ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ်တစ်ခုကျော်ကပင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြတဲ့၊ MoU လုပ်သားမဟုတ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝဟာ လုပ်လိုက်၊ စားလိုက်၊ အထောက်အထားပြုလုပ်လိုက်နဲ့ တဝဲလည်လည် ဖြစ်နေတယ်လို့ သိရပါတယ်။
"မေလ ၁၃ ရက်နေ့ CI သွားလုပ်ရမယ်။ ကုမ္ပဏီရုံးခန်းကို အရောက်လာပါ" ဆိုတော့ ဝမ်းသာအားရနဲ့ မေလ ၁၃ ရက်နေ့မွန်းလွဲ ၃နာရီအရောက်သွားခဲ့ကြတယ်။ဝမ်းမသာနိုင်တာက ကုန်ကျစရိတ်တွေပါ။ ဘတ် ၁၂၀၀၀၊ မြန်မာငွေနဲ့တွက်ရင် ကျပ် ၁၀ သိန်း၊ ရုတ်တရက်ကြီး ရှာရဖွေရတာ အတော်လေး အခက်အခဲ ဖြစ်ခဲ့ ကြပါတယ်။
ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးရဲ့ ညည်းညူသံပါ။ ထိုင်းမှာ နေထိုင်အလုပ် လုပ်ကိုင်လာတာ ဆယ်စုနှစ်တစ်ခု နီးပါးရှိလာပြီဖြစ်ပေမဲ့ လုပ်အားခရတာတွေက စားစရိတ်၊ အသုံးစရိတ်နဲ့တင် ငွေပိုငွေလျှံက သိပ်မရှိလှပါဘူး။
မိသားစု ဝမ်းဝအောင် နားရက်မရှိလုပ်နေကြရပေမဲ့ ခါးမလှနိုင်ကြပါဘူးလို့ ဆိုပါတယ်။တစ်နေ့ ဘတ် ၃၀၀ ရတယ်ဆိုပေမဲ့ အိမ်ခန်းလခ၊ စားစရိတ်၊ ကလေးတွေ ကျောင်းစရိတ်နဲ့ လုံးချာလည် လိုက်နေတာပါပဲ။
ကုန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်က တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ဘတ်ကတ်၊ Workpermit လုပ်ခဲ့ရတယ်။ ဘတ်ကတ်တောင်မထွက်လာသေးခင် သက်တမ်းတိုးရပြန်ရော။ စလုပ်တုန်းကလည်း ဘတ် ၇၀၀၀၊ ၈၀၀၀ ကုန်ကျခဲ့တယ်။ တစ်နှစ်ပြည့်လို့သက်တမ်းတိုးရပြန်တော့လည်း ဘတ် ၆၅၀၀ ကုန်ကျခဲ့ ကြတယ်။ ဟော အခု CI ရိုက်ဖို့ ဘတ် ၁၂၀၀၀ ကုန်ကျကြရပြန်ရော။
ငွေကုန်ရုံနဲ့ ပြီလားဆ်ိုတော့မဟုတ်ပြန်ဘူး။ ရုံးကနေ တာဝန်ယူလုပ်ပေးတဲ့ မဲဆောက်မြို့နယ်က မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား၊ အမျိုးသမီး ၃၀ ကျော်တယ်။ မေ ၁၃ ရက်နေ့ ည ၇ နာရီလောက်မှာ မဲဆောက်ကနေ CI ပြုလုပ်ရမယ့် ရုံးတည်ရှိရာ ချွန်ဘူရီကို ကားသုံးစီးနဲ့ သွားခဲ့ကြတယ်။ လမ်းခရီးသွားလာရေးအတွက် အထောက်အထား၊ ဘတ်ပန်းရောင်ကတ်နဲ့့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို KTG လူမှုကူညီရေးအထွေထွေရုံးက ပြင်ဆင်လာခဲ့တာဆိုတော့ မနက် ၆ နာရီလောက်မှာ ချွန်ဘူရီ မြို့နယ်အစပ်မှာတည်ရှိတဲ့ CI ထုတ် ပေးရေးရုံးကို ရောက်ရှိပါတော့တယ်။
ထိုင်းမှာ နေထိုင်လုပ်ကိုင်ခွင့် CI စာအုပ်၊ ရရှိဖို့အရေး အပင်ပန်းခံလုပ်ဆောင်ခဲ့ရတယ်လို့ CI ပြုလုပ်သူ မြန်မာလုပ်သား အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ "ထိုင်းမှာ နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရဖို့ ပန်းရောင်ကတ်လုပ်ရတယ်။ ပြီးတော့ တစ်နှစ်ကုန်တော့ သက်တမ်းထပ်တိုးရပြန်တယ်။ အဲဒီတုန်းကလည်း ဘတ်ငွေသောင်းနဲ့ချီကုန်ပါတယ်။ ပန်းရောင်ဘတ်ကတ်ရလို့မှ မကြာသေး CI လုပ်ရမယ်ဆိုတော့ တစ်ခါ ထိုင်းဘတ်ငွေတစ်သောင်းကျော် ထပ်ကုန်ကျပါတယ်။ငွေကုန်တာထက် လူပင်ပန်းတာက မတန်သလိုခံစားရတယ်။ စာအုပ်ရိုက်ဖို့ ချွန်ဘူရီကိုသွားရတယ်။ ညသွား မနက်ရောက်၊ ချက်ချင်တန်းမစီရဘူး။ ဖိုင်တွေကို ပြန်ဆင်ရသေးတယ်။ ပြီးမှတန်းစီ ရတယ်။ ထိုင်၊ ထ၊ ထိုင်နဲ့ တစ်နေ့လုံး ည ၆ နာရီအထိ တန်းစီရတာ စာအုပ်ရတဲ့အထိဆို ရင်ထိုင်ထ အကြိမ် ၅၀ မကဘူး။စာရေးမတွေ ဟောက်တာလည်းခံရသေးတယ်" လို့ ဆိုပါတယ်။
CI စခန်းရဲ့ အားနည်းချက်က အများသုံးအိမ်သာ မသန့်ရှင်းတာ၊ သုံးရေမလုံလောက်တာ၊ စားသောက်ရေး စျေးကြီးတာတွေပဲဖြစ်ပါတယ်။ မနက် ၈ နာရီမှ ညနေ ၆နာရီအထိ ၁၀ နာရီ ဝန်းကျင် စနစ်တကျ ထိုင်ထပြုလုပ် တန်းစီစောင့်ဆိုင်းရတာ နောက်ဆုံးတော့ CI အစိမ်းရောင်စာအုပ်ရရှိကြပါတော့တယ်။
သို့ပေမဲ့ ဗီဇာတုံးထုဖို့ အကျိုးဆောင်လက်ထဲထားခဲ့ကြပြီး ညတွင်းချင်း မဲဆောက် ပြန်ခဲ့ကြတာပေါ့။
ထိုင်းမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြပြီး ပန်းရောင် ဘတ်ကတ် ကိုင်ဆောင်ထားသူ မြန်မာလုပ်သားတွေဟာ စိတ်အေးလက်အေး နေထိုင် သွားလာခွင့်ရရှိဖို့အတွက် CI (အစိမ်းရောင်) စာအုပ် ပြုလုပ်သူများပြားပြီး နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ မေ ၁၅ ရက်နေ့တွင် ဗီဇာထည့်ဖို့ ညသန်းခေါ်ယံအထိ စောင့်ဆိုင်းခဲ့ရတယ်လို့ဆိုတယ်။ ချွန်ဘူရီ မြို့နယ်အထိသွားပြီး CI သွားလုပ်ပြီ ပြန်လာသူ မြန်မာလုပ်သား အမျိုးသမီးက "CI စာအုပ်တွေလုပ်ပြီးတော့ ညချင်း မဲဆောက်ကိုပြန်လာကြတာ။ နောက်နေ့ မဲဆောက် အမှတ် (၁) တံတားထိပ်က တောမောရုံးမှာ တန်းစီ၊ အကြာ ကြီးပါပဲ။ ရက်၉၀ တုံး ၊ဧည့်စာရင်ကိစ္စပြီးတော့ တစ်နှစ် ဗီဇာရဖို့အတွက်ညသန်းခေါင်ယံအထိ တန်းစီရပြန်တယ်။ ဒီနေ့ လာလုပ်တာ အနည်းဆုံး ၅၀၀၀ ထက်မနည်းပါဘူး။ ထိုင်းမှာ မြန်မာလုပ်သားတွေ သွားလာနေထိုင် အလုပ်ကိုင်ခွင့်ရဖို့ အတွက် ငွေကုန်ကြေးကျများပြီး ပင်ပန်းကြီးစွာနဲ့ လုပ်ဆောင်ကြရပါတယ်" လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ဖို့ CI စာအုပ်မဖြစ်မနေ လုပ်ဆောင်ရသူ မြန်မာလုပ်သား သုံးသိန်းခန့်ရှိတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေသူ တစ်ဦးက ဆိုပါတယ်။
ထိုင်းရောက်မြန်ရွှေ့ပြောင်းလုပ်သားတွေဟာ CI စာလုပ်ပြုလုပ်ဖို့အတွက် မရှိမဲ့ ရှိမဲ့ ချွေးနှဲစာထဲက တစ်ဦးလျှင်ဘတ် ၁ဝဝဝဝနှင့်၁၅၀၀၀ ကြားကုန်ကျခဲ့ကြတယ်။ တချို့လည်း ဘတ်၂၀၀၀၀ အထိကုန်ကျကြတာတွေ့နေရပါတယ်။ တချို့အလုပ်ရှင်တွေက ကုန်ကျစရိတ်ယူထားပြီး ကိုယ်တိုင် လိုက်မလာတော့ အခက်အခဲတွေလည်း ကြုံနေကြရတာတွေ့ပါတယ်။ဒါကြောင့် မြန်မာလုပ်သားတွေ အပေါ် ကုပ်သွေးစုပ်က တနင့်တပိုးပါ။ ရွှေ့ပြောင်းလုပ်သားတွေရဲ့ မရှိမဲ့ ရှိမဲ ချွေးနှဲစာ လုပ်အားခထဲက CI စာအုပ်လုပ်ကြရတဲ့အတွက် မြန်မာလုပ်သားသုံးသိန်းကျော်ဆီကနေ ဘတ်သန်းပေါင်း ၃၆၀၀ ကျော် ထွက်သွားတယ်လို့ခန့်မှန်းမိပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာနေထိုင်ပြီးအလုပ်သမားရေးလုပ်ဆောင်နေတဲ့ မြန်မာ ပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA ) ဥက္ကဋ္ဌ ဦးမိုးကြိုးက"ထိုင်းရောက်မြန်မာလုပ်သားမှ မဟုတ်ဘူး။ ရွှေ့ပြောင်းလုပ်သားမှန်ရင်စာရွက်စာတမ်း နှစ်မျိုး၊ နှစ်ပုံစံကိုင်ဆောင်ထားရမယ်။ တစ်ပုံစံကတော့ အလုပ်လုပ်ခွင့်လက်မှတ် ပန်းရောင်ကတ်၊ Workpermit၊ အခြားနောက်တစ်ပုံစံကတော့ Passpost of Job ရွှေ့ပြောင်းသွားလာခွင့်နဲ Workpermit၊ အလုပ်ရှင်မည်သူမည်ဝါ ဖြစ်ကြောင်း နှစ်ပုံစံကိုင်ရမယ်။ ခု CI ကိုကျတော့ မြန်မာအစိုးရက မှတ်ပုံတင်အိမ်ထောင်စုစာရင်းမပြည့်စုံတာတွေအတွက်အဆင်ပြေရအောင်ပြုလုပ်ပေးပေမဲ့ ကုန်ကျစရိတ်များပြားတဲ့ဒဏ်ကိုခံနေရတယ်။ မေလ ၁၅ ရက်နေ့က တစ်နှစ် ဗီဇာရဖို့ ညသန်းခေါင်ယံအထိ စိတ်ပန်းလူပန်းလုပ်ဆောင်နေရတာတွေ့တော့ စိတ်မချမ်းမြေ့စရာပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံမဲဆောက်တွင် နေထိုင်ပြီး အလုပ်သမားအရေး၊ လူ့အခွင့်အရေး လုပ်ဆောင်နေသူ KTG လူမှုကူညီရေး အထွေထွေ ရုံးမှ မန်နေးဂျင်းဒါရိုက်တာ ကိုသားကြီးက "CI လုပ်ငန်းစဉ်ဟာ မြန်မာပြည်သားတွေကို ကုပ်သွေးစုပ်တဲ့ လုပ်ငန်းစဉ် ဖြစ်လို့ အရင်ကတည်းက အားမပေးခဲ့ဘူး။ ဒါပေမဲ့ ဘတ်ပန်းရောင်ကိုင်ဆောင်သူတွေ CI အစိမ်းရောင်စာအုပ်ကို မလုပ်မနေရ မဖြစ်မနေ လုပ်ဆောင်ရမည်ဆိုသောအခါ မြန်မာလုပ်သားများစွာအတွက် လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ်တိုင်လက်မှတ်ထိုးပေးပြီး လုပ်ဆောင်ပေးခဲ့ပါတယ်" လို့ ဆိုပါတယ်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) CI စာအုပ် လုပ်ကိုင်ရာမှာ စက်ရုံ အလုပ်ရုံ ကုမ္ပဏီကြီးတွေက တာဝန်ရှိသူတွေကို ငွေပေး လာဘ်ထိုးကာ QR နံပါတ် ရယူတာတွေ ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကဆိုပါတယ်။
မြန်မာလုပ်သားတွေအတွက် CI စာအုပ် ပြုလုပ်ပေးမှုကို ချွန်ဘူရီ၊ ချင်းမိုင်၊ ရနောင်းနဲ့ ဆောင်ခလာ စတဲ့ မြို့နယ်တွေမှာ လုပ်ပေးခဲ့သလိုထိုင်းနိုင်ငံအတွင်း CI စာအုပ် ကိုင်ဆောင်ထားတဲ့ မြန်မာ အလုပ်သမားအရေအတွက် သုံးသိန်းကျော်ရှိတယ်လို့ အလုပ်သမားအရေးလုပ်ဆောင်နေသူတွေကခန့်မှန်းထားပါတယ်။
ထိုင်းနိုင်ငံကို တရားဝင် MoU လမ်းကြောင်းနဲ့လည်း လုပ်သားစေလွှတ်မှုတွေရှိနေသလို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကြောင့်နေစဉ်ဖမ်းဆီးခံရမှု၊ ယာဉ်မတော်တဆဖြစ်ပြီး အသက်ဆုံးရှုံးမှုတွေရှိသလို တောလမ်းခရီးမှာ ပစ်ခတ်ဖမ်းဆီးမှုကြောင့် အသက်ဆုံးရှုံးရသူရှိနေခြင်းက ပြည်တွင်းမငြိမ်သက်မှုနဲ့ အလုပ်အကိုင်ရှားပါးခြင်းရဲပြယုဂ်အဖြစ် မည်မျှအထိရှည်ကြာနေဦးမလဲဆိုတာကိုတော့....။