ကမ္ဘာပေါ်ရှိ တိုင်းပြည် နိုင်ငံများအနက် လက်နက်ကိုင်စုဖွဲ့မှု အမျိုးအစားနှင့် အရေအတွက်အများဆုံးမှာ သုတေသန စနစ်တကျ ပြုလုပ်ထားရှိသည့် ရလဒ် မဟုတ်သော်လည်း စာရေးသူတို့၏ တိုင်းပြည်နိုင်ငံ ဖြစ်မည်ဟု စာရေးသူအနေဖြင့် ထင်မြင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လွတ်လပ် ရေး မရရှိမီ အချိန်ကာလကတည်းက လက်နက်ကိုင် စုဖွဲ့မှုအမျိုးမျိုးကို စတင်ဆောင်ရွက်ခဲ့ကြသည်မှာ ယနေ့အချိန် လွတ်လပ်ရေး ရရှိပြီးသည်မှာ ၇၅ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသော်လည်း လက်နက်ကိုင်စုဖွဲ့မှုများမှာ ရပ်တန့်မည့် အရိပ်အယောင် မတွေ့မြင်ရ သေးပါ။
ယခုဆောင်းပါး၏ ခေါင်းစဉ်ကို ရေးသားတင်ပြသင့်သည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသူ သို့မဟုတ် လက်နက်ကိုင်အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်ခဲ့ ဖူးသူ တစ်ဦးဦးက ရေးသားတင်ပြနိုင်ပါက အလွန်ကောင်းမွန်မည်ဟု စာရေးသူအနေဖြင့် ထင်မြင်ယုံကြည်မိပါသည်။ သို့သော်လည်း ယခင်ရေးသားတင်ပြခဲ့ကြသည့် စာအုပ်၊ စာစောင်၊ စာပေများတွင် လေ့လာတွေ့ရှိရသည်မှာ “သူများ လက်နက်ကိုင်အဖွဲ့ မကောင်းကြောင်းနှင့် ကိုယ့်လက်နက်ကိုင် အဖွဲ့ကောင်းကြောင်း” များကိုသာ တွေ့မြင်လျက်ရှိနေပါသဖြင့် စာရေးသူကဲ့သို့ တတိယ လူပုဂ္ဂိုလ်တစ်ဦးက ရေးသားတင်ပြနိုင်ပါက ဘက်လိုက်မှု ကင်းကင်းနှင့် သတင်းအချက်အလက်များကို တင်ပြနိုင်မည်ဟုလည်း ယုံကြည်ထင်မြင်မိပါသည်။
သို့သော်လည်း စာရေးသူသည် သာမန်နိုင်ငံသားတစ်ဦးသာ ဖြစ်ပါသဖြင့် သတင်းအချက်အလက်ရရှိနိုင်မှု အခြေအနေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသူ သို့မဟုတ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူများကဲ့သို့ အတွေ့အကြုံနှင့် သတင်းရင်းမြစ်များကို အလွယ်တကူ လက်လှမ်းမီ ရှာဖွေရရှိနိုင်ရန်မှာ လွန်စွာခက်ခဲသည့်အခြေအနေ သို့မဟုတ် မဖြစ်နိုင်သည့် အခြေအနေ ဖြစ်ပါသည်။
စာရေးသူသည် စာရင်းအင်း ပညာဘာသာရပ်ကို အထူးပြုလေ့လာခဲ့သည့် အားလျော်စွာ သတင်းအချက်အလက်များကို အခြေခံပြီး ကောက်ချက်ချရာတွင် အရေးကြီးသည့် အရည်အသွေး သဘောတ ရားများ ဖြစ်ကြသည့် (က) ဘက်လိုက်မှု သို့မဟုတ် ယိမ်းယိုင်မှု မရှိခြင်း၊ (ခ) တစ်သမတ်တည်းရှိခြင်း၊ (ဂ) ပြည့်စုံ လုံလောက်မှုရှိခြင်း၊ (ဃ) ထိရောက်မှုရှိခြင်းဆိုသည့် အချက်လေးချက်ဖြင့် လုံးဝကိုက်ညီစေရန် ပြုလုပ်ဆောင်ရွက်ရမည် ဖြစ်ပါ သော်လည်း စာရေးသူ တစ်ဦးတည်းအနေဖြင့် ရှာဖွေရရှိနိုင်မည့် သတင်းအချက်အလက်များကိုသာ လေ့လာဆန်းစစ်ရခြင်း ဖြစ်ပါသဖြင့် အထက်ပါအရည်အသွေးများအားလုံးကို ပြည့်စုံစေရန် မဖြစ်နိုင်ပါ။
တိုင်းပြည်နိုင်ငံတော်၏ အရင်းအမြစ်များကို သုံးစွဲခွင့်ရရှိသူ များအနေဖြင့် အဆိုပါအရင်းအ မြစ်များကို အသုံးပြုကာ ရေးသားတင်ပြနိုင်ပါက အထက်ဖော်ပြပါ အရည်အသွေးများနှင့် ပြည့်စုံစေနိုင်ပါသည်။ သို့သော်လည်း အထက်တွင်တင်ပြထားသကဲ့သို့ တိုင်းပြည်နိုင်ငံတော်၏ အရင်းအမြစ်များကို ရယူသုံးစွဲခွင့်ရှိသူများက “သူများ လက်နက်ကိုင်အဖွဲ့ မကောင်းကြောင်းနှင့် ကိုယ့်လက်နက်ကိုင် အဖွဲ့ကောင်းကြောင်း”များကို ရေးသားတင်ပြသည့် အခြေအနေတွင်သာ ဖြစ်ပေါ်နေပါက မှတ်တမ်းအဖြစ်သာ တည်ရှိနေမည်ဖြစ်ပြီး တိုင်းပြည်အကျိုး၊ နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သားနိုင်ငံသားများအတွက် အကျိုးများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် မဖြစ်နိုင်ပါ။
တစ်ခါတစ်ရံ ဘက်ပြောင်းသည့် လူပုဂ္ဂိုလ်ကြီးများက ယခင် ၎င်းတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်း၏ မကောင်းသည့်အကြောင်းအရာ များကို တစ်ဖက်သတ်အမြင်ဖြင့် ရေးသားတင်ပြခဲ့ကြသည့် အခြေအနေများကိုလည်း ထူးခြားစွာတွေ့ မြင်ကြရပါသည်။
ဤတွင် မေးခွန်းများအဖြစ် ဖော်ထုတ်ကာ လက်နက်ကိုင်စုဖွဲ့ရခြင်း၏ အခြေခံအကြောင်းရင်းများကို အသေးစိတ် လေ့လာရှာဖွေဖော်ထုတ်နိုင်မှုသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် တည်ရှိနေပါသည်။ စာရေးသူကဲ့သို့ သာမန် ပြည်သူပြည်သား နိုင်ငံသားတစ်ဦးအနေနှင့် ထဲထဲဝင်ဝင် ရှာဖွေလေ့လာနိုင်သည့် အခြေအနေမရှိပါ။ သို့သော်လည်း စာရေးသူလက်လှမ်းမီသမျှ၊ ရှာဖွေ ရရှိနိုင်သမျှ စာအုပ်၊ စာစောင်များကို အခြေခံကာ ရှင်းလင်း တင်ပြပါမည်။
မြန်မာနိုင်ငံတွင် တည်ရှိဖြစ်ပေါ်စေလျက်ရှိသည့် လက်နက်ကိုင် စုဖွဲ့ခြင်းသဘောတရားများမှာ ကမ္ဘာပေါ်တွင်ရှိ တိုင်းပြည်နိုင်ငံများတွင် ဖြစ်ပေါ်လေ့ရှိသည့် လက်နက်ကိုင်စုဖွဲ့ခြင်းသဘောတရားများနှင့် လွန်စွာကွာခြားလှပါသည်။ ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများတွင် ယေဘုယျအားဖြင့် လက်နက်ကိုင်စုဖွဲ့ခြင်း ဖြစ်ပေါ်လေ့ရှိသည်မှာ တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားရှိသည့် အစိုးရ သို့မဟုတ် အစိုးရ၏ လက်နက်ကိုင် အစုအဖွဲ့နှင့် အစိုးရ သို့မဟုတ် အစိုးရ၏လက်နက်ကိုင် အစုအဖွဲ့ ကို ဆန့်ကျင်တိုက်ခိုက်သည့် လက် နက်ကိုင်အစုအဖွဲ့တို့ ဖြစ်ကြပြီး သဘောတရားအခြေခံအားဖြင့် လက်နက်ကိုင်အစုအဖွဲ့နှစ်ဖွဲ့သာ အဓိကတည်ရှိပြီး အလွန်ဆုံး လက်နက်ကိုင်သုံးဖွဲ့၊ လေးဖွဲ့ စသည်ဖြင့် ကွဲပြားခြားနားသည့် အခြေအနေသာတည်ရှိဖြစ်ပေါ်စေလျက်ရှိပါသည်။
စာရေးသူသည် လက်နက်ကိုင် စုဖွဲ့ခြင်းနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူ ပညာရှင်တစ်ဦး မဟုတ်ပါသော်လည်း မြန်မာနိုင်ငံ၏ အခြေအနေကို စာရေးသူ၏ အမြင်သက်သက်ဖြင့် လေ့လာဆန်းစစ်တင်ပြပါမည်။ လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်းကာလ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် လေ့လာတွေ့ရှိရသည်မှာ တိုင်းပြည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားရှိသည့် အစိုးရ သို့မဟုတ် အစိုးရ၏ လက်နက်ကိုင်အစုအဖွဲ့ကိုယ်တိုင်ကပင်လျှင် “ပြည်သူ့စစ်မဟာဗျူဟာ” အရ ဟု ကြားသိရပြီး လက်နက်ကိုင်စုဖွဲ့ခြင်းများအတွက် အမျိုးအစား ပေါင်းမြောက်မြားစွာ၊ အစုအဖွဲ့ပေါင်း မြောက်မြားစွာကို ဦးဆောင် ဦးရွက်ပြုလုပ် စုဖွဲ့ဆောင်ရွက်လျက် ရှိနေခြင်းပင် ဖြစ်ပါသည်။
အစိုးရ သို့မဟုတ် အစိုးရ၏လက်နက်ကိုင်အစုအဖွဲ့များကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည့် လက်နက်ကိုင်အစုအဖွဲ့တို့သည်လည်း အစိုးရ သို့မဟုတ် အစိုးရ၏ လက်နက်ကိုင်အစုအဖွဲ့များနည်းတူ စုဖွဲ့ဆောင်ရွက်လျက်ရှိကြရာ လက်နက်ကိုင်စုဖွဲ့ခြင်းများမှာ မိုးမ ဆုံးမြေမဆုံး သို့မဟုတ် မိုးမဆုံးမီးမ ဆုံး အခြေအနေသို့ ရောက်ရှိစေလျက် ရှိနေပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် ဆောင်းပါး၏အစတွင် ကမ္ဘာပေါ်ရှိ တိုင်းပြည် နိုင်ငံ များအနက် လက်နက်ကိုင်စုဖွဲ့မှု အမျိုးအစားနှင့် အရေအတွက် အများဆုံးသည် သုတေသန စနစ် တကျ ပြုလုပ်ထားရှိသည့် ရလဒ် မဟုတ်သော်လည်း စာရေးသူတို့၏ တိုင်းပြည်နိုင်ငံဖြစ်မည်ဟု ကောက်ချက်ချခဲ့ခြင်း ဖြစ်ပါသည်။
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် အစိုးရ သို့မဟုတ် အစိုးရ၏ လက်နက်ကိုင်အစုအဖွဲ့ ကိုယ်တိုင်ကပင်လျှင် လက်နက်ကိုင် စုဖွဲ့ခြင်းများအတွက် အမျိုးအစားပေါင်း မြောက်မြားစွာ၊ အစုအဖွဲ့ပေါင်းမြောက်မြားစွာကို ဦးဆောင်ဦးရွက်ပြုလုပ် စုဖွဲ့ဆောင်ရွက်လျက်ရှိနေပြီး အစိုးရ သို့မဟုတ် အစိုးရ၏လက်နက်ကိုင် အစုအဖွဲ့များကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည့် လက်နက်ကိုင် အစုအဖွဲ့တို့သည်လည်း အစိုးရ သို့မဟုတ် အစိုးရ၏ လက်နက်ကိုင်အစုအဖွဲ့များနည်းတူ စုဖွဲ့ဆောင်ရွက်လျက်ရှိကြရာ လက်နက်ကိုင်စုဖွဲ့ခြင်းများမှာ မိုးမ ဆုံး မြေမဆုံး သို့မဟုတ် မိုးမဆုံး မီးမ ဆုံး အခြေအနေသို့ ရောက်ရှိစေလျက်ရှိနေသည်ကို ထဲထဲဝင်ဝင် စနစ်တကျ သိမြင်နားလည်နိုင်ကြစေရန်နှင့် ဖော်ပြပါအခြေအနေဆိုးများမှ လွတ်မြောက်နိုင်စေမည့် နည်းလမ်းများကို ရှာဖွေတွေ့ရှိပြီး ချက်ချင်းလက်ငင်း စတင်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ကြစေရေးကို ရည်ရွယ်ပါသည်။
ပထမဦးစွာ လက်နက်ကိုင် စုဖွဲ့ခြင်းသဘောတရားများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ရှင်းလင်းတင်ပြပါမည်။ ဤနေရာတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားရှိသည့် အစိုးရ၏လက် နက်ကိုင်အစုအဖွဲ့ဖြစ်သည့် တပ်မတော်၊ ကြည်းတပ်၊ လေတပ်၊ ရေတပ် စသည်တို့ကိုမူ အသေးစိတ် ရှင်းလင်းတင်ပြခြင်း မပြုတော့ဘဲ ကျန်လက်နက်ကိုင်စုဖွဲ့သည့်အဖွဲ့ များ၏ သဘောတရားများနှင့် အဓိ ပ္ပာယ်ဖွင့်ဆိုချက်များကိုသာ ရှင်းလင်းတင်ပြပါမည်။
လက်နက်ကိုင် စုဖွဲ့ခြင်း သဘောတရားများနှင့် အဓိပ္ပာယ် ဖွင့်ဆိုချက်များကို (Reference: 3) နှင့် (Reference: 4) တို့တွင် ရှင်းလင်းတင်ပြထားသည်များကို အခြေခံကာ ဖော်ပြပါမည်။ လက်နက်ကိုင် စုဖွဲ့ခြင်း အမျိုးအစားတွင် ပါဝင်သည့် မီလီရှား (Militia) ၏ အဓိပ္ပာယ်ကို ရှင်းလင်းတင်ပြရပါလျှင် “A militia is a body of armed fighters, often representing specific ethnic, religious, tribal, clan, or other communal groups or political parties. Militias may serve the government directly or indirectly, operate independently to combat other militias or insurgent groups, pursue criminal activity, or support an insurgency.” (Reference: 4).
ဖော်ပြထားချက်အရ “မီလီရှားဟု ခေါ်ဆိုသည့် လက်နက်ကိုင် အစုအဖွဲ့တစ်ဖွဲ့ဆိုသည်မှာ လက်နက်ကိုင် တိုက်ခိုက်သူများ၏ အစုအဖွဲ့ တစ်ဖွဲ့ဖြစ်ပါသည်။ ၎င်းအဖွဲ့သည် သီးခြားလူမျိုးစုတစ်စုကို ကိုယ်စားပြုခြင်းအားဖြင့်သော် လည်းကောင်း၊ ဘာသာရေးကို ကိုယ်စားပြုခြင်းအားဖြင့်သော်လည်းကောင်း၊ လူမျိုးနွယ်စုတစ်စုကို ကိုယ်စားပြုခြင်းအားဖြင့်သော်လည်းကောင်း၊ ဆွေမျိုးစုတစ်စုကို ကိုယ်စားပြုခြင်းအားဖြင့်သော်လည်းကောင်း ဖွဲ့စည်းထားရှိပါသည်။ ထို့ပြင် အခြားသော အမျိုးဘာသာတူ လူအုပ်စုများ သို့မဟုတ် နိုင်ငံရေးပါတီများကို ကိုယ်စားပြုခြင်းအားဖြင့်လည်း ဖွဲ့စည်းထား ရှိပါသည်။ မီလီရှားသည် အစိုးရကို တိုက်ရိုက်သော်လည်းကောင်း သို့မဟုတ် တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်၍သော်လည်းကောင်း တာဝန်ထမ်းဆောင် အလုပ်လုပ်ပေးနိုင်ပါသည်။ အခြားသော မီလီရှားများ သို့မဟုတ် သောင်းကျန်းသူအုပ်စုများကို တိုက်ခိုက်ချေမှုန်းရန် လွတ်လပ်စွာ ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် ဥပဒေ ချိုးဖောက်သည့် ပြစ်မှုကျူးလွန်ခြင်းများကိုလည်း ဆောင်ရွက်လေ့ရှိခြင်း သို့မဟုတ် သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့ကို ထောက်ပံ့အားပေးခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ပါသည်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ လက်နက်ကိုင်စု ဖွဲ့ခြင်းအမျိုးအစားများကို အခြေခံအားဖြင့် ခွဲခြားရပါလျှင် နှစ်မျိုးနှစ်စား တွေ့ရှိရမည်ဖြစ်ပါသည်။
ပထမတစ်မျိုးမှာ တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားကြသူများက ဦးစီးဦးဆောင်ပြုလုပ်ကာ လက်နက်ကိုင် စုဖွဲ့ခြင်းများဖြစ်ပြီး ဒုတိယတစ်မျိုးမှာ တိုင်းပြည်နိုင်ငံတော်၏ အချုပ် အခြာအာဏာကို ရယူထားရှိသည့် အစိုးရနှင့် အစိုးရ၏လက်နက်ကိုင် အဖွဲ့အစည်းများအား ဆန့်ကျင် တိုက်ခိုက်လျက်ရှိကြသူများက ဦးဆောင်ဦးရွက်ပြုလုပ်ဖွဲ့စည်းသည့် လက်နက်ကိုင် စုဖွဲ့ခြင်းများ ဖြစ်ကြပါသည်။
တစ်ခါတစ်ရံ တစ်မျိုးနှင့် တစ်မျိုး ဘက်ပြောင်းတတ်သည့် လက်နက်ကိုင်အစုအဖွဲ့များလည်း တည်ရှိနေနိုင်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖော်ပြပါ လက်နက်ကိုင် အစုအဖွဲ့ များမှာ လွန်စွာများပြားလွန်းသည့်အတွက် အစုအဖွဲ့အားလုံး၏အကြောင်းကို အပြည့်အစုံ ရှင်းလင်းတင်ပြနိုင်ရန်မှာ လွန်စွာခက်ခဲမည် ဖြစ်ပါသည်။
ဒုတိယအနေဖြင့် လွတ်လပ်ရေးမရရှိမီအချိန်ကာလ လက်နက်ကိုင်စုဖွဲ့ခြင်းအခြေအနေ အကြောင်းအရာ အချို့ကို တင်ပြပါမည်။ ဗြိတိသျှ-အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးကို စတင်သိမ်းပိုက်အုပ်ချုပ်စဉ်ကာလ ဗြိတိသျှ-အင်္ဂလိပ်တို့၏ မြန်မာနိုင်ငံအတွက် လက်နက်ကိုင် အင်အား စုဆောင်းခြင်း သို့မဟုတ် လက်နက်ကိုင် စုဖွဲ့ခြင်းနှင့် ပတ်သက်သည့် “မူဝါဒ” ကို တင်ပြပါမည်။
“It was army policy not to recruit and train infantryman from the plains and delta because, it was argued, they were too expensive to maintain in comparison to Indian troops and less prepared to accept the methods of discipline and training of the Indian army.” (Reference: 1, pp – 100 – 101).
ဖော်ပြထားချက်အရ “တပ်မတော်ကြည်းတပ်၏ မူဝါဒအနေနှင့် ချမှတ်ထားရှိသည်မှာ မြန်မာနိုင်ငံရှိ မြေပြန့်နှင့် မြစ်ဝကျွန်းပေါ် ဒေသ တွင် နေထိုင်လျက်ရှိကြသည့် လူပုဂ္ဂိုလ်များအား ခြေလျင်တပ်သား အဖြစ် လေ့ကျင့်ပေးရန်နှင့် စစ်သား စုဆောင်းရန် တားမြစ်ထားရှိခြင်းပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အဓိက အကြောင်းရင်း အကြောင်းပြချက်များအနေဖြင့် အဆိုပါ လူပုဂ္ဂိုလ်များသည် အိန္ဒိယစစ်သားများနှင့် နှိုင်းယှဉ်ပါက ထိန်းသိမ်းရန် စရိတ်ကြီးမြင့်ခြင်းနှင့် အိန္ဒိယတပ်မတော်၏ လေ့ကျင့်ခန်းများ၊ စည်းကမ်းများနှင့် ပတ်သက်သည့် နည်းလမ်းများကို လက်ခံကျင့်သုံးရန် ပြင်ဆင်မှုနည်းပါးခြင်းတို့ကြောင့် ဖြစ်ပါသည်။”
အထက်တွင်ဖော်ပြခဲ့သည့် “မူဝါဒ” သဘောတရားများအရ ဗြိတိသျှ-အင်္ဂလိပ်တို့ မြန်မာနိုင်ငံတွင် ကိုလိုနီပြု အုပ်ချုပ်စဉ်ကာလက မြန်မာနိုင်ငံအတွက် လက်နက်ကိုင်စုဖွဲ့ခြင်းများအား အိန္ဒိယလူမျိုးများကို အဓိကဦးစားပေး စုဖွဲ့ခဲ့ကြ ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ တောင်ပေါ်ဒေသ (The Hill Area) တွင် နေထိုင်လျက်ရှိကြသူများကိုလည်း ပါဝင်စုဖွဲ့ခဲ့ကြပါသည်။
ဗြိတိသျှ-အင်္ဂလိပ်တို့ မြန်မာနိုင်ငံအား ကိုလိုနီပြုအုပ်ချုပ်လျက်ရှိစဉ် နိပွန် (ဂျပန်) တို့က မြန်မာနိုင်ငံအား တိုက်ခိုက်သိမ်းယူ အုပ်ချုပ်သည့် အခါတွင်မူ နိပွန် (ဂျပန်) တို့ သည် ဗမာလူငယ်များအားစစ်ပညာ များသင်ကြားပေးခြင်း၊ စစ်လက်နက်ကိရိယာများတပ်ဆင်ပေးခြင်း၊ စစ်ပညာသင်ကျောင်းများ ဖွင့်လှစ်ပေးသည့်အပြင် “ဗမာ့တပ်မတော်” ကြီးကိုလည်း ထူထောင်တည်ဆောက်ပေးခဲ့ပါသည်။
၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် “ဗမာ့လွတ်လပ်ရေး ကြေညာစာတန်း” နှင့် “မြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးစည်းမျဉ်းဥပဒေ” ကို ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါ လွတ်လပ်ရေးကြေညာစာတန်းနှင့် အုပ်ချုပ်ရေး စည်းမျဉ်းဥပဒေအရ မြန်မာနိုင်ငံအား “အာဏာရှင်စနစ်” နှင့် “စစ်အုပ်ချုပ်ရေးစနစ်” ကို ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ပါသည်။
နိပွန် (ဂျပန်) တို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးအပ်ပြီးလျှင် ပေးအပ်ခဲ့သည့် လွတ်လပ်ရေးနှင့် အုပ်ချုပ်ရေးစည်းမျဉ်းဥပဒေကို အခြေခံကာ “ဗမာနိုင်ငံရေးသမားကြီးများ” နှင့် “ဗမာစစ်ခေါင်းဆောင်များ” အား “အာဏာရှင်စနစ်” နှင့် “စစ်အုပ်ချုပ်ရေးစနစ်”များကို အချိန် နှစ်နှစ်ခန့် ကာလအတွင်း ၎င်းတို့၏ ဦးနှောက်ထဲတွင် သံမှိုနှင့် ရိုက်နှက်ထားသကဲ့သို့ စွဲမြဲနေစေရန် စာတွေ့၊ လက်တွေ့ သင်ကြားပေး လေ့ကျင့်ပေးစေခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် နိပွန် (ဂျပန်) တို့ပေးအပ်သည့် လွတ်လပ်ရေးကို တရားဝင် အသိအမှတ်ပြုလက်ခံခြင်း မရှိပါသော်လည်း ယနေ့အချိန် ကာလအထိပင် “အာဏာရှင်စနစ်” နှင့် “စစ်အုပ်ချုပ်ရေးစနစ်”များမှာ ရှင်သန်နေဆဲ၊ တည်ရှိနေဆဲ ဖြစ်ပါသည်။
ထို့ထက်ပိုမိုဆိုးရွားသည့် အခြေအနေတစ်ရပ်မှာ နိပွန် (ဂျပန်) တို့သည် ဗမာလူမျိုးတစ်မျိုးတည်းကိုသာ ဦးတည်လေ့ကျင့်ပေးခဲ့ခြင်းနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းပင် ဖြစ်ပါသည်။ ဖော်ပြပါအခြေအနေကို ဂျပန်ပါမောက္ခများ၏ ဝေဖန်သုံးသပ်ချက်အား တိုက်ရိုက် တင်ပြရပါလျှင် “မီနာမီအဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော မြန်မာနိုင်ငံရေး အင်အားမှာ ဒို့ဗမာအစည်းအရုံး တစ်ဖွဲ့တည်းသာ ဖြစ်သောကြောင့် မြန်မာပြည် နိုင်ငံရေးခေါင်းဆောင်အားလုံး၊ အဖွဲ့အားလုံးနှင့် ပူးပေါင်းလုပ်ကိုင်ရန် မျှော်လင့်ချက်ရှိသော ဂျပန်တပ်မတော်၏ အခြေခံသဘောထားနှင့် မီနာမီအဖွဲ့တို့မှာ ဖီလာဆန့်ကျင်နေသည်။ ထိခိုက်နှောင့်ယှက်ရာ ရောက်သည်ဟု မီနာမီအဖွဲ့ကို ဝေဖန်သူတချို့လည်းရှိသည်။ မီနာမီအဖွဲ့က လွတ်လပ်ရေးကို ရှေးရှု မျှော်မှန်းသော ဒို့ဗမာ အစည်းအရုံးနှင့် အစကတည်းက အဆက်အသွယ်ပြုသည်မှာ မှန်သည်။ တစ်ဖန် ရဲဘော်သုံးကျိပ်ဟု ဆိုရာ၌လည်း နှစ်ဦးမှလွဲ၍ ကျန် ၂၈ ဦးအားလုံး သည် ဒို့ဗမာအစည်းအရုံးဝင် သခင်များ ဖြစ်သည်မှာလည်း မှန်သည်။ သို့သော် ဒို့ဗမာအစည်းအရုံးမှတစ်ပါး အခြားသော နိုင်ငံရေးအဖွဲ့အစည်းများနှင့် အဆက်အသွယ်မပြုလိုဟူသော သဘောဆန္ဒကား မီနာမီအဖွဲ့တွင် မရှိခဲ့။ သို့ရာတွင် ဘီအိုင်အေတပ်ဖွဲ့ ရုပ်လုံးပေါ်လာသောအခါတွင် မြန်မာမဟုတ်သော တိုင်းရင်းသားလူမျိုးများ မပါဝင်သောတပ်ဖွဲ့ (၀ါ) မြန်မာလူမျိုးများချည်း ဖွဲ့စည်းသောတပ်ဖွဲ့ဖြစ်သွားခဲ့သည်။ ထိုမျှမက ဒို့ဗမာအစည်းအရုံးဝင်သခင်များက တပ်ဖွဲ့ခေါင်းဆောင်များ ဖြစ်လာကြသည်။” (Reference: 2, pp – 81-82).
၁၉၄၅ ခုနှစ်တွင် နိပွန် (ဂျပန်) တို့ စစ်ရှုံးကာ မြန်မာနိုင်ငံအား ဗြိတိ သျှ-အင်္ဂလိပ်တို့က ပြန်လည်အုပ်ချုပ်ခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် “ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ” ကို ရေးဆွဲပြဋ္ဌာန်းခဲ့ကြပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေအရ မြန်မာနိုင်ငံကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်ရေး ပေးအပ်ခဲ့ပါသည်။ ဗြိတိသျှ-အင်္ဂလိပ်တို့သည် အဆိုပါ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လွတ်လပ်ရေးကို ပေးအပ်ခဲ့ပါသော်လည်း လက်တွေ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို နိပွန် (ဂျပန်) တို့၏ “အာဏာရှင်စနစ်” နှင့် “စစ်အုပ်ချုပ်ရေးစနစ်” များကို သင်ကြားပေးသကဲ့သို့ မြန်မာနိုင်ငံရှိလူပုဂ္ဂိုလ်ကြီးများအား ထဲထဲဝင်ဝင် သင်ကြားပေးခြင်း မရှိခဲ့ပါ။
အကျိုးဆက်အဖြစ် မြန်မာ နိုင်ငံတွင် “အာဏာရှင်စနစ်”နှင့် “စစ်အုပ်ချုပ်ရေးစနစ်” များက အချိန်ကာလ ကြာမြင့်စွာ ကျင့်သုံး လျက်ရှိနေသည်ကို တွေ့မြင်ရကာ အမြစ်တွယ်လျက်ရှိနေပြီး ပြည်သူပြည်သား၊ နိုင်ငံသားအပေါင်းတို့၏ သဘောဆန္ဒအရ ရွေးကောက်တင် မြှောက်ခြင်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့သည့် ကာလမှာ လွန်စွာတိုတောင်းလျက် ရွေးကောက်တင်မြှောက်ခြင်းကို အခြေခံသည့် လက်တွေ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များမှာ အမြစ်တွယ်ရန် ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိနေသည်ကို တွေ့မြင်ရလျက်ရှိနေပါသည်။
တတိယအနေနှင့် လွတ်လပ်ရေး ရရှိပြီးချိန်နောက်ပိုင်း လက်နက်ကိုင်စုဖွဲ့ခြင်းများကို ရှင်းလင်းတင်ပြပါမည်။ လွတ်လပ်ရေး ရရှိပြီးချိန်ကာလမှသည် ၂၀၂၀ ပြည့်နှစ် အချိန်ကာလအထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် တည်ရှိ ဖြစ်ပေါ်စေလျက်ရှိသည့် တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားကြသူများက ဦးစီးဦးဆောင်ပြုလုပ်ကာ စုဖွဲ့ထားရှိသော လက်နက်ကိုင်အစုအဖွဲ့အချို့နှင့် တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားရှိသည့် အစိုးရနှင့် အစိုးရ၏လက်နက်ကိုင်အဖွဲ့အစည်းများအား ဆန့်ကျင်တိုက်ခိုက်လျက်ရှိကြသော လက်နက်ကိုင်အစုအဖွဲ့အချို့တို့ကို ပုံတွင်ဖော်ပြထားပါသည်။
ယနေ့အချိန် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း တည်ရှိဖြစ်ပေါ်စေလျက်ရှိသည့် အခြေအနေများကိုမူ သတင်းအချက်အလက် အပြည့်အစုံ ရရှိနိုင်သူများက ဘက်လိုက်ခြင်း ယိမ်းယိုင်ခြင်း မရှိစေဘဲ တိုင်းပြည်အကျိုး၊ နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သားနိုင်ငံသားများ၏အကျိုးကို ရှေးရှုကာ ရေးသားတင်ပြပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။
ပထမတစ်မျိုးဖြစ်သည့် တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားကြသူများက ဦးစီးဦးဆောင်ပြုလုပ်ကာ လက်နက်ကိုင် စုဖွဲ့ခြင်းအခြေအနေများကို အကျဉ်းအားဖြင့် ရှင်းလင်းတင်ပြပါမည်။ စာရေးသူလေ့လာ တွေ့ရှိရသည့် လက်နက်ကိုင်အစုအဖွဲ့များ၏ အမည်များကို တင်ပြရပါလျှင် (၁) သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့များ၊ (၂) နယ်ခြားစောင့်တပ်များ၊ (၃) ကာကွယ်ရေးတပ်များ၊ (၄) အစိုးရ၏ လူထုလက်နက်ကိုင်တပ်များ၊ (၅) ခါးပိုက် ဆောင် (အိတ်ဆောင်) တပ်ဖွဲ့များ၊ (၆) ပျူ (ပြူ) စောထီးများ၊ (၇) ပြည် သူ့စစ်များ၊ (၈) အသွင်ပြောင်း ပြည်သူ့စစ်များ၊ (၉) စစ်ရဲတပ်ဖွဲ့များစသည်တို့ ဖြစ်ကြသည်။ (Reference: 4) ကိုအခြေခံပြီး တင်ပြခြင်း ဖြစ်ပါသည်။
ဒုတိယတစ်မျိုးဖြစ်သည့် တိုင်း ပြည်နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ရယူထားရှိသည့် အစိုးရ နှင့် အစိုးရ၏ လက်နက်ကိုင်အဖွဲ့ အစည်းများအား ဆန့်ကျင်တိုက် ခိုက်လျက်ရှိကြသူများ၊ ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူချက် ရရှိထားကြသူများက ဦးဆောင်ဦးရွက် ပြုလုပ်ဖွဲ့စည်းသည့် လက်နက်ကိုင်စုဖွဲ့ခြင်းများအနက် တိုင်းရင်းသားများကို အခြေခံဖွဲ့စည်းထားရှိသည့် လက်နက်ကိုင် စုဖွဲ့ခြင်းများကို အကျဉ်းအားဖြင့် ရှင်းလင်းတင်ပြရပါလျှင် “There are over twenty independent EAOs in Myanmar, and they vary widely in terms of size and influence. The five largest groups are thought to have over 5,000 armed combatants each, while smaller groups can call on a few hundred combatants. Some EAOs run their own civil administrations that offer health, education, and other public services in their areas of influence.” (Reference: 3, pp – 11).
ဖော်ပြထားချက်အရ “မြန်မာနိုင်ငံတွင် လွတ်လပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့် အဖွဲ့အစည်းပေါင်း ၂၀ ကျော် တည်ရှိနေပါသည်။ ၎င်းတို့သည် အဖွဲ့အစည်း၏ အရွယ်အ စားအနေဖြင့်သော်လည်းကောင်း၊ အရှိန်အဝါ သြဇာတိက္ကမ လွှမ်းမိုး နိုင်မှုအခြေအနေဖြင့်သော်လည်း ကောင်း ကွဲပြားခြားနားမှုမှာ လွန်စွာကျယ်ပြန့်လျက် ရှိနေပါသည်။ အကြီးဆုံး လက်နက်ကိုင်အဖွဲ့အစည်း ငါးဖွဲ့အနေဖြင့် လက်နက်ကိုင် တိုက်ပွဲဝင် စစ်သည်အင်အား ငါးထောင်ကျော်ခန့်စီ တည်ရှိနိုင်သည်ဟု ယူဆရပြီး လက်နက်ကိုင်တိုက်ပွဲဝင်စစ်သည်အင်အား ရာဂဏန်း အနည်းငယ်မျှသာ ရှိသော လက်နက်ကိုင် အဖွဲ့အစည်းများကိုမူ သေးငယ်သောလက်နက်ကိုင်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ခေါ်ဆိုနိုင်ပါသည်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ၎င်းတို့ကိုယ်ပိုင် အရပ်သား အများပြည်သူနှင့်သက်ဆိုင်သော အထွေထွေအုပ်ချုပ်ရေးစနစ်များ ပြဋ္ဌာန်းအုပ်ချုပ်လျက်ရှိပြီး ၎င်းတို့အုပ်ချုပ်လျက်ရှိသည့် နယ်မြေဒေသများတွင် ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော ပြည်သူလူထုဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပါသည်။”
နောက်ဆုံးအနေနှင့် စာဖတ်သူများအား တင်ပြလိုသည်မှာ လက်နက်ကိုင် စုဖွဲ့ခြင်းများကို ရေးသားတင်ပြသည့် နည်းတူ လက်နက်ကိုင်စုဖွဲ့ခြင်းများအား စွန့်လွှတ်ခြင်းကို တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်ဆောင်ရွက်ခြင်းများ ဖြစ်ထွန်းပေါ် ပေါက်လာစေနိုင်မည့် ပတ်ဝန်းကျင်၊ သဘောတရားများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အဆင်ပြေသင့်တော်သည့် အချိန်တွင် ဆောင်းပါး တစ်ပုဒ်အဖြစ် ရေးသားတင်ပြသွားမည် ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် အစိုးရ သို့မဟုတ် အစိုးရ၏ လက်နက်ကိုင် အစုအဖွဲ့ ကိုယ်တိုင်ကပင်လျှင် လက်နက်ကိုင်စုဖွဲ့ခြင်းများအတွက် အမျိုးအစားပေါင်း မြောက်မြားစွာ အစုအဖွဲ့ပေါင်း မြောက်မြားစွာကို ဦးဆောင်ဦးရွက်ပြုလုပ် စုဖွဲ့ ဆောင်ရွက်လျက်ရှိနေပြီး အစိုးရ သို့မဟုတ် အစိုးရ၏လက်နက်ကိုင် အစုအဖွဲ့များကို ဆန့်ကျင်တိုက်ခိုက်လျက်သည့် လက်နက်ကိုင် အစုအဖွဲ့တို့ သည်လည်း အစိုးရ သို့မဟုတ် အစိုးရ၏ လက်နက်ကိုင်အစုအဖွဲ့များနည်းတူ စုဖွဲ့ဆောင်ရွက်လျက်ရှိကြရာ လက်နက်ကိုင် စုဖွဲ့ခြင်းများမှာ မိုးမဆုံး မြေမဆုံး သို့မဟုတ် မိုးမ ဆုံး မီးမဆုံး အခြေအနေသို့ ရောက်ရှိစေလျက်ရှိနေသည်ကို ထဲထဲဝင်ဝင် စနစ်တကျ သိမြင်နားလည်နိုင်ကြစေရန် ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ဖော်ပြပါ အခြေအနေဆိုးများမှ လွတ်မြောက်နိုင်စေမည့်နည်းလမ်းများကို အလျင်အမြန် ရှာဖွေတွေ့ရှိပြီး လွတ်မြောက်နိုင်စေရေးအတွက် ချက်ချင်းလက်ငင်း စတင်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။
References:
1. Robert H. Taylor (2009), “The State in Myanmar”, National University of Singapore (NUS) Press. ၂. မစ္စတာ အိုးတတက်ဆူနေဇို ဂျပန်ဘာသာဖြင့် ရေးသား၍ မစ္စ တာ အိုးနိုတိုးရု မြန်မာပြန်သော “ဂျပန် စစ်အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံ}} (၁၉၇၅)၊ ပုဂံစာအုပ်အမှတ် ၂၄၇။
3. Adam Burke, Nicola Williams, Patrick Barron, Kim Jolliffe and Thomas Carr (2017), “The Contested Areas of Myanmar: Subnational Conflict, Aid, and Development”, The Asia Foundation, October 2017.
4. John Buchanan (2016), “Militias in Myanmar”, The Asia Foundation, July 2016.
၅. ရဲဘော်သစ်မောင် (၁၉၉၁)၊ “ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း - ၅ (၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ)၊ ၁၉၉၁ ခုနှစ်၊ ဧပြီလ။