(၁)
ကိုဗစ်ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုများနှင့် စွမ်းအင်ဈေးနှုန်းမြင့်တက်မှုများသည့် ကမ္ဘာအရပ်ရပ်ရှိစီးပွားရေးအခြေအနေများကို ခက်ခဲစေကာ စျေးနှုန်အမျိုးမျိုးအပေါ်ကိုလည်း ဖိအားများ ဆက်တိုက်ဖြစ်လာစေခဲ့သည်။ ထိုအခြေအနေသည် အချိန်ကာလတစ်ခုအထိကြာမြင့်ခဲ့ပြီ။ ယခု မည်သို့ ဆက်လက်ဖြစ်ပေါ်နေသနည်း။
ရောင်းလိုအား ကွင်းဆက်ပြတ်တောက်မှုများ (Supply Chain Disruption) ကြောင့် နိုင်ငံ အများတွင် နေ့စဉ်လူမှုဘဝများ၌ အခက်အခဲသက်ရောက်မှုများဖြစ်ခဲ့ကြရသည်။ လူတိုင်း နေ့စဉ်ပုံမှန်အသုံးပြုနေရသည့် အိမ်သာသုံးစက္ကူမှစ၍ ကျန်းမာရေးအတွက် အရေးကြီးသောဆေးဝါးပစ္စည်းများ စသဖြင့် လူအများ လိုအပ်သည့် ပစ္စည်းအများစုပြတ်လပ်၍ ခက်ခဲမှုများ ကြုံတွေ့နေခဲ့ကြခြင်းဖြစ်သည်။ ကိုဗစ်ကပ်ရောဂါ အစောပိုင်းကာလများက မသိသာသော်လည်း နောက်ပိုင်းတွင် အဆိုပါထုတ်ကုန်များ၏ ရောင်းလိုအားကွင်းဆက်များအပေါ် ဖိအားဖြစ်လာခဲ့သည်ကို သတင်းအချက်အလက်နှင့် သုတေသနကုမ္ပဏီများ၏ လေ့လာမှုများအရ သိရှိခဲ့ကြသည်။
(၂)
စီးပွားရေးသုံးသပ်ချက်များအတွက် ကုမ္ပဏီ ၂၇၀၀၀ က ၎င်းတို့ထုတ်ကုန်များအတွက် စစ်တမ်းကောက်ယူသည့် ၂၀၂၀ ပြည့်နှစ်နွေရာသီချိန်၌ ပြောင်းလဲနေသော အခြေအနေကိုပို၍ သိသိသာသာတွေ့လိုက်ရသည်ဟုဆိုသည်။ သယ်ယူပို့ဆောင်ရေးစရိတ်များ တစ်ဟုန်ထိုးမြင့်တက်နေသည်။ အလုပ်သမား ရှားပါးသွားသည်။ ရှောင်လွှဲနိုင်စွမ်းမရှိသော အခြေအနေများကို ရင်ဆိုင်လာရသည်။ အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။ စီးပွားရေးလုပ်ငန်းများကလည်း ဈေးနှုန်းများကို ဆက်လက်တွန်းတင်နေခဲ့သည်။ အကျိုးဆက်ရလဒ်မှာ ငွေကြေးဖောင်းပွမှု (အင်ဖလေးရှင်းနှုန်း) တရိပ်ရိပ် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
(၃)
ယနေ့အခြေအနေကို လေ့လာကြည့်ရာတွင် ယခင်ဆိုးဆိုးရွားရွားရှိခဲ့သော ညွှန်းကိန်းများသည် ကိုဗစ်ကပ်ရောဂါမတိုင်ခင်အခြေအနေအဆင့်သို့ ပြန်လည်ကျဆင်းနေပြီဖြစ်သည်။ ရောင်းလိုအားကွင်းဆက်အခြေအနေများသည်လည်း ကောင်းမွန်သောသင်္ကေတပြနေခဲ့ပြီ။ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများသည်လည်း ကုန်ကြမ်းအပါအဝင် ထုတ်လုပ်ရေးအရင်းအမြစ်များကို ပြီးခဲ့သည့်နှစ်များကကဲ့သို့ သိုလှောင်စုဆောင်းထားခြင်းမပြုကြတော့။ ကုန်ကျစရိတ်အမျိုးမျိုးမှာလည်း တဖြည်းဖြည်း ကျဆင်းလာပြီး အလုပ်သမားရှားပါးမှုပြဿနာမှာလာလည်း ပြင်းပြင်းထန်ဆိုးရွားသည့်အခြေအနေမှ လျော့ကျလာနေသည်။ လုပ်ငန်းများ၏အစီရင်ခံစာအများစု၌ အခြေအနေကောင်းမွန်လာကြောင်း ဖော်ပြမှုများရှိလာသည်။ ဥရောပ၊ အာရှနှင့် မြောက်အမေရိကဒေသတို့တွင် ရောင်းလိုအားကွင်းဆက်ဖိအားများ လျော့ပါးသွားခဲ့ပြီဖြစ်သည်။ အခြေအနေများသည် ကိုဗစ်ကပ်ကျော်ကမ္ဘာ စီးပွားရေး အခြေအနေပုံကြမ်းဖြစ်သည်။
(၄)
ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသည့်အချိန်အတွင်း ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုဆိုင်ရာတန်ဖိုးကွင်းဆက်များ (Global Value Chains ) သည် ရက်သတ္တပတ်ပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာ ကြားဖျက်မထင်မှတ်သော အခြေအနေများ၏ ဟန့်တားနှောင့်ယှက်မှုကိုခံခဲ့ရသည်။ ထိုအကျပ်အတည်းအခြေအနေများကို သတိမမူနိုင်ဘဲ လုပ်ကိုင်မှုများရှိခဲ့ရာ ပိုမိုဆိုးရွားသော ပြဿနာများ ကြုံ တွေခဲ့ကြရသည်။ လွတ်လပ်သောစျေးကွက်များသည် ထိုအခြေအနေမျိုးကို ထုတ်လုပ်မှုမြှင့်တင်ခြင်း၊ အစားထိုးရောင်းလိုအားများ ဖန်တီးပေးခြင်း၊ အခြေအနေပေါ်မူတည်ထုတ်လုပ်မှုနည်းပညာများ မြှင့်တင်ခြင်း၊ ပြင်ဆင်ခြင်းတို့ပြုလုပ်လျက် အကျပ် အတည်းများကိုတုံ့ပြန်၍ အခက်အခဲများကို ကျော်လွှားလေ့ရှိသည်။ သို့သော် အဆက်မပြတ်ဖြစ်နေသော ရောင်းလိုအားကွင်းဆက်အခက်အခဲများသည် ဈေးကွက် ကျွမ်းကျင်သူများကိုပင် အံ့အားသင့်စေခဲ့ကြောင်း သုတေသီအချို့ကပင် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
(၅)
ယခု ကိုဗစ်ကပ်ရောဂါ အကြီးအကျယ်ကူးစက်ဖြစ်ပွားမှုအလွန် သုံးနှစ်တာကာလဝန်းကျင်ရှိခဲ့ပြီ။ အကျပ်ရိုက်ခဲ့သော စီးပွားရေးအခြေအနေအရပ်ရပ်သည် အနည်းငယ်အခြေအနေဟန်လာကြသည်ဟု ဆိုကြသည်။ မြေပြင်အခြေအနေကိုကြည့်သောအခါ ယခင်ကမြင့်တက်နေကျ ကုန်ပစ္စည်းဈေးနှုန်းများသည်လည်း အနည်းငယ် မြန်မြန်ဆန်ဆန်ကျဆင်းလာနေခဲ့ပြီ။ အမေရိကတွင် စက်မှုထုတ်ကုန်ဈေးနှုန်းများ၏အခြေအနေမှာ ၂၀၂၂ ခုနှစ်က အထွတ်အထိပ်ဖြစ်ခဲ့သည့်ဈေးနှုန်း အခြေအနေမှ ဆက်လက်ကျဆင်းလာ၏။ စီးပွားရေးအဆောက်အအုံထဲရှိ ငွေကြေးဖောင်းပွမှုခေါ် အင်ဖလေးရှင်းအခြေအနေအတွက် စိုးရိမ်စိတ်လျော့ကျတော့မည်ဟုထင်မြင်ကြသည်။ တကယ့်လက်တွေ့၌ နိုင်ငံအတွင်းရှိ အင်ဖလေးရှင်းအခြေအနေ တစ်ရပ်လုံးမှာ မြင့်မားနေဆဲဟု ကိန်းဂဏန်းများဖြင့် ဆိုလာပြန်သည်။ အချို့ဒေသများတွင် ကုန်ဈေးနှုန်း ကျဆင်းမည့်အခြေအနေမှာ အရိပ်အယောင်ပင်မရှိသည့်အနေအထားဟု ထောက်ပြကြသည်။
(၆)
ဗြိတိန်စီးပွားရေးအဆောက်အအုံ၏ မေလအခြေအနေကို ဇွန် ၂၁ ရက်က ထုတ်ပြန်သည့်ကိန်းဂဏန်းများအရ ဖော်ပြထားရာ စားသုံးကုန်ပစ္စည်း စျေးနှုန်းကြောင့်ဖြစ်ပေါ်လာသောနှစ်အလိုက်အင်ဖလေးရှင်းသည် အင်္ဂလန်ဘဏ် မျှော်မှန်းထားသည့် ၈ ဒသမ ၇ ရာခိုင်နှုန်း အထက်တွင်ရှိနေဆဲဖြစ်ကြောင်း တွေ့ရသည်။ ရောင်းလိုအားကွင်းဆက်ပြတ်တောက်မှုများနှင့် စွမ်းအင်စျေးနှုန်း မြင့်တက်မှုတို့သည် ဈေးနှုန်းများအပေါ် ဖိအားများအဖြစ် ဆက်လက်ဦးတည်သွားတော့မည်လော။ ထိုမှတစ်ဆင့် ဖြစ်ပေါ်လာသော အကျိုးဆက်မှတစ်ဆင့် မြင့်မားသောလုပ်ခလစာ တောင်းဆိုမှုများဖြစ်လာနိုင်သလော။
(၇)
၂၀၂၃ ခုနှစ်တွင် ရောင်းလိုအားကွင်းဆက်များက ကိုဗစ်ကာလမတိုင်ခင်အနေအထားဆီသို့ ပြန်လည်ဦးတည်နေသည့်တိုင် ငွေကြေးဖောင်းပွမှု (အင်ဖလေးရှင်း) သည် မြင့်မားနေဆဲ။
ဈေးနှုန်းများနှင့်လုပ်ခလစာများသည် ဘတစ်ပြန် ကျားတစ်ပြန် ဖြစ်တတ်သည့်သဘော၊ အကြောင်းနှင့်အကျိုး အဆက်မပြတ်သည့်အနေအထားဖြစ်တတ်၏။ ဈေးနှုန်းများမြင့်တက်မှုမှတစ်ဆင့် လုပ်ခလစာများမြင့်တက်၊ ထိုမှတစ်ဆင့် ဈေးနှုန်းများ ထပ်မံမြင့်တက် စသည်ဖြင့် လုပ်ခလစာနှင့် ဈေးနှုန်းသံသရာအဆက် မပြတ်လည်နိုင်သည့် လုပ်ခ-ဈေးနှုန်းမြင့်တက်မှု ကြောင်လိမ်လှေခါး (Wage-Price Spiral) အခြေအနေဖြစ်လာနိုင်သလော။ ထိုကဲ့သို့ သံသယစိတ်၊ စိုးရိမ်မှုတို့ဖြင့် မေးခွန်းတို့ကို ဗဟိုဘဏ်များနှင့် စားသုံးသူတို မည်သို့မည်ပုံတုံ့ပြန်ဖြေဆိုကြမည်မှာ စိတ်ဝင်စားစရာကောင်းသည်။ သေချာသည့်အချက်မှာ ထိုအခြေအနေမျိုးကို မည်သူမျှ မျှော်လင့်ကြမည်မဟုတ်ပေ။
ကိုးကား။ The Economist
စောနိုင် (အသုံးချဘောဂဗေဒ)











