စာရေးသူတို့ ငယ်ရွယ်စဉ် တော်လှန်ရေးကောင်စီခေတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်ကာလတွင် “စည်းလုံးခြင်းသည် အင်အား”၊ “ညီညွတ်ခြင်းသည် ခွန်အား”၊ “စည်းလုံးညီညာ အောင်ကြောင်းဖြာ” ဆိုသည့် ကြွေးကြော်သံလိုလို၊ ဆောင်ပုဒ်လိုလို၊ အဆိုအမိန့်လိုလို၊ ဆိုရိုးလိုလို၊ စကားပုံလိုလို စာသားများကို ကြော်ငြာများ၊ စာအုပ် စာစောင်များတွင် မကြာခဏ တွေ့မြင်ရလေ့ရှိပါသည်။ သို့သော်လည်း “မြန်မာစကားပုံ” စာအုပ်တွင်သော်လည်းကောင်း၊ “မြန်မာဆိုရိုး” စာအုပ်တွင်သော်လည်းကောင်း ဖော်ပြပါ စာသားများကို တွေ့မြင်ရခြင်း မရှိပါ။
စာရေးသူအနေဖြင့် ထိုစဉ်အချိန်အခါကတည်းကပင် စည်းလုံးညီညွတ်ခြင်းနှင့် ပတ်သက်သည့် အဓိပ္ပာယ်များ၊ သဘောတရားများကို သိမြင်နားလည်လိုစိတ်ဖြစ်ပေါ်ခဲ့ပါသည်။ စည်းလုံးညီညွတ်ခြင်းဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ရှိပြီး မည်ကဲ့သို့သော သဘောတရားများအပေါ် အခြေခံထားရှိပါသလဲဆိုသည့် မေးခွန်း ဖြစ်ပေါ်လာစေပါသည်။ ဖော်ပြပါမေးခွန်း၏ အဖြေများကို ယခုဆောင်းပါးနှင့် တတ်နိုင်သမျှ ကြိုးစားပြီး လေ့လာရှင်းလင်းတင်ပြမည် ဖြစ်ပါသည်။
တော်လှန်ရေးကောင်စီခေတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ခေတ်အချိန်ကာလက စာရေးသူ တွေ့မြင်ခဲ့ရသည့် စည်းလုံးညီညွတ်မှုသဘောတရားဆိုသည်မှာ အာဏာလက်ဝယ်ရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူ၊ ရာထူးလက်ဝယ်ရှိသူများက ၎င်းတို့ ၏ သဘောဆန္ဒအတိုင်း၊ အမိန့်ပေး စေခိုင်းသည့်အတိုင်း လက်အောက်ငယ်သားများ၊ ပြည်သူပြည်သား နိုင်ငံသားများအနေနှင့် မဖြစ်မနေ မလွဲမသွေလိုက်ပါလုပ်ဆောင်ခြင်းသည် စည်းလုံးညီညွတ်သည်ဆိုသည့် သဘောတရား အဓိပ္ပာယ်အဖြစ် သိရှိနားလည်ခဲ့ရပါသည်။
ထို့ကြောင့် စည်းလုံးညီညွတ်မှုမရှိခြင်း၏ သဘောတရားမှာ အာဏာလက်ဝယ်ရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူ၊ ရာထူးလက်ဝယ်ရှိသူများက ၎င်းတို့၏ သဘောဆန္ဒအတိုင်း၊ အမိန့်ပေးစေခိုင်းသည့်အတိုင်း လက်အောက်ငယ်သားများ၊ ပြည်သူပြည်သား နိုင်ငံသားများအနေနှင့် လိုက်ပါလုပ်ဆောင်နိုင်ခြင်းမရှိပါက စည်းလုံးညီညွတ်ခြင်းမရှိဆိုသည့် သဘောတရားအဓိပ္ပာယ်အဖြစ် သိမြင်တွေ့ရှိခဲ့ရပါသည်။
အကျိုးဆက်အဖြစ် အာဏာလက်ဝယ်ရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူ၊ ရာထူးလက်ဝယ်ရှိသူများသည် ၎င်းတို့၏ သဘောဆန္ဒအတိုင်း၊ အမိန့် ပေးစေခိုင်းသည့်အတိုင်း မဖြစ်မနေ မလွဲမသွေ လိုက်ပါလုပ်ဆောင်နိုင်ခြင်းမရှိသည့် လက်အောက်ငယ်သားများ၊ ပြည်သူပြည်သားနိုင်ငံသားများအား နည်းအမျိုးမျိုးကို အသုံးပြုကာ ညှဉ်းပန်းနှိပ်စက်သည့် လုပ်ငန်းများကို လုပ်ဆောင်ရန် ကြိုးစားအားထုတ်လေ့ရှိကြပါသည်။
ဥပမာအားဖြင့် စာရေးသူငယ်ရွယ်စဉ် နေထိုင်ခဲ့ရသည့် မုဆိုးချုံ ရွာမကျေးရွာတစ်ရွာတည်းတွင်ပင် အာဏာလက်ဝယ်ရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူ၊ ရာထူးလက်ဝယ်ရှိသူများက စပါးရောင်းချရန် အရေအတွက် သတ်မှတ်ပေးထားပြီး ရောင်းချပေးရမည့် တာဝန်ကျစပါး သို့မဟုတ် တာဝန်ကျေစပါးကို လယ်မကောင်း၍ စပါးမထွက်သဖြင့် အရေအတွက် ပြည့်မီစေရန် မရောင်းချနိုင်သဖြင့်သော်လည်းကောင်း၊ တာဝန်ကျစပါး အရေအတွက်ကို သတ်မှတ်ဝယ်ယူရာတွင် တရားမျှတမှု မရှိသဖြင့် ဆန့်ကျင်ပြောဆိုသည့်အတွက်သော်လည်းကောင်း ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ချခြင်းကိုခံရပြီး ဖမ်းဆီးချုပ်နှောင်ထားရှိစဉ်၊ ထောင်ချထားရှိခံရစဉ် အသက်ဆုံးရှုံးခဲ့ရသူ တောင်သူလယ်သမားကြီးနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သည့်နှစ် မတူညီသော်လည်း ဖမ်းဆီးခေါ်ဆောင်သွားစဉ်က အခြေအနေကို စာရေးသူ၏ မျက်စိနှင့်ပင် တွေ့မြင်ခဲ့ရပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆိုပါလျှင် ဖော်ပြပါကဲ့သို့ နှစ်စဉ်နှစ်တိုင်း တာဝန်ကျစပါး မရောင်းချနိုင်သည့်အတွက် မထင်မရှား အသက်ဆုံးရှုံးခဲ့ရသည့် တောင်သူလယ်သမားကြီးအရေအတွက် မည်မျှရှိခဲ့မည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။
ထို့ပြင် မြန်မာနိုင်ငံအနေနှင့် လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၅ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသော်လည်း ယနေ့အချိန်အထိ လက်နက်ကိုင် ပဋိပက္ခများကို လက်တွေ့အားဖြင့် ကြုံတွေ့နေရသည်များမှာ အထက်တွင် ဖော်ပြခဲ့သည့် စည်းလုံးညီညွတ်မှုသဘောတရားနှင့် အဓိပ္ပာယ်များကြောင့်ဖြစ်နိုင်သည်ကို တာဝန်ရှိသူများနှင့် ပြည်သူ ပြည်သား နိုင်ငံသားများအနေနှင့် သတိပြု လေ့လာဆန်းစစ် ကြည့်ကြစေလိုပါသည်။
နိုင်ငံတကာက လက်ခံအသုံးပြုလျက်ရှိသည့် စည်းလုံးညီညွတ်မှု (Solidarity) ၏ သဘောတရားနှင့် အဓိပ္ပာယ်များသည် အထက်တွင် ဖော်ပြခဲ့သည့် သဘောတရားများ၊ အဓိပ္ပာယ်များနှင့် တူညီပါသလား၊ ကွဲပြားခြားနားလျက်ရှိပါသလားဆိုသည့် မေးခွန်းများ၏ အဖြေများကို နိုင်ငံတကာက ထုတ်ဝေထားရှိသည့် စာအုပ်စာပေစာစောင်များထဲမှ စာရေးသူ လက်လှမ်းမီရရှိနိုင်စေမည့် သတင်းအချက်အလက်များကို အခြေခံကာ ဖြေကြားရှင်းလင်းတင်ပြမည် ဖြစ်ပါသည်။
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် အာဏာလက်ဝယ်ရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူ၊ ရာထူးလက်ဝယ်ရှိသူ လူပုဂ္ဂိုလ်ကြီးများနှင့် အဖွဲ့အစည်းများက လက်ခံကျင့်သုံး အကောင်အထည်ဖော်လျက်ရှိသည့် စည်းလုံးညီညွတ်မှု သဘောတရားများနှင့် အဓိပ္ပာယ်များသည် တိုင်းပြည် နိုင်ငံတော်ကြီးနှင့်တကွ တိုင်းပြည်နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားနိုင်ငံသားများအား ဒုက္ခမျိုးစုံ၊ အခက်အခဲမျိုးစုံ ဖြစ်ထွန်း ပေါ်ပေါက်စေလျက်ရှိသည့် အခြေအနေများအား သိမြင်နားလည်နိုင်ကြစေရန်နှင့် စည်းလုံးညီညွတ်မှု၏ မူရင်းသဘောတရားများနှင့် အဓိပ္ပာယ်များကို သေချာစွာ နားလည် သဘောပေါက်ပြီးလျှင် အထက်ဖော်ပြပါ အခြေအနေဆိုးများမှ ကျော်လွှားလွတ်မြောက ်နိုင်စေရေးကို ရည်ရွယ်ပါသည်။
ပထမဦးစွာ တော်လှန်ရေးကောင်စီခေတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်အချိန်ကာလမှ စတင်ကာ ယနေ့အချိန်အထိတိုင် အဘယ့်ကြောင့် အထက်ပါ စည်းလုံးညီညွတ်မှုသဘောတရားနှင့် အဓိပ္ပာယ်များကို အသုံးပြုရသည်ဆိုသည့် အကြောင်းပြချက်များကို စာရေးသူ၏အမြင်ဖြင့် ရှင်းလင်းတင်ပြ ပါမည်။ စာရေးသူတို့ မမွေးဖွားမီအချိန် တော်လှန်ရေးကောင်စီခေတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ် မတိုင်မီအချိန်က တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ဦးဆောင်ဦးရွက်ပြုလုပ်မည့် လူပုဂ္ဂိုလ်ကြီးများသည် “အိမ်စောင့်အစိုးရ” သို့မဟုတ် “ဗိုလ်ချုပ်ကြီးအစိုးရ” သို့မဟုတ် “တပ်မတော် အစိုးရ” အဖြစ် ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြသဖြင့် တော်လှန်ရေးကောင်စီခေတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်သည်လည်း စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများက တိုင်းပြည်နိုင်ငံ၏ အချုပ်အခြာအာဏာကို ရယူထားရှိသည့် အချိန်ကာလများ ဖြစ်ကြပါသည်။
ထို့ကြောင့် တော်လှန်ရေးကောင်စီခေတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်တို့သည် အာဏာရှင်ကြီးများနှင့် စစ်ခေါင်းဆောင်ကြီးများ ကြီးစိုးလွှမ်းမိုးသည့် ခေတ် ဖြစ်သည့်အားလျော်စွာ ၎င်းတို့ အာဏာတည်မြဲစေရေးနှင့် အာဏာလက်လွှတ်ဆုံးရှုံးခြင်း မရှိစေရေးတို့အတွက် နည်းလမ်းပေါင်းစုံကို အသုံးပြုလျက်ရှိကြသည်မှာ စည်းလုံးညီညွတ်မှု၏ အဓိပ္ပာယ်နှင့်သဘောတရားများလည်း ပါဝင်ပါသည်။ အဘယ့်ကြောင့် ၎င်းတို့၏ စည်းလုံးညီညွတ်မှု သဘောတရားနှင့် အဓိပ္ပာယ်များကို အသုံးပြုရသည်ဆိုသည့် အကြောင်းပြချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရန် ပုံတွင် ဖော်ပြထားပါသည်။
ပထမအကြောင်းပြချက်မှာ မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် လူမျိုးကြီးရှစ်မျိုးမှ လူမျိုးစုငယ် ၁၃၅ မျိုးကွဲပြားလျက်ရှိနေသည်ဆိုသည့် အကြောင်းပြချက်ပင် ဖြစ်ပါသည်။ စာရေးသူအနေဖြင့် တိုင်းရင်းသားများ၊ လူမျိုးများ၊ လူမျိုးစုငယ်များ စသည်ဖြင့် တိုင်းရင်းသား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ အမြောက်အမြား အတူတကွ နေထိုင်လျက် တည်ရှိနေခြင်းသည် အရောင်အသွေးစုံလင်စွာနှင့် လှပချစ်စရာ ကောင်းသည့်အပြင် လွန်စွာကောင်းမွန်သည့် အခြေအနေ ဖြစ်သည်ဟု ခံယူယုံကြည်ထင်မြင်ပါသည်။
သို့သော်လည်း အင်အားကို အခြေပြုလိုသည့် အာဏာရှင်ကြီးများ၊ စစ်ခေါင်းဆောင်ကြီးများသည် တိုင်းရင်းသားများအားလုံး၊ လူမျိုးများအားလုံး၊ လူမျိုးစုများအားလုံးတို့အနေနှင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် အခွင့်အရေး တန်းတူညီမျှ ရရှိနိုင်စေမည့် ပလက်ဖောင်း ဖြစ်သည့် “နိုင်ငံသား” ဖြစ်မှုကို စနစ်တကျ တည်ဆောက်ခြင်း မပြုကြဘဲ လျစ်လျူရှုကာ ကွဲပြားလျက်ရှိသည့် အခြေအနေကို “ကွဲသထက်ကွဲစေရန် ခွဲခြားသည့် နည်းလမ်းများ” ကိုသာ အသုံးပြုလျက် အင်အားအသုံးပြု အုပ်ချုပ်သည့် နည်းလမ်းများကိုသာ ရွေးချယ်အသုံးပြုခဲ့ကြပါသည်။
ဒုတိယအကြောင်းပြချက်မှာ ဘာသာရေးနှင့် ယုံကြည်ကိုးကွယ်မှု မတူကွဲပြား ခြားနားလျက်ရှိပါသည်ဆိုသည့် အကြောင်းပြချက်ဖြစ်ပါသည်။ စာရေးသူအနေနှင့် ဘာသာပေါင်းစုံ၊ ယုံကြည်ကိုးကွယ်မှုမျိုးစုံ တည်ရှိနေခြင်းမှာ အလွန် ကောင်းမွန်သည့် အခြေအနေဖြစ်သည်ဟု ခံယူယုံကြည်ထင်မြင်ပါသည်။ အဓိကလိုအပ်ချက်မှာ မည်သည့်ဘာသာကို ကိုးကွယ်ယုံကြည်သည်ဖြစ်စေ ပြည်သူပြည်သားနိုင်ငံသား အားလုံးတို့အနေနှင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် အခွင့်အရေး တန်းတူညီမျှ ရရှိနိုင်စေမည့် ပလက်ဖောင်းဖြစ်သည့် လောကီရေးရာ သီအိုရီ (Secular Theory) သို့မဟုတ် လောကီသီးသန့်ဝါဒ (Secularism) နှင့် သဘောတရားများကို နားလည်လက်ခံကျင့်သုံးလာစေရန် ဖြစ်ပါသည်။ စာရေးသူတို့ တိုင်းပြည်၊ စာရေးသူတို့နိုင်ငံရှိ အချုပ်အခြာအာဏာကို ရယူခဲ့ကြသူများသည် စိတ်ဝင်စားခြင်းမရှိကြဘဲ ဘာသာနှင့် ယုံကြည်ကိုးကွယ်မှုကို ၎င်းတို့အာဏာတည်မြဲစေရေးနှင့် အာဏာလက်လွှတ်ဆုံးရှုံးခြင်း မရှိစေရေးတို့အတွက်သာ အသုံးပြုခဲ့ကြပါသည်။
တတိယအကြောင်းပြချက်မှာ နိုင်ငံရေးအယူဝါဒများ ကွဲပြားခြားနားချက်များကြောင့် ဖြစ်သည်ဆိုသည့် အကြောင်းပြချက်ဖြစ်ပါသည်။ ဖော်ပြပါ အကြောင်းပြချက်ကို ပြည်သူပြည်သား နိုင်ငံသားအားလုံးတို့အနေနှင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် အခွင့်အရေး တန်းတူညီမျှ ရရှိနိုင်စေမည့် ပလက်ဖောင်းဖြစ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကျော်လွှားလွန်မြောက်စေနိုင်ပါသည်။
သို့သော်လည်း စာရေးသူ၏ အမြင်သက်သက်ဖြင့် တင်ပြရပါလျှင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းသဘောတရားများကို ပလက်ဖောင်းအဖြစ် အခြေခံခြင်းမပြုဘဲ ပုဒ်မ ၆၊ ပုဒ်မခွဲ (င) တွင် သီးသန့် ဖော်ပြထားခြင်းသာဖြစ်ပါသဖြင့် နိုင်ငံရေးအယူဝါဒများ ကွဲပြားခြားနားချက်များကို ကျော်လွှားလွန်မြောက်ရန် မဖြစ်နိုင်ပါ။
စတုတ္ထအကြောင်းပြချက်မှာ ပြည်သူပြည်သားနိုင်ငံသားများအား ခြိမ်းခြောက်ခြင်းနည်းလမ်းဖြစ်ပါသည်။ ၎င်းမှာ ထင်းစည်းချိုးသည့် ဥပမာဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ထင်းတစ်ချောင်းချင်းဆိုပါလျှင် အလွယ်တကူ ချိုးခြင်းကို ခံရနိုင်စေပြီး ထင်းအစည်းလိုက်ဆိုပါက ချိုးရန်မလွယ်ကူကြောင်း အသိပေးခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ တစ်ဦးတည်း၊ တစ်ယောက်တည်း နေထိုင်ခြင်းမပြုဘဲ စုပေါင်းနေထိုင် ရန် တိုက်တွန်းခြင်းဖြစ်ပါသည်။ အသေးစိတ် ရှင်းလင်းတင်ပြရမည်ဆိုပါလျှင် တစ်ဦးချင်း တစ်ယောက်ချင်း မိမိဆန္ဒသဘောဖြင့် နေထိုင်ခြင်းမပြုဘဲ အာဏာရှင်ကြီးများ၊ စစ်ခေါင်းဆောင်ကြီးများ၏အလိုကျ စုပေါင်းနေထိုင်ကြရန် ဖြစ်ပါသည်။
ဒုတိယအနေဖြင့် စည်းလုံးညီညွတ်မှု (Solidarity) သဘောတရားနှင့် အဓိပ္ပာယ်များကို (Reference: 1) တွင် ရေးသားတင်ပြထားသည်များအား အခြေခံကာ ရှင်းလင်းတင်ပြပါမည်။ စည်းလုံးညီညွတ်မှု သဘောတရားများနှင့် အဓိပ္ပာယ်များသည် လွန်စွာကျယ်ပြန့်လျက်ရှိသည့်အပြင် အတိအကျ ဖော်ထုတ်တင်ပြရန် ခက်ခဲသည့်အတွက် စာရေးသူအနေနှင့် စာဖတ်သူများ သိသင့်သိထိုက်သည်ဟု ထင်မြင်သည့် သတင်းအချက်အလက်များကိုသာ ထုတ်နုတ်တင်ပြပါမည်။ စာဖတ်သူများ လွယ်ကူရှင်းလင်းစေရန်အလို့ငှာ မြန်မာဘာသာဖြင့် ဘာသာပြန်ဆိုထားသည်များကို ဦးစွာတင်ပြပြီး အသေးစိတ်မူရင်းကို လေ့လာလိုသူများအတွက် အင်္ဂလိပ်ဘာသာနှင့် ရေးသားတင်ပြထားသည်များကို တွဲလျက် ဖော်ပြပေးပါမည်။
စည်းလုံးညီညွတ်မှုတွင် လက်တွေ့ သရုပ်ဖော်ခြင်း သဘောတရားနှင့် စံချိန်စံနှုန်း စည်းမျဉ်းသတ်မှတ် ပြုလုပ်ခြင်း သဘောတရား နှစ်ရပ် (နှစ်မျိုး) စလုံးပါဝင်ပါသည်။ (As a concept, solidarity is both descriptive and normative).
ယနေ့အချိန် စည်းလုံးညီညွတ်မှုဆိုသည်မှာ ၎င်း၏ကွဲပြားခြားနားသော သရုပ်ဖော်ခြင်းမှ ရရှိသည့် သဘောတရား၊ အသိအမြင် ဉာဏ်ပညာတို့ဖြင့် အခြားသော လူပုဂ္ဂိုလ်များအား ဆက်သွယ်သည့် အမျိုးအစားတစ်မျိုးကို ရည်ညွှန်းပါသည်။ အခြားသောလူပုဂ္ဂိုလ်များ၏ အစုအဖွဲ့သည် ငယ်သည်ဖြစ်စေ သို့မဟုတ် ကြီးသည်ဖြစ်စေ အားလုံး အကျုံးဝင်ပါသည်။ (Solidarity in its different descriptive senses refers today to a kind of connection to other people, to other members of a group, large or small.) (Reference: 1).
စည်းလုံးညီညွတ်မှုသည် လူအစုအဖွဲ့များ သို့မဟုတ် လူမှုအဖွဲ့အစည်းများအတွင်း ပုံမှန်လူတန်းစားနှင့် လူမှုစံချိန်စံနှုန်းများအရ ပေါင်းစည်းခြင်းကို ရှင်းလင်းတင်ပြရန်နှင့် ထုတ်ဖော်တင်ပြရန်အတွက် အသုံးပြုနိုင်ပါသည်။ ၎င်းတွင် ပရမ်းပတာဖြစ်ခြင်းနှင့် သဘောထားကွဲလွဲမှု၊ အငြင်းပွားမှု၊ ၀ိရောဓိ၊ ပဋိပက္ခများကို ဆန့်ကျင်တိုက်ဖျက်ရန်အတွက်သော်လည်းကောင်း၊ ကိုယ်ကျိုးစီးပွားကို အဆမတန်ရယူခြင်းနှင့် အကျပ်ကိုင်ခြင်းများကို အခြေခံသည့် အမိန့်ပေးစေခိုင်းမှုများကို ဆန့်ကျင်တိုက်ဖျက်ရန်အတွက် သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။
“Solidarity” may be used to describe and explain the normal order and normative social integration in societies or communities, as opposed to chaos and conflict, and as opposed to order based on coercion or maximization of self-interest.) (Reference: 1).
လူမှုဒဿနိကဗေဒပညာရှင် လာရီမေက အောက်ဖော်ပြပါ စည်းလုံးညီညွတ်မှုတွင် ပါဝင်သည့် အချက်ငါးချက်ကို ထုတ်ဖော်တင်ပြခဲ့ပါသည်။ ၎င်းတို့မှာ (social philosopher Larry May’s (1996, 44) list. He has proposed that solidarity consists of five elements:) (Reference: 1).
(၁) အဖွဲ့အုပ်စုအတွင်း သတိပြုရ မည့် ကိုယ်စားပြု ပါဝင်ပတ်သက်ခြင်းများ (conscious identification with the group)
(၂) အနှောင်အဖွဲ့ချုပ်နှောင်ထားရှိသည့် ရပ်တည်ချက်၊ သဘောထား၊ ခံယူချက်များ (bonds of sentiment)
(၃) အဖွဲ့အုပ်စုကောင်းစားရေအတွက် အများနှင့်သက်ဆိုင်သော အကျိုးစီးပွားများ (common interests in the group’s well-being)
(၄) တန်ဖိုးများနှင့် ယုံကြည်ချက်များကို ဝေမျှခြင်း (shared values and beliefs)
(၅) စိတ်ဓာတ်ရေးရာ အားပေးမှုကို ပြသရန် လိုလားခြင်း သို့မဟုတ် အဆင်သင့်ရှိခြင်း သို့မဟုတ် အသင့် ရှိမှု (readiness to show moral support)
စံချိန် စံနှုန်း စည်းမျဉ်းသတ် မှတ်ပြုလုပ်ခြင်း သဘောတရားအရ စည်းလုံးညီညွတ်ခြင်းသည် သဘော တရား အနက်အဓိပ္ပာယ်အားဖြင့် ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်သကဲ့သို့ ပိုမိုကျဉ်းမြောင်းသော အနက်အဓိပ္ပာယ်အဖြစ်လည်း အသုံးပြုနိုင်ပါသည်။ (As a normative concept the concept of solidarity has been used in broader and narrower senses.) စည်းလုံးညီညွတ် ခြင်းသည် မိတ်ဆွေခင်မင်ရင်းနှီး မှုများနှင့်လည်း ဆက်သွယ်လျက်ရှိသကဲ့သို့ နိုင်ငံတော်နှင့်သက်ဆိုင်သည့် “ညီအစ်ကို တော်စပ်မှု” သို့မဟုတ် “ညီအစ်မ တော်စပ်မှု” တို့နှင့်လည်း ဆက်သွယ်လျက်ရှိနေပါသည်။ (solidarity is related to the principles of friendship or national “brotherhood” or sisterhood.
ဂျာမန် လူမှုရေးဒဿနိက ပညာရှင် ဂျာဂင် ဟာဘာမာ့ (စ်) က စည်းလုံးညီညွတ်ခြင်းနှင့် တရားမျှတခြင်းသည် ဒင်္ဂါးပြားတစ်ပြား၏ ခေါင်းနှင့်ပန်းကဲ့သို့ ကပ်လျက်တည် ရှိနေပါသည်ဟု စဉ်းစားတင်ပြခဲ့ပါသည်။ (the German social philosopher Jürgen Habermas (1989) considers solidarity and justice to be two sides of the same coin.) (Reference: 1).
ကျွန်ုပ်တို့၏ အခြေခံမူအဖြစ် တည်ရှိနေသည်မှာ စည်းလုံးညီညွတ်မှုသည် လူ့အဖွဲ့အစည်းအား ဥပဒေမဲ့ဖြစ်စေခြင်းများ၊ မတရားမှုများ၊ ခွဲခြားဆက်ဆံမှုများ၊ ထိခိုက်ခံစားလွယ်ခြင်းများမှ အကာအကွယ်ပေးသည့်အပြင် မပေါင်းစည်းနိုင်ခြင်း၊ မစုစည်းနိုင်ခြင်းမှ ဖြစ်ထွန်းပေါ်ပေါက်လာစေမည့် အားလုံးသော ဖြစ်စဉ်ဖြစ်ရပ်များမှလည်း အကာ (Our fundamental principle is that solidarity protects society from the lawlessness, the injustice, the isolation, the vulnerability and after all from the disintegration.) (Reference: 2)
တတိယအနေနှင့် ယနေ့အချိန် စည်းလုံးညီညွတ်မှု၏ အရေးပါမှုအခြေအနေ သို့မဟုတ် အရေးကြီးပုံ တင်ပြပါမည်။ အင်တာနက်စာမျက်နှာရှိ စာစောင်များတွင် ဖော်ပြထားချက်များအရ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးက ၂၀၂၀ ပြည့်နှစ်အား “စည်းလုံးညီညွတ်မှုနှစ်” ( A Year of Solidarity)အဖြစ်သတ်မှတ် ကြေညာခဲ့သည်ဆိုသည့်အချက်ဖြစ် ပါသည်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့တွင် ကုလသမဂ္ဂအထွေ အထွေအတွင်းရေးမှူးချူပ် အင်တိုနီယိုဂူတာရက်က “ယနေ့အချိန် ကမ္ဘာကြီး၏ အဓိကလိုအပ်ချက်မှာ စည်းလုံးညီညွတ်မှုဖြစ်ပြီး အဆိုပါ စည်းလုံးညီညွတ်မှုဖြင့် ကျွန်ုပ်တို့သည် ဗိုင်းရပ်(စ်) ကို အနိုင်ရရှိပြီး ပိုမို ကောင်းမွန်သည့် ကမ္ဘာကြီးကို တည်ဆောက်နိုင်ပါလိမ့်မည်” ဟု အတိအလင်းဖော်ပြခဲ့ပါသည်။ (What the world needs now is solidarity. With solidarity we can defeat the virus and build a better world.") (Reference: 2).
ထို့ပြင် “အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွတ်မှု အခွင့်အရေး ကြေညာစာတမ်း မူကြမ်း” (Draft Declaration on the Right to International Solidarity) ကို တွေ့ရှိလေ့လာရပါသည်။ ၎င်းတွင် အပိုဒ် ၁၀ ပိုဒ်နှင့် အပိုင်းသုံးပိုင်း ပါဝင်ပါသည်။ (Reference: 3).
ပထမအပိုင်းမှာ အပြည်ပြည်ဆိုင်ရာစည်းလုံးညီညွတ်မှု၏ အနက်အဓိပ္ပာယ်၊ မူများနှင့် ရည်ရွယ်ချက်များ (Part I. International solidarity: definition, principles and objectives)၊
ဒုတိယအပိုင်းမှာ လူ့အခွင့် အရေးမှသည် အပြည်ပြည်ဆိုင်ရာ စည်းလုံးညီညွတ်ရေးဆီသို့ (Part II. The human right to international solidarity)၊
တတိယအပိုင်းမှာ အပြည် ပြည်ဆိုင်ရာ စည်းလုံးညီညွတ်မှု အခွင့်အရေးကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း (Part III. Implementing the right to international solidarity) တို့ ဖြစ်ကြပါသည်။
အသေးစိတ်ကိုမူ ယခုကဲ့သို့သော ဆောင်းပါးအဆင့်နှင့် တင်ပြရန် မဖြစ်နိုင်ပါသဖြင့် ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မြန်မာနိုင်ငံတွင် အာဏာလက်ဝယ်ရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူ၊ ရာထူးလက်ဝယ်ရှိသူ လူပုဂ္ဂိုလ်ကြီးများနှင့် အဖွဲ့အစည်းများက လက်ခံကျင့်သုံး အကောင်အထည်ဖော် လျက်ရှိသည့် စည်းလုံးညီညွတ်မှု သဘောတရားများနှင့် အဓိပ္ပာယ်များသည် တိုင်းပြည်နိုင်ငံတော်ကြီးနှင့်တကွ တိုင်းပြည်နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သား နိုင်ငံသားများအား ဒုက္ခမျိုးစုံ၊ အခက်အခဲမျိုးစုံ ဖြစ်ထွန်းပေါ်ပေါက်စေလျက်ရှိသည့် အခြေအနေများအား သိမြင်နားလည်နိုင်ကြပါစေကြောင်းနှင့် စည်းလုံးညီညွတ်မှု၏ မူရင်းသဘောတရားများနှင့် အဓိပ္ပာယ်များကို သေချာစွာ နားလည်သဘောပေါက်ပြီးလျှင် အထက်ဖော်ပြပါ အခြေအနေဆိုးများမှ ကျော်လွှားလွတ်မြောက်နိုင်စေရေးကို အစွမ်းကုန် စတင်ကြိုးစား ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။
References:
1. Arto Laitinen and Anne Birgitta Pessi (2014), “Solidarity: Theory and Practice. An Introduction” ResearchGate January, 2014.
2. Vera Alpar, Eszter Dr. Sorene, Dr. Batka, Nandor Birther (2020), “Solidarity” Research Gate, June, 2020.
3. United Nations, “Draft Declaration on the Right to International Solidarity” , the Annex of report A/HRC/35/35 of the Independent Expert on human rights and international solidarity, Virginia Dandan.