ယူကရိန်းကို ရုရှားကကျူးကျော်လိုက်မှုတွင် အဓိက ပလေယာတစ်ဦးလည်း ဖြစ်၊ အရေးပါသည့်စစ်ပွဲဇုန်များတွင် ရုရှားဘက်မှ ဝင်တိုက်ပေးနေသည့် ပုဂ္ဂလိက ကြေးစားစစ် သားများအဖွဲ့ Wagner (ဝက်ဂနာ)ကို ဦး စီးတည်ထောင်ခဲ့သူလည်းဖြစ်သည့် ယက်ဗ်ဂန်နီ ပရီဂိုရှင်က ရုရှားကာကွယ်ရေးဝန်ကြီးကိုဖြုတ်ချရန် ပုန်ကန်မှုပြုလုပ်တော့မည်ဖြစ် ကြောင်း ဇွန် ၂၃ ရက်တွင် ကြေညာလိုက် သည်။
အသက် ၆၂ နှစ်အရွယ်ရှိ ပရီဂိုရှင်သည် ယခင်ကတည်းက ယူကရိန်းစစ်ပွဲတွင် အထိ နာမှုများအတွက် ရုရှားစစ်တပ်ခေါင်းဆောင် ပိုင်းကို ဝေဖန်ပြောလေ့ရှိပြီး ရုရှားကာကွယ် ရေးဝန်ကြီးဌာနနှင့်လည်း ဆက်ဆံရေး အ ဆင်မပြေလှပေ။
ပရီဂိုရှင်သည် ဒေါသတကြီး ပြောထားသည့် ဗီဒီယိုဖိုင်နှင့် အသံဖိုင်များကို ဆိုရှယ် မီဒီယာတွင်တင်ခဲ့ပြီး ယူကရိန်းရှိ ဝက်ဂနာ တပ်စခန်းများကို ဇွန် ၂၃ ရက်က ရော့ကတ် ဖြင့် တိုက်ခိုက်ရန် ကာကွယ်ရေးဝန်ကြီး ဆာ ဂေးရွှိုက်ဂူက အမိန့်ပေးခဲ့ကာ ဝက်ဂနာအဖွဲ့ ဝင်အများအပြား သေကြေခဲ့ရသည်ဟု ပြော ခဲ့သည်။ ထို့ကြောင့် ၎င်းင်းတို့ဘက်က ကာကွယ် ရေးဝန်ကြီးကို တန်ပြန်အပြစ်ပေးရန် လက်နက်စွဲပုန်ကန်မည်ဖြစ်ကြောင်းနှင့် စစ်တပ်က ခုခံခြင်းမပြုရန် ပရီဂိုရှင်က ကြေညာထား သည်။
“ဒါဟာ စစ်အာဏာသိမ်းတာမဟုတ် ဘူး။ အမှန်တရားကို တောင်းဆိုတာ” ဟု လည်း ၎င်းက ဆိုသည်။ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကမူ ရော့ကတ်တိုက်ခိုက်မှုကို ၎င်းတို့ မလုပ်ခဲ့ဟု ငြင်းနေပြီး ဖက်ဒရယ်လုံခြုံ ရေး ဌာန FSB ၏အစိတ်အပိုင်းတစ်ခုဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီက ပရီဂိုရှင်ကို ပုန်ကန်ရန်လှုံ့ဆော်သူအဖြစ် စုံ စမ်းစစ်ဆေးမည်ဟု ဆိုသည်။
ထို့ပြင် ဝက်ဂနာကြေးစားစစ်သားများ အနေဖြင့် သစ္စာဖောက် ပရီဂိုရှင်ကို ဖမ်းရန်၊ ၎င်း၏အမိန့်ကို မလိုက်နာရန် FSB တိုက်တွန်းထားပြီး ပရီဂိုရှင်၏ပြောဆိုချက်များက ရုရှားတပ်ဖွဲ့ဝင်များ၏နောက်ကျောကို ဓား ဖြင့်ထိုးခြင်းဖြစ်သည့်အပြင် ရုရှားပြည်တွင်း ပဋိပက္ခဖြစ်အောင် ဆွပေးနေသည်နှင့် တူနေ ပြီဟုကြေညာခဲ့သည်။
မြို့တော်မော်စကိုတွင် အစိုးရရုံးဌာန များ အပါအဝင် အရေးကြီးသည့်နေရာများ တွင် အဓိကရုဏ်းနှိမ်နင်းရေးရဲများ၊ လုံခြုံရေး အဖွဲ့ဝင်များဖြင့် အစောင့်အကြပ် ပို၍ချထား သည်။
ပရီဂိုရှင်၏ နောက်ကြောင်းရာဇဝင်
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏အဆိုးရွားဆုံးစစ်ပွဲဖြစ်လာသည့် ရုရှား-ယူကရိန်းစစ် မတိုင်မီကတည်းက ပရီဂိုရှင် သည် အမေရိကန်ရွေးကောက်ပွဲများတွင် ဝင်စွက်ခဲ့သူ ၊ အာဖရိကတွင် ရုရှားလွှမ်းမိုးမှုကို နယ်ချဲ့ခဲ့သူအဖြစ် စွပ်စွဲခံခဲ့ရသည်။
ပရီဂိုရှင်ကို ဗလာဒီမာပူတင်၏ ဇာတိမြို့ စိန့်ပီတာစဘတ်တွင် မွေးဖွားခဲ့သည်။ ၁၉၇၉ ခုနှစ်၊ အသက် ၁၈ နှစ်အရွယ်မှာပင် ခိုးမှုဖြင့် အမှုရင်ဆိုင်ရပြီး နှစ်နှစ်အကြာတွင် လုယက် မှုဖြင့် ထောင်ဒဏ် ၁၃ နှစ် ချခံရကာ ကိုးနှစ် ထောင်ထဲ နေလိုက်ရသည်။
လွတ်လာသည့်အခါ ပရီဂိုရှင်သည် စိန့် ပီတာစဘတ်တွင် ဟော့ဒေါ့ဆိုင်ခွဲများ ထူထောင်ခဲ့ပြီး စီးပွားရေးကောင်းသဖြင့် နှစ် အနည်းငယ်အတွင်း (၁၉၉၀ ပြည့်လွန်နှစ်များ တွင်) တန်ဖိုးကြီးစားသောက်ဆိုင်များ တိုး ချဲ့လာနိုင်ခဲ့သည်။ ထိုဆိုင်များထဲမှ တစ်ဆိုင် က နီဗာမြစ်အတွင်း New island အမည်ဖြင့် ရွက်လွှင့်သွားနေသည့် သင်္ဘောဖြစ်ပြီး ဗလာဒီမာပူတင် အလွန်နှစ်သက်သည့်ဆိုင် ဖြစ် သည်။ သမ္မတ ဖြစ်လာပြီးနောက် ပူတင်သည် နိုင်ငံခြားဧည့်သည်များကို ထိုနေရာသို့ ခေါ် ယူ ဧည့်ခံလေ့ရှိသည်။
အင်တာဗျူးတစ်ခုတွင် ပရီဂိုရှင်က ဂျပန် ဝန်ကြီးချုပ်မိုရီနှင့်လာသည့်အခေါက်တွင် ပူတင်နှင့် စတွေ့ခဲ့သည်ဟု ပြောခဲ့သည်။
ပူတင်သည် ၂၀၀၃ ခုနှစ်တွင် new island ဆိုင်၌ ၎င်းမွေးနေ့ကျင်းပခဲ့သည်အထိ ပရီဂိုရှင်အပေါ် အယုံကြည်ပိုခဲ့သည်။ နောက်ပိုင်းနှစ်များတွင် ပရီဂိုရှင်၏ concord ကုမ္ပဏီ က ရုရှားအစိုးရအတွက် စားသောက်ရေးကို တာဝန်ယူလိုက်ရပြီး ပရီဂိုရှင်က ပူတင်၏စားတော်ကဲဆိုသည့် နာမည်ကိုရခဲ့သည်။ ပရီဂိုရှင်နှင့် ဆက်စပ်ပတ်သက်နေသည့် ကုမ္ပဏီများကလည်း စစ်တပ်နှင့်အစိုးရစာသင်ကျောင်းများ၏ အကျွေးအမွေးအတွက် အကျိုးအမြတ်ရှိသည့် ကမ်းလှမ်းမှုများ ရလာ ခဲ့သည်။
ဝက်ဂနာ၏ အခန်းကဏ္ဍ
ပရီဂိုရှင် သာမန်စီးပွားရေးသမားသက် သက် မဟုတ်ခြင်းက ၂၀၁၄ ခုနှစ်တွင် ယူက ရိန်းကို ရုရှားတို့ ကျူးကျော်လိုက်ပြီးနောက် သိသာလာခဲ့သည်။ ၎င်းနှင့်ပတ်သက်နေသည့် လျှို့ဝှက်ပုဂ္ဂလိကစစ်အုပ်စုတစ်စုက အရှေ့ ပိုင်းဒွန်းဘတ်ဒေသတွင် ယူကရိန်းတပ်နှင့် တိုက်ခိုက်နေသည်ဟု အရင်ဆုံးသတင်းထွက် ခဲ့ပြီး ထိုအုပ်စုကို ဝက်ဂနာဟု လူသိလာခဲ့ သည်။
ယူကရိန်းအပြင် ဝက်ဂနာအုပ်စုသည် အာဖရိကအလွန်ထိ ပေါက်ရောက်ခဲ့သည်။ဆီးရီးယားသို့လည်း ဝက်ဂနာအဖွဲ့ဝင်များ ဖြန့်ကြက်ခဲ့ပြီး လစ်ဗျား၊ ဗဟိုအာဖရိက သမ္မ တနိုင်ငံနှင့် မာလီနိုင်ငံများတွင်လည်း ၎င်းင်း ၏ စစ်သားများ ရှိနေခဲ့သည်။
ဝက်ဂနာအဖွဲ့နှင့် ပတ်သက်မှုမရှိဟု နှစ်ချီ ငြင်းခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ စက်တင် ဘာတွင် ပရီဂိုရှင်က ဝက်ဂနာအဖွဲ့ကို ၂၀၁၄ ခုနှစ်တွင် ၎င်းက တည်ထောင်ခဲ့သည်ဟု ဝန် ခံလိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ ဝက်ဂနာ ကြေးစားစစ်သားအဖွဲ့သည် ရက်စက်သည့် နေရာတွင် နာမည်ကျော်လာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ဗဟိုအာဖရိကသမ္မတနိုင်ငံရှိ ဝက်ဂနာအဖွဲ့ကို စုံစမ်းနေသည့် ရုရှားသတင်းထောက်သုံးဦး အသတ်ခံခဲ့ရပြီး ထိုအမှုသည် အမှုမှန် မပေါ်ခဲ့ပေ။
ပရီဂိုရှင်သည် ဆီးရီးယားနှင့် အာဖရိက နိုင်ငံများတွင် ဝက်ဂနာရှိနေမှုဖြင့် မိုင်းလုပ် ငန်းကန်ထရိုက်များကို ချုပ်ကိုင်နိုင်ခဲ့သည်။ ဝက်ဂနာအုပ်စုသည် အာဖရိကရှိ ရွှေနှင့်အ ခြားသယံဇာတများ ရလမ်းရှိနေမှုကို အသုံးချ ကာ ယူကရိန်းရှိ ၎င်းင်းတို့၏ စစ်ဆင်ရေးကို ထောက်ပံ့နေသည်ဟု ပြီးခဲ့သည့်ဇန်နဝါရီတွင် အမေရိကန်နိုင်ငံခြားရေးဌာန အတွင်းဝန် ဗစ်တိုးရီးယားနူလန်က ပြောသည်။
ယူကရိန်းစစ်ပွဲနှင့် ဝက်ဂနာ၏အခန်းကဏ္ဍ
ဝက်ဂနာအဖွဲ့တည်ရှိမှုကို ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၇ ရက်တွင် ရုရှားလက်အောက်ခံမီဒီ ယာက ဝန်ခံခဲ့ပြီး ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ပွဲဝင်နေသည်ဟု ကြေညာသွားခဲ့သည်။ပရီဂိုရှင်ကလည်း သိမ်းပိုက်ထားသည့် ဒေသ များတွင် ရိုက်ထားပုံရသည့် ဗီဒီယိုများကို ဆိုရှယ်မီဒီယာတွင် စပြီး တင်လာခဲ့သည်။
ယူကရိန်းတွင် ရုရှားစစ်သားများစွာ ကျခဲ့ပြီးနောက် ပရီဂိုရှင်သည် အကျဉ်းထောင် များတွင် တပ်သားစုဆောင်းခွင့်ရသွားသည်။ ၎င်းကိုယ်တိုင် အကျဉ်းထောင်များသို့ သွား ကာ ယူကရိန်းတွင် ဝက်ဂနာအဖွဲ့အတွက် ခြောက်လ စစ်တိုက်ပေးပြီးလျှင် (အသက်ရှင်ပါက) အိမ်ပြန်ခွင့်ရမည်ဆိုသည့် အပေးအယူ များ လုပ်ခဲ့သည်။
သို့သော် ပရီဂိုရှင်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့၏ ဆက်ဆံရေးအဖုအထစ်က ပိုကြီးလာသဖြင့် ၂၀၂၃ ခုနှစ်အစောပိုင်းတွင် နောက်ထပ်အကျဉ်းသားများ စုဆောင်းခွင့် မရတော့ပေ။ မေလက အင်တာဗျူးတစ်ခုတွင် ပရီဂိုရှင်က အကျဉ်းသားငါးသောင်း စုဆောင်း နိုင်ခဲ့သည်ဟု ပြောခဲ့သည်။ အမေရိကန်ကမူ ယူကရိန်းတွင် ဝက်ဂနာတပ်ဖွဲ့ဝင် ငါးသောင်း ခန့် ရှိပြီး တစ်သောင်းက ကြေးစား၊ လေး သောင်းက အကျဉ်းသားများဟု ခန့်မှန်းပြော ဆိုခဲ့သည်။ ထို့ပြင် ဝက်ဂနာက တိုက်ပွဲအ တွက် တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် သုံးနေသည်ဟုလည်း ဆိုသည်။
မနှစ်က ဒီဇင်ဘာတွင် အမေရိကန်၏စွပ်စွဲမှုတစ်ရပ်အရ မြောက်ကိုရီးယားက ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထား သည့် ဆုံးဖြတ်ချက်များကိုချိုးဖောက်ကာ ဝက်ဂနာကို ဒုံးလက်နက်များ ထောက်ပံ့ပေး နေသည်ဟု သတင်းများ ထွက်ခဲ့သည်။ ထို ကိစ္စကို နှစ်ဖက်စလုံးက ငြင်းသည်။
ပူတင်အတွက် စိန်ခေါ်မှု
“ကျွန်တော်တို့ သွားမယ့်လမ်းမှာ ပိတ် နေတဲ့အရာအားလုံးကို ရှင်းလင်းသွားမှာပါ” ဆိုသည့် ပရီဂိုရှင်၏စကားသည် ယူကရိန်းကို ကျူးကျော်စစ် စတင်လိုက်ပြီးနောက်ပိုင်း သမ္မတပူတင်အတွက် အရဲတင်းဆုံး စိန်ခေါ် မှုတစ်ရပ် ဖြစ်သည်။
၎င်း၏တပ်ဖွဲ့များက ရုရှားတောင်ပိုင်း ဒေသ ရော့စတော့ဗ်သို့ ဝင်ရောက်လာပြီဖြစ် ကာ ရုရှားစစ်ရဟတ်ယာဉ်တစ်စင်းကိုလည်း ပစ်ချထားသည်ဟု ပရီဂိုရှင်က ပြောသည်။ ရော့စတော့ဗ်တွင် ဒေသခံများကို အိမ်ပြင် မထွက်ရန် အာဏာပိုင်များက ညွှန်ကြားထား သည်။ အစိုးရရုံးအဆောက်အအုံများတွင် လက်နက်ကိုင်အမျိုးသားများ လှည့်ပတ်နေပြီး မြို့ထဲတွင်လည်း တင့်ကားများ ရှိနေသည်ကို အွန်လိုင်းသတင်းများ၌ တွေ့ရသည်။သို့သော် လက်နက်ကိုင်ထားသူများက မည်သည့်ဘက် မှဖြစ်သည်ကို သေချာမသိရပေ။
ရုရှားစစ်ခေါင်းဆောင်ပိုင်းကို ဖယ်ရှား မည်ဟု ပရီဂိုရှင်က ကြေညာခြင်းသည် အာ ဏာသိမ်းရန်ကြိုးပမ်းမှုနီးနီး ဖြစ်သည်ဟု ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဟောင်း ဘီလ်တေလာက ဘီဘီစီသို့ ပြော သည်။
ထိုကိစ္စသည် ပူတင်အတွက်ကြီးမား သည်။ သို့သော် ဝက်ဂနာခေါင်းဆောင် အောင်မြင်နိုင်ခြေ မရှိဟု တေလာက ပြော သည်။
“ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှာ လက်နက်တွေ ရှိတယ်။ လေယာဉ်တွေ တင့် ကားတွေရှိတယ်။ပရီဂိုရှင်ရဲ့တပ်တွေကို ပစ်ချနိုင်တဲ့ စစ်လက်နက်များစွာရှိတယ်”ဟု ၎င်းက ဆိုသည်။ သို့သော် ယခုကဲ့သို့ ရုရှား ပြည်တွင်း ခွက်စောင်းခုတ်နေခြင်းက ယူက ရိန်းဘက်ကို အထောက်အကူဖြစ်စေနိုင်သည် ဟု ဘီလ်တေလာက သုံးသပ်ပြောကြားသည်။
Ref: AFP,BBC











