က ဆိုသည်။ ထိုင်ဝမ်တိုက်လေယာဉ်အုပ်ကို အခါအားလျော်စွာ အဆင့်မြှင့်တင်ထားခြင်းကြောင့် စွမ်းဆောင်ရည် တိုးတက်လာသော်လည်း များစွာအင်အားသာလွန်သော တရုတ်လေတပ်၏ အရွယ်အစားနှင့် ဖြန့်ကြက်စစ် ဆင်နိုင်စွမ်းကို တန်ပြန်ရန် လုံလောက်ဖွယ်မရှိပေ။
ထို့အပြင် ထိုင်ဝမ်လေတပ်သည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်မှုအပိုင်းတွင် ပြဿနာရှိနေနိုင်ပြီး တိုက်လေယာဉ် အစင်းရေ ထက်ဝက်ခန့်ကိုသာ အသုံးပြုနိုင်သည်။ တရုတ်က မြေပြင်တွင် ရပ်နားထားသော လေယာဉ်များကို ဖျက်ဆီးရန် လေကြောင်းတိုက်ခိုက်မှုများနှင့် ဒုံးကျည်တိုက်ခိုက်မှုများကို လက်ဦးမှုရယူကာ လုပ်ဆောင်လာမည်ဆိုလျှင်လည်း ၎င်းတို့ကို ခိုင်မာစိတ်ချရသော အကာအကွယ်များဆီသို့ ရွှေ့ပြောင်းရန် အနည်းဆုံးသီတင်းတစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်ပြီး ယင်းသည် ကြီးမားသော အားနည်းချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုင်ဝမ်၏ F-16 တိုက်လေယာဉ်များနှင့် Indigenous Defense Fighter(IDF) တိုက်လေယာဉ်များကို ၁၉၉၀ ပြည့်လွန်နှစ်များ ကတည်းက လက်ခံရရှိခဲ့ခြင်းကြောင့် သက်တမ်းရင့် တိုက်လေယာဉ်များသည် စိုးရိမ်စရာ တစ်ခုဖြစ်နေပြီး သင့်လျော်သည့် အဆင့်မြှင့် တင်မှုများ လုပ်ဆောင်ခြင်းမရှိလျှင် ခေတ် နောက်ကျနေမည်ဖြစ်သည်။
ထိုင်ဝမ်အနေဖြင့် တိုက်လေယာဉ်အသစ်များ ဖြည့်တင်းနိုင်ခြင်းမရှိသည့် အချက်သည် တရုတ်လေတပ်နှင့် ရင်ဆိုင်ရာတွင် ရေရှည်အားနည်းချက်တစ်ခု ဖြစ်နိုင်ပြီး တရုတ်၏ သူလျှိုလုပ်မှုကြောင့် အမေရိကန်လုပ် F-35 တိုက်လေယာဉ်များကို ထိုင်ဝမ်သို့ရောင်းချမှုအပေါ် အဟန့်အတား ဖြစ်လာမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။
ထိုင်ဝမ်သည် တိုက်လေယာဉ်မှူး မလုံလောက်သည့် ပြဿနာနှင့်လည်း ရင်ဆိုင်နေရသည့်အတွက် အလားအလာရှိသော လေသူရဲများကို စံသတ်မှတ်ချက် လျှော့ချကာ ခေါ်ယူခြင်း၊ အခြားလက်ရုံးတပ်များမှ အရာရှိများကို ခေါ်ယူကာ လေယာဉ်မှူးသင်တန်းပေးခြင်းနှင့် သာမန်ဂျက်လေယာဉ်မောင်းနှင်သည့် လေ ယာဉ်မှူးများကို F-16 တိုက်လေယာဉ်များကို မောင်းနှင်ခွင့်ပေးခြင်းတို့ ပြုလုပ်နေရသည်။
တရုတ်က ထိုင်ဝမ်စစ်တပ်ကို အကြီးအကျယ် ထိုးဖောက်တိုက်ခိုက်လာခဲ့သော် မြို့ပြကာကွယ်ရေးဆိုင်ရာ အားနည်းချက်ကို သက်သေပြရာရောက်နိုင်ပြီး ထိုင်ဝမ်၏ထိပ်ပိုင်း စစ်တပ်အရာရှိကြီးများက တရုတ်သူလျှိုများကို လျှို့ဝှက်သတင်းပေးနေပြီး အလွန်အရေးကြီးသော သတင်းများ ပေါက်ကြားအောင် လုပ်ဆောင်နေသည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
ယင်းသို့ပေါက်ကြားလာသည့် ထောက်လှမ်းရေး သတင်းများသည် တရုတ်၏ကျူးကျော်ရန် ပြင်ဆင်မှုများကို အထောက်အကူပေးနိုင်မည် ဖြစ်သည်။ ထို့အပြင်သစ္စာဖောက် ထိုင်ဝမ်စစ်တပ်အရာရှိများသည် တိုက်ပွဲဝင်ရန် ငြင်းဆန်ခြင်း၊ တလွဲအမိန့်ပေးခြင်းနှင့် ကျူးကျော်မှုစတင်ဖြစ်ပွားချိန်တွင် ပေါ်ပေါ်ထင်ထင် ဘက်ပြောင်းခိုလှုံခြင်းတို့ ပြုလုပ်လာနိုင်သည်။
တရုတ်သူလျှိုများသည် ထိုင်ဝမ်စစ်တပ်၏ အမိန့်ပေးကွပ်ကဲမှုဌာနများ၊ နိုင်ငံရေးနှင့် စစ်ဘက်ခေါင်းဆောင်များကို သုတ်သင်နိုင်သည့် စစ်ဆင်ရေးများကိုလည်း ဦးဆောင်ဖွယ်ရှိနေသည်။
တရုတ်အနေဖြင့် ထိုင်ဝမ်၏ ခုခံတွန်းလှန်လိုစိတ်ကို ပျက်ပြားစေရန် ၀ါဒဖြန့်မှုများကို တက်ကြွစွာ လုပ်ဆောင်နေဖွယ်ရှိသော်လည်း ထိုင်ဝမ်၏ စွန့်ခွာရှောင်တိမ်းမှု အစီအစဉ်ဟူသော ၀ါဒဖြန့်မှုတွင် အမှန်တရား အချို့ ရှိနေနိုင်သည်။
အဆိုးရွားဆုံး ဖြစ်လာနိုင်သော အခြေအနေကို မျှော်တွေးလျက် ထိုင်ဝမ်ကျွန်း၏ မဟာဗျူဟာကျသော တစ်ပိုင်းလျှပ်ကူးပစ္စည်း စက်ရုံများကို အသုံးပြု၍မရအောင် လုပ်ဆောင်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းနှင့် ယင်းစက်ရုံများမှ အရေးပါသော အင်ဂျင်နီယာများနှင့် သိပ္ပံပညာရှင်များကို ရွှေ့ပြောင်းကယ်ထုတ်ကာ အမေရိကန်တွင် ခိုလှုံခွင့်ပြုမည့် အမေရိကန်၏ ဖြစ်နိုင်ဖွယ်ရှိသော “Scorched Earth” မဟာဗျူဟာနှင့် စပ်လျဉ်း၍ Asia Time က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲတွင် ဖော်ပြခဲ့ဖူးသည်။
ယင်းမဟာဗျူဟာသည် ကမ္ဘာတစ်ဝန်းတွင် မိုဘိုင်းဖုန်းများမှသည် အဆင့်မြင့် စစ်လက်နက်များနှင့် အသုံးအဆောင်များအထိ အရေးပါသော အသုံးအဆောင်ပစ္စည်း အားလုံးတွင် သုံးစွဲထားသည့် အဆင့်မြင့်ချစ်ပ်များ အားလုံးအနက်မှ ၅၅ ရာခိုင်နှုန်းကို ထုတ် လုပ်ပေးနေသည့် Taiwan Semiconductor Manufaceturing Company(TSMC)၏ ထုတ်လုပ်ရေး အဆောက်အအုံများကို ဖျက်ဆီးပစ်မည့် သဘောလည်း ဖြစ်သည်။
TSMC ၏စက်ရုံများကို ဖျက်ဆီးပစ်မည်ဆိုလျှင် တရုတ်၏ စစ်အောင်နိုင်ရေး ကြိုးပမ်းမှုများကို အကြီးအကျယ် ထိခိုက်စေနိုင်ပြီး ကျယ်ပြန့်နက်ရှိုင်းသည့် စီးပွားရေးအရ ထိခိုက်မှုများ လျင်လျင်မြန်မြန်ဖြစ်ပေါ်လာနိုင်ကာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည်လည်း ပြင်းထန်သော ထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရပေလိမ့်မည်။
ထို့အတူ ယင်းမဟာဗျူဟာကို အမှန်တကယ် အကောင်အထည်ဖော်မည်ဆိုလျှင် အမေရိကန်၏ စစ်ပွဲဆင်နွှဲနိုင်စွမ်းနှင့် ဂျပန်၊ တောင်ကိုရီးယားနှင့် ဖိလစ်ပိုင်ကဲ့သို့ ဒေသတွင်းရှိ အခြားမဟာမိတ်များကို အကာအကွယ်ပေးမည်ဟူသော အမေရိကန်၏ ကတိ ကဝတ် အပေါ်တွင်လည်း အပြင်းအထန် မေးခွန်းထုတ်မှုများ ရှိလာပေလိမ့်မည်။
တရုတ်က စီးပွားရေးနှင့် စစ်ရေးအရ ဒဏ်ခတ်သည့် လုပ်ဆောင်မှုများဖြင့် ထိုင်ဝမ်ကို ကာလကြာမြင့်စွာ ခြိမ်းခြောက်ဖိအားပေးခဲ့သည့်တိုင် ထိုင်ဝမ်ခေါင်းဆောင်ပိုင်းနှင့် လူထု၏ လက်တွေ့သဘောအရ သို့မဟုတ် နောင်တွင် လွတ်လပ်မှုအတွက် သွယ်ဝိုက်ညွှန်းဆိုမှုများ၊ အရိပ်အမြွက် ပြောဆိုမှုများကို ဟန့်တားနိုင်ခဲ့ခြင်းမရှိပေ။
တရုတ်၏ ၀ါဒဖြန့်လှုပ်ရှားမှုများသည် အမေရိကန်၏ လုံခြုံရေးအာမခံချက်အပေါ် လူထု၏မဝံ့မရဲယုံကြည်မှုကို မီးထိုးပေးရန် ရည်ရွယ်ပြီး ၂၀၂၄ ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် တရုတ်လိုလားသည့် ကိုယ်စားလှယ် လောင်းများကို တိတ်တဆိတ်ငွေကြေးထောက်ပံ့မှုအပြင် ရွေးကောက်ပွဲရလဒ်များတွင် ၎င်း ကိုယ်စားလှယ်လောင်းများ အလေးသာစေရန်လည်း ရည်ရွယ်ပုံရသည်။
ထိုင်ဝမ်၏ ဒီမိုကရေစီအခြေခံသော ရပ်တည်ရှင်သန်မှုသည် အမေရိကန်၏ စစ်ရေးအကူအညီအပေါ် မှီခိုနေရသော်လည်း ၂၀၂၂ ခုနှစ်တွင် Inkstick ၏ လူထုစစ်တမ်းအရ ထိုင်ဝမ်စစ်မှုထမ်းများ အပါအဝင် အစိုးရ ဝန်ထမ်းများအနက် ရာခိုင်နှုန်း ၇၀ သည် တရုတ်က ကျူးကျော်ခဲ့မည်ဆိုလျှင် အမေရိကန်က ကြားဝင်ကူညီမည် ဆိုသည့်အပေါ် ယုံကြည်ခြင်း မရှိပေ။
အသက် ၂၀ နှင့်အထက် ထိုင်ဝမ်ပြည်သူ ၅၃ ဒသမ ၈ ရာခိုင်နှုန်းက အမေရိကန်သည် ထိုင်ဝမ်အတွက် စစ်ရေးအရ ကြားဝင်ကူညီလိမ့်မည် မဟုတ်ဟု ယုံကြည်နေပြီး ၃၆ ဒသမ ၃ ရာခိုင်နှုန်းသာလျှင် ယင်းသို့ယုံကြည်နေသည်ဟု ထိုစစ်တမ်းတွင် ဖော်ပြထားသည်။
Ref: Asia Times