ခြောက်နှစ်ကျော်ကြာ ပြန်ပေးဆွဲခံခဲ့ရသည့် အမေရိကန်နိုင်ငံသားတစ်ဦး၏ အစိုးရအပေါ် မကျေနပ်ကြောင်း ရင်ဖွင့်ချက်

ခြောက်နှစ်ကျော်ကြာ ပြန်ပေးဆွဲခံခဲ့ရသည့် အမေရိကန်နိုင်ငံသားတစ်ဦး၏ အစိုးရအပေါ် မကျေနပ်ကြောင်း ရင်ဖွင့်ချက်
Photo: AP
Photo: AP
Published 20 June 2023
 TRANSLATED- ရာဇ

​အစ္စလာမ္မစ်အစွန်းရောက်များသည် တစ်ခုသော ညနေခင်းတွင် နိုင်ဂျာရှိ အမေရိကန်သာသနာပြုတစ်ဦး၏ နေအိမ်သို့ကားဖြင့် ရောက်ရှိလာကာ အစောင့်နှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ပစ်ကပ်ထရပ်ကားပေါ်သို့ ဆွဲခေါ်ခြင်းမခံရမီ သေနတ်သံများနှင့် အော်ဟစ်သံများကို ကြားခဲ့ရသည့်အဖြစ်ကို မှတ်မိနေဆဲဖြစ်သည်ဟု ဂျက်ဖ်ဝုဒ်ကီက ပြောကြားခဲ့သည်။

ထို့နောက် သူသည် ခြောက်နှစ်ကျော်ကြာ ချုပ်နှောင်ခံခဲ့ရသည့်ကာလအတွင်း ရိုက်နှက်ခံခဲ့ရပြီး တစ်နေ့လျှင် နာရီပေါင်းများစွာ သံကြိုးများဖြင့် ချုပ်နှောင်ခံခဲ့ရကာ အစာငတ်ခံဆန္ဒပြမှုများ ပြုလုပ်ပြီးကြံ့ကြံ့ခံခဲ့ ရသည်ဟု ဝုဒ်ကီက ဆိုသည်။

“ဒါဟာ ငရဲပါပဲ”ဟု မတ်လက လွတ်မြောက်လာခဲ့သည့် အသက် ၆၂ နှစ်အရွယ် ဝုဒ်ကီက ပြောသည်။

“အခက်ခဲဆုံးအပိုင်းကတော့ ငါ့မိသားစု အသက်ရှင်နေတယ်ဆိုရင် သူတို့လည်း ပူ ဆွေးသောကရောက်နေကြမယ်ဆိုတာ သိနေလို့ပါပဲ။ အချိန်တွေကြာလာတာနဲ့အမျှ ဒုက္ခဆင်းရဲကို ဆက်ခံနေတာထက် သေသွားတာက ပိုကောင်းတယ်လို့ ခံစားလာရတယ်။ အဲဒီခံစားချက်က ပိုပြီး ကြီးမားလာပါတယ်။ အဲဒီမှာ ရှိနေတဲ့အချိန် မနှစ်တုန်းကဆိုရင် ငါ့ကိုသတ်လိုက်ပါတော့လို့ သူတို့ကို တောင်း ဆိုခဲ့တဲ့အထိပါပဲ”ဟု ၎င်းက ဆိုသည်။

သို့သော် အမေရိကန်အစိုးရနှင့် နှစ်ပေါင်းများစွာကြာမြင့်သည့် စိတ်ရှုပ်စရာ ဆက်သွယ်ဆောင်ရွက်မှုများက ယင်းဆင်းရဲ ဒုက္ခများကို  ပိုမိုဆိုးရွားစေခဲ့သည်ဟု ဝုဒ်ကီနှင့် ၎င်း၏ ဇနီးသည်တို့က ပြောကြားခဲ့သည်။

FBI အရာရှိများသည် ဖမ်းဆီးထားသူများနှင့် စေ့စပ်ညှိနှိုင်းမှုများနှင့်ပတ်သက်သည့် အချက်အလက်များကို သိမ်းဆည်းထားသည်ဟု ယုံကြည်ရပြီး ပြန်ပေးရွေးငွေအတွက် အလှူငွေရှာခြင်းနှင့်ပတ်သက်၍အကူအညီနှင့် လမ်းညွှန်မှုတို့သည် မလုံလောက်ခဲ့ကြောင်း ၎င်းတို့က ခံစားခဲ့ရသည်။

ဝုဒ်ကီ မလွတ်မြောက်မီ ရက်သတ္တပတ်များအတွင်း ဇသသာ ခေါ်ဆိုမှုတစ်ခုတွင် ၎င်း၏ဇနီး အဲလ်စ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်အား ဆက်သွယ်ပြောဆိုခဲ့ရာတွင် ချမ်းသာသူများကို မျက်နှာသာပေးသည့် ပြန်ပေးရွေးငွေပေးသည့်လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ရင်ဖွင့်ခဲ့သည်ဟု ဆိုသည်။

“ပြန်ပေးဆွဲခံရတဲ့သူက ရှင်သာဆိုရင် ရှင့်မိန်းမက ရှင့်ပိုက်ဆံတွေနဲ့ ပြန်ရွေးပေးမှာ ဖြစ်တဲ့အတွက် တစ်ပတ်အတွင်း ရှင်ပြန်လွတ်လာလိမ့်မယ်ဆိုပြီး ကျွန်မက သူ့(ဘလင်ကန်) ကို ပြောခဲ့တယ်”ဟု အဲလ်စ်က ပြောကြားခဲ့သည်။

“ရှင်က ချမ်းသာတော့ ပြန်ပေးရွေးငွေပေးနိုင်တယ်။ ဒါပေမဲ့ ဆင်းရဲတဲ့လူက အဲဒီလို ဘယ်တော့မှ မလုပ်နိုင်ဘူး”ဟု ၎င်းက ဘလင်ကန်ကို ပြောကြားခဲ့သည်ဟု ဆိုသည်။

ဝုဒ်ကီသည် ၎င်း၏ဇနီးသည်နှင့်အတူ မကြာသေးမီက AP သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ခဲ့ချိန်တွင် ၎င်း၏ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ယခင်က အစီရင်ခံမထားသောအသေးစိတ်အချက်အလက်များ၊ အမေ ရိကန်အရာရှိများနှင့် ၎င်းတို့၏စကားပြောဆိုမှုများနှင့် လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်ချိန်တွင် ၎င်းရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသော အမေရိကန်နိုင်ငံသားများ၏ အကျပ်အတည်းကို မကြုံစဖူး အာရုံစိုက်ခံနေရသည့်အချိန်တွင် ပြန်ပေးရွေးငွေပေးအပ်မှုသည် ပြစ်မှုဆိုင်ရာ တရားစီရင်ခံရနိုင်မည့် စိုးရိမ်မှုများကို လျော့ပါးသက်သာစေပြီး အစိုးရနှင့် ဆက်သွယ်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် ၂၀၁၅ ခုနှစ်က ရေးဆွဲခဲ့သည့် မူဝါဒတစ်ခုရှိခဲ့သည့်တိုင် ပြန်ပေးဆွဲခံထားရသူ၏ မိသားစုနှင့် ကောင်းမွန်တိုးတက်သည့် ဆက်သွယ်ဆောင်ရွက်မှုမရှိခဲ့သည့် အစိုးရအပေါ် ဝုဒ်ကီတို့ဇနီး မောင်နှံကစိတ်ပျက်ကြောင်း ပြသခဲ့သည်။

၎င်းတို့၏ ပြောဆိုချက်များသည် ဖမ်းဆီးခံရသူတစ်ဦး မလွတ်မြောက်မီအချိန်တွင် မကြာခဏဆိုသလို သိမ်မွေ့ပြီး တင်းမာသော အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ရှားရှားပါးပါး လူသိရှင်ကြား ထုတ်လွှင့်မှုကို ကိုယ်စားပြုနေသည်။

FBI သည် ဝုဒ်ကီ၏ သီးခြားပြောဆိုမှု များကိုဖြေရှင်းရန် ငြင်းဆိုခဲ့သော်လည်း ၎င်းတို့သည် ဝုဒ်ကီကို ပြန်လည်လွတ်မြောက်စေရန် မနားမနေလုပ်ဆောင်ခဲ့ပြီး ဝုဒ်ကီနှင့် သူ့မိသားစု ပြန်လည်ဆုံတွေ့ခွင့်ရသည့်အတွက် ပျော်ရွှင်မိကြောင်း ပြောကြားခဲ့ကာ ဝုဒ်ကီနှင့်သူ့မိသားစုကို ဆက်လက်ထောက်ပံ့ရန် ကတိပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ဘလင်ကန်နှင့် အဲလ်စ်တို့အကြား ဆက်သွယ်ပြောဆိုမှုများ အများအပြားရှိခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သော်လည်း ယင်းအကြောင်းအရာကို ဆွေးနွေးရန် ငြင်းဆိုခဲ့သည်။

ဝုဒ်ကီ လွတ်မြောက်လာခဲ့သည့်အခြေအနေများနှင့်ပတ်သက်၍ အမေရိကန်တာဝန်ရှိသူများက အနည်းအကျဉ်းသာ ပြော ကြားခဲ့ပြီး ယင်းသည် ပူးပေါင်းကြိုးပမ်းမှု ကြောင့်ဖြစ်ကာ အမေရိကန်အစိုးရသည် ပြန် ပေးရွေးငွေပေးခြင်း သို့မဟုတ် အခြားသော လိုက်လျောမှုများ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဝုဒ်ကီသည် ပြင်သစ်သတင်းထောက် အိုလီဗီယာ ဒူဘော့စ်နှင့်အတူ လွတ်မြောက်လာခဲ့ပြီး အခြားသော ဓားစာခံများလည်း ထိုဒေသတွင် ရှိနေဆဲဖြစ်သည်။

ဝုဒ်ကီက ၎င်းအား လွတ်မြောက်စေသည့်အကြောင်းရင်းကို သေချာစွာ မသိသော်လည်း ၎င်းကို ပြင်သစ်တပ်ဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဝုဒ်ကီသည် သာသနာပြုတာဝန်နှင့် အကူအညီပေးရေးလုပ်သားတစ်ဦးအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သူဖြစ်သဖြင့်  ဆာဟယ်ဟု လူသိများသည့် ဆာဟာရသဲကန္တာရအောက်ပိုင်းဒေသတွင် ပြန်ပေးဆွဲမှုများ ပြုလုပ်ပြီး ပြန်ပေးရွေးငွေများဖြင့် ရန်ပုံငွေရှာဖွေလေ့ရှိသည့် ဂျီဟတ်များ၏ ပစ်မှတ်တစ်ခု ဖြစ်နေသည်။

ထို့ကြောင့် သူသည် လုံခြုံရေးအန္တရာယ်များနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာသံရုံးနှင့် ဆက်သွယ်ဆောင်ရွက်မှုများကို ပြတ်တောက်မသွားစေရန် ထိန်းသိမ်းလုပ်ဆောင်ခဲ့မှုအပါ အဝင် ယင်းဒေသတွင် ဆယ်စုနှစ်သုံးစုကျော်အတွင်း သတိကြီးစွာထားပြီး ဆောင်ရွက်ခဲ့သည်။

သို့တိုင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ ညနေတွင် နိုက်ဂျာနိုင်ငံ အဘာလက်ခ်မြို့ရှိ ၎င်း၏နေအိမ်ကို အစွန်းရောက်များက အလစ်အငိုက်ဖမ်းပြီး တိုက်ခိုက်ခဲ့ကာ ၎င်း၏အစောင့်နှစ်ဦးကို သတ်ဖြတ်ခဲ့သည်။

ဝုဒ်ကီက သူသည် ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း ဒဏ်ရာများ ရရှိခဲ့ကာ ဖမ်းဆီးခံခဲ့ရပြီးနောက် အကြမ်းဖက်သမားများသည်  ၎င်း၏လက်ကောက်ဝတ်ကိုကိုင်ပြီး မြေပြင်တွင် တရွတ်တိုက်ဆွဲခေါ်ခဲ့ကာ ထရပ်ကားပေါ်သို့ ပစ်တင်ရင်း မာလီနယ်စပ်သို့ မောင်းနှင်သွားခဲ့သည်ဟု ဆိုသည်။

သူသည် အယ်လ်ကေးဒါးအဖွဲ့နှင့် မဟာမိတ်ဖွဲ့ထားသည့် သောင်းကျန်းသူအဖွဲ့အစည်းဖြစ်သည့် JNIM လက်အောက်တွင် လှုပ်ရှားနေသည့် အစွန်းရောက်အဖွဲ့များထံတွင် တစ်လှည့်စီထိန်းသိမ်းခံခဲ့ရသည်ဟု ဆိုသည်။

သူသည် လွတ်မြောက်ကာနီးချိန်တွင် အကြမ်းဖက်သမားများက သူ့ကိုနာရီတစ်လုံး ပေးခဲ့သော်လည်း ယင်းမတိုင်မီက သူသည် နေ့ဘက်တွင် နေ​ရောင်ကျသည့်ဘက်ကို တွက်ချက်ပြီး အချိန်ကို ခန့်မှန်းခဲ့ကာ ညဘက်တွင် ကြယ်များကိုကြည့်ပြီး အချိန်ကို မှန်းဆခဲ့ရသည်ဟု ဆိုသည်။

တစ်နေ့လျှင် ရှစ်နာရီကြာ ဘုရားဝတ်ပြုခဲ့သော်လည်း သေခြင်းတရားအတွက် ဆု တောင်းစပြုလာသည့်အချိန်တွင် ဘုရားဝတ်ပြုသည့်အချိန်သည် တစ်စထက်တစ်စ နည်းပါးလာခဲ့သည်ဟု ဆိုသည်။

သစ်ပင်တစ်ပင်အောက်တွင် သံကြိုးဖြင့် တုပ်နှောင်ခံထားရပြီး နာရီပေါင်းများစွာကြာ အထီးကျန်စွာ နေခဲ့ရသည်ဟု ဝုဒ်ကီက ပြောကြားခဲ့သည်။

“ခင်ဗျားခြေထောက်မှာ သံကြိုးနဲ့အချည်ခံထားရတဲ့အချိန် မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်တာကို ကြုံဖူးလား။ မိုးကြိုးပစ်ခံရမှာကို ခင်ဗျား ကြောက်နေမှာပေါ့”ဟု ဝုဒ်ကီက ၎င်းခံစားခဲ့ရသည့်ဒုက္ခများကို အရွှန်းဖောက်ခဲ့ပြီး သေးငယ်သည့် တဲတစ်လုံးအတွင်း နေထိုင်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသည့် အစောပိုင်းကာလများတွင် ၎င်း၏ဇနီးသည် ၎င်း၏ အမှုကိစ္စကို ဆောင်ရွက်နေသည့် FBI ၏ အကျပ်အတည်း ညှိနှိုင်းရေးမှူးများနှင့် ထိတွေ့ဆက်ဆံနေချိန်တွင် ၎င်း၏မိသားစုအတွက် ၎င်းသက်ရှိ ထင်ရှားရှိနေကြောင်း ဗီဒီယိုများစွာကို ပထမဆုံး ရိုက်ကူးခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော် အဲလ်စ်နှင့် သူမနှင့်အလုပ်တွဲ လုပ်နေသော ပုဂ္ဂလိကဓားစာခံစေ့စပ်ညှိနှိုင်းရေးမှူး ရောဘတ်ကလမ်ဆာက FBI သည် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့သည့် ကာလတစ်လျှောက် ၎င်းတို့အား တစ်စုံတစ်ခုပြုလုပ်ခြင်းမရှိစေရန် ဟန့်တားခဲ့သည်ဟု ခံစားခဲ့သဖြင့် FBI သည် အကြမ်းဖက်သမားများနှင့် ဆက်သွယ်ရန် ၎င်းတို့ မခန့်မှန်းနိုင်သည့် အခြားနိုင်ငံတစ်ခုနှင့် ဆွေးနွေးမှုများကို ထိန်ချန်ထားသည်ဟု ယူဆခဲ့မိကြောင်း ပြောကြားခဲ့သည်။

အနောက်အာဖရိက အကျဉ်းထောင်များမှ အကျဉ်းသားများကို ပြန်ပေးရွေးငွေ ယူရိုသုံးသန်းနှင့် ပြန်လွှတ်ပေးရေးအတွက် စေ့စပ်ညှိနှိုင်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်ပေးသမားများက တောင်းဆိုခဲ့သည့်အ ချက်ကို ၂၀၂၁ ခုနှစ်တွင်မှ နောက်ကျစွာ သိရှိခဲ့ရသည်ဟု ကလမ်ဆာက ပြောကြားခဲ့သည်။

ညှိနှိုင်းဆွေးနွေးသူများသည် ဖမ်းဆီးခံထားရသူ၏ မိသားစုသဘောဆန္ဒမပါဘဲ အ ကျဉ်းသားလွတ်မြောက်ရေးအတွက် အကြမ်းဖက်သမားများ တောင်းဆိုသည့် ငွေပမာဏကို ပယ်ချခဲ့သည်ဟု ၎င်းက ဆိုသည်။

ယင်းသည် အမေရိကန်၏ မူဝါဒရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့သော်လည်း ပြန်ပေးရွေးငွေပမာဏသည် ယူရိုခြောက်သန်းအထိ နှစ်ဆမြင့်တက်လာခဲ့ကာ ယင်းငွေပမာဏသည် လက်ထောက်ကျောင်း ဆရာမတစ်ဦးဖြစ်သည့် အဲလ်စ်အတွက် စိတ်ကူးထဲမှာပင် ရှာဖွေမရနိုင်သည့်ငွေပမာဏ ဖြစ်ခဲ့သည်ဟု ကလမ်ဆာက ပြောကြားခဲ့သည်။

ပြန်ပေးရွေးငွေအတွက် အလှူငွေရှာဖွေရာတွင် လွတ်လပ်စွာလုပ်ဆောင်နိုင်သည်ဟု အာဏာပိုင်များက ပြောခဲ့သော်လည်း အလားအလာရှိသော အလှူရှင်များကို ကိုယ်တိုင်ကိုယ်ကျ ချဉ်းကပ်ရမည့်အခြေအနေ သည် သူ့အတွက် စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရသည်ဟု အဲလ်စ်က ဆိုသည်။

FBI သည် ပြန်ပေးရွေးငွေအတွက် အလှူကောက်ခံမှုတွင် ပါဝင်ပတ်သက်သူ မည်သူ့ကိုမျှ တရားစွဲဆိုမည်မဟုတ်ကြောင်း အာမခံချက်ပေးမည်မဟုတ်သဖြင့် ယင်းအခြေအနေသည် အလှူရှင်များထံမှ အလှူငွေရရန် အရေးကြီးသည့်အချက်တစ်ခုဖြစ်နေသည်ဟု အဲလ်စ်နှင့် ကလမ်ဆာတို့က ပြောကြားခဲ့သည်။

အစိုးရ၏ ကန့်သတ်ချက်များသည် လုံလောက်သောအလှူငွေပမာဏကို စုဆောင်းနိုင်မှုကို ဟန့်တားခဲ့ကြောင်း ၂၀၂၁ ခုနှစ်က ၀ါရှင်တန်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အဲလ်စ်က ပြောကြားခဲ့ပြီး သူသည် ပြန်ပေးရွေးငွေကို တစ်ခါမျှပေးချေခြင်း မရှိခဲ့ပေ။

“ကျွန်မ ကြိုးစားခဲ့တယ်။ ကိုယ်သိတဲ့လူတွေဆီ စာတွေ ရေးခဲ့တယ်”ဟု အဲလ်စ်က ပြောကြားခဲ့သည်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အနောက်တိုင်းသားများအား ခေါင်းဖြတ်သတ်ခဲ့သည့် ဖြစ်စဉ်များကို တုံ့ပြန်သည့်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အိုဘားမားအစိုးရအဖွဲ့သည် ဖမ်းဆီးခံထားရသူများ၏ မိသားစုများအနေဖြင့် ပြန်ပေးရွေးငွေများပေးဆောင်မှုကို ပြစ်မှုဥပဒေဖြင့် တရားစီရင်ခံရမည်မဟုတ်ကြောင်း  ပေါ်လစီအသစ်တစ်ခု ရေးဆွဲခဲ့သည်။

ယင်းမူဝါဒအောက်တွင် မည်သည့်မိသားစုမှ စွဲချက်တင်မခံရသော်လည်း ပြီးခဲ့သောဆယ်စုနှစ်များအတွင်း စစ်တမ်းများတွင်ပါရှိသည့် ဓားစာခံများ၏ ဆွေမျိုးသားချင်းများကမူ ယင်းမူဝါဒနှင့်ပတ်သက်ပြီး ရှုပ်ထွေး နေဆဲဖြစ်ကြောင်းဖော်ပြခဲ့သည်။

အိမ်ဖြူတော်နှင့် ပြင်သစ်အစိုးရတို့က အပြည့်အဝရှင်းပြခြင်းမရှိသည့် အခြေအနေအရ ယခုနှစ် မတ်လ ၂၀ တွင် လွတ်မြောက်လာသူ  ဝုဒ်ကီသည်  ပြင်သစ်ဓားစာခံဖြစ်သည့် ဒူဘော့စ်နှင့်အတူ နိုင်ဂျာနိုင်ငံအနောက် ဘက်နယ်စပ်သို့ တိုယိုတာပစ်ကပ်ထရပ်ကားဖြင့် ခေါ်ဆောင်ခံခဲ့ရပြီး လွတ်မြောက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက မူယင်းသည် အလွန်ခက်ခဲကြမ်းတမ်းပြီး စဉ်းစားချင့်ချိန်စွာ လုပ်ဆောင်မှု၏ ရလဒ်တစ်ခု ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ဝုဒ်ကီသည် ကယ်လီဖိုးနီးယားပြည်နယ် မက်ကင်လေဗယ်လီသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း လိုက်လျောညီထွေနေထိုင်ရန် ခက်ခဲခဲ့သည်ဟု ဆိုသည်။

သူသည် ခြေထောက်ဒဏ်ရာနှင့် သွားဘက်ဆိုင်ရာ ကုသမှုအတွက် ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များနှင့် ရုန်းကန်နေရသည်။

ယာဉ်မောင်းလိုင်စင်ရယူခြင်းကဲ့သို့ ရိုးရှင်းသောအရာတစ်ခုပင်လျှင် လနှင့်ချီကြာသည်။

ဓားစာခံကိစ္စများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဓားစာခံရေးရာ အထူးသံရုံးက ပံ့ပိုးကူညီမှုများ ပေးထားသည်ဆိုသည့်တိုင် အစိုးရ၏ လုံလောက်သည့် အကူအညီကို မခံစားရကြောင်း ဝုဒ်ကီက ဆိုသည်။

“ကျွန်တော်တို့က သက်မဲ့ပစ္စည်းတွေ မဟုတ်ဘူး။ ညှိနှိုင်းရေးစားပွဲပေါ်က နယ်ရုပ်တွေလည်း မဟုတ်ဘူး။ ကျွန်တော်တို့က လူသားတွေ။ သစ်ပင်အောက်မှာ သံကြိုးတွေနဲ့ ချည်နှောင်မခံချင်ဘူး။ မိသားစုကိုလည်း စိတ်မဆင်းရဲစေချင်ဘူး”ဟု ဝုဒ်ကီက ပြောကြားခဲ့သည်။

Ref: AP

Most Read

Most Recent