၂၁ ရာစု ကမ္ဘာ့စီးပွားရေးအခြေအနေသည် အတိတ်ကာလများနှင့်မတူဘဲ အကောင်းအဆိုးများစွာ ရောပြွမ်းလျက်ဖြစ်ပေါ်လျက်ရှိနေသည်။ နည်းပညာ၊ လူသားတို့၏ စိတ်နေစိတ်ထား၊ လူမှုဘဝနေထိုင်မှုပုံစံ၊ သဘာဝပတ်ဝန်းကျင်အခြေအနေ၊ ကပ်ရောဂါအမျိုးမျိုးတို့သည် ယနေ့ကာလ လူ့အဖွဲ့အစည်းများအတွက်စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို တစ်ပြိုင်နက်ဖန်တီးသကဲ့သို့ဖြစ်လာသည်။
ထိုအခြေအနေများကို မူတည်၍ လူသားတို့၏ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်မှုများ ပြောင်းလဲဖြစ်ပေါ်နေကြသည်မှာ သတိထားလေ့လာစရာဖြစ်သည်။ လူအဖွဲ့အစည်းများ၏ ပြောင်းလဲဖြစ်ပေါ်လာသော စီးပွားရေးပုံစံ၊ လုပ်ပုံကိုင်ပုံများနှင့်ပတ်သက်၍ ပညာရှင်များ၊ သုတေသီများကလည်း စိတ်ဝင်စားဖွယ် အရောင်များဖြင့် တင်စားအမည်ပေးခဲ့ကြသည်။ ဤသို့ဖြင့် ယခင်က ပန်းချီ၊ ဒီဇိုင်းဆရာ အနုပညာသမားများနှင့်သာ ပိုမိုအကျွမ်းတဝင်ရှိခဲ့သောအရောင်များသည် ယခုအချိန်တွင် လူမှုဘဝများနှင့်ပါ သီအိုရီဆန်ဆန် ဆက်စပ်မှုရှိလာခဲ့ပြီး ပိုမိုကျယ်ပြန့်သော အဓိပ္ပာယ်ဖွင့်ဆိုချက်များရှိလာကြသည်။
အနီရောင်စီးပွားရေး (Red Economy)
အနီရောင်စီးပွားရေးဟူသော ဝေါဟာရသည် ၂၀ ရာစုအစောပိုင်းကာလ၊ ဖို့ဒ်မော်တော်ကားကုမ္ပဏီက တီထွင်အသုံးပြုခဲ့သော အလုံးအရင်းဖြင့်ကုန်ထုတ်လုပ်ခြင်း (Mass Production)၊ Assembly Line ဖြင့်စီစဉ်လုပ်ဆောင်ခြင်း အယူအဆမှတစ်ဆင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုအယူအဆကို ဖို့ဒ်ဝါဒ (Fordism) ဟုခေါ်ကြသည်။ ဖို့ဒ်ဝါဒသည် သဘာဝသယံဇာတအရင်းအမြစ်များကို အကန့်အသတ်မရှိ ပေါများသည်ဟုယူဆလျက် အလုံးအရင်းဖြင့်ပမာဏများများထုတ်လုပ်ရေးကိုသာ အလေးထားသည့် အယူအဆဖြစ်သည်။
အနီရောင်စီးပွားရေးကို စစ်ပြီးခေတ်အရင်းရှင်နိုင်ငံများ၏ စီးပွားရေးတိုးတက်မှုအတွက် အသုံးပြုခဲ့သည့်ပုံစံလည်းဖြစ်သည်။ နိုင်ငံ့စီးပွားရေးကို အစိုးရကသာ ချုပ်ကိုင်ထားပြီး ကုန်စည်ထုတ်လုပ်မှုနှင့်ဖြန့်ဖြူးရေးများကိုပါ တာဝန်ယူသည့် ကွန်မြူနစ်ဝါဒကို ကိုင်စွဲကျင့်သုံးသော စီးပွားရေးများ၊ အဆောက်အအုံများကိုလည်း အနီရောင်စီးပွားရေးဟု ရည်ညွှန်းပြောလေ့ရှိကြသည်။
အနီရောင်စီးပွားရေးထဲရှိ လုပ်ငန်းများအဖို့ ပမာဏများများ ထုတ်နိုင်ဖို့ အရေးကြီးသည်။ ဈေးကွက်ဝေစုများများရရှိ၍ ရောင်းချနိုင်ရေး၊ ယူနစ်ကုန်ကျစရိတ်ကျဆင်းလာပြီး အမြတ်ဝင်ငွေ မြင့်မားရေးသာ အဓိကဖြစ်သည်။ ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာသော လူမှုဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ၊ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာစိုးရိမ်မှုများကို အနီရောင်စီးပွားရေးတွင်လုံးဝထည့်သွင်း မစဉ်းစားထားပေ။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ပတ်သက်၍ စဉ်းစားထားခြင်းမရှိသော အနီရောင်စီးပွားရေးပုံစံကို အချို့က ခေတ်မမီတော့သည့် စီးပွားရေးအတွေးအခေါ် သင်တန်းကျောင်းတစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုကြပြီး ရေရှည်တည့်တံနိုင်မည့် အခြေအနေလည်းမရှိဟု ကောက်ချက်ချကြသည်။
အနက်ရောင်စီးပွားရေး (Black Economy)
တရားဥပဒေဘောင်ပြင်ပမှဖြစ်စေ၊ တည်ဆဲဥပဒေများကို ချိုးဖောက်၍ဖြစ်စေ လှုပ်ရှားလုပ်ကိုင်နေကြသော စီးပွားရေးနယ်ပယ်သည်အ နက်ရောင်စီးပွားရေး ဖြစ်သည်။ ဘလက်အီကိုနော်မီ (Black Economy) သို့မဟုတ် ရှဲဒိုးအီကိုနော်မီ (Shadow Economy) ဟုလည်း ခေါ်ကြသည်။ တစ်ခါတစ်ရံ မြေအောက်စီးပွားရေးဟုလည်းခေါ်သည်။ သက်ဆိုင်ရာအစိုးရဌာနများ၏ ကြီးကြပ်ထိန်းချုပ်မှုအောက်မှ ကင်းလွတ်နေကြသဖြင့် ထိုစီးပွားရေးလုပ်ငန်းများထံမှ အခွန်အကောက်များ မရရှိသကဲ့သို့ အချက်အလက်ကိန်းဂဏန်းများလည်းမရရှိနိုင်သဖြင့် နိုင်ငံ့စီးပွားရေးအခြေအနေများထဲတွင်လည်း မပါဝင်တတ်ပေ။ အနက်ရောင်စီးပွားရေးထဲရှိ စီးပွားရေးသမားများ
သည် တစ်ဦးချင်းဖြစ်စေ၊ တစ်ဖွဲ့ချင်းဖြစ်စေ ကိုယ်နည်းကိုယ့်ဟန်ဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများကိုချိုးဖောက်ရင်း လုပ်ကိုင်နေကြခြင်းဖြစ်သည်။ အနက်ရောင်စီးပွားရေးနယ်ပယ်ထဲရှိ မှောင်ခိုဈေးကွက်များထဲတွင် သက်ဆိုင်ရာအစိုးရများက ဥပဒေဖြင့်တားဆီးထားသော ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကို အရောင်းအဝယ်ပြုလုပ်ကြသည်။ အနက်ရောင်စီးပွားရေးနယ်ပယ်သည် ချမ်းသာသည့်နိုင်ငံများတွင်သာမက ချို့တဲ့ဆင်းရဲသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း တည်ရှိနေသည်။ တစ်နိုင်ငံချင်း စီးပွားရေးတွင်ဖြစ်စေ၊ ဒေသအလိုက် စီးပွားရေးများတွင်ဖြစ်စေ သတိပြုလောက်စရာ ပမာဏကြီးကြီးမားမားရှိ၏။ ၂၀၀၃-၂၀၁၈ကာလများအတွင်း အမေရိကန်စီးပွားရေးတွင် နိုင်ငံ့ဂျီဒီပီ၏ ၇ ဒသမ ၄ ရာခိုင်နှုန်းအထိရှိခဲ့ပြီး အရှေ့တောင်အာရှ စီးပွားရေးတွင် ၁၉၉၁-၂၀၁၅ ကာလများအတွင်း ဒေသတွင်းဂျီဒီပီ၏ ၃၃ ဒသမ ၄ ရာခိုင်နှုန်းအထိပင်ရှိသည်ဟုဆိုကြသည်။
မီးခိုးရောင်စီးပွားရေး (Gray Economy )
မီးခိုးရောင်စီးပွားရေးကို အချို့က ဥပဒေမဲ့ပြုလုပ်နေသည့် အနက်ရောင်စီးပွားရေကဲ့သို့ပင် ယူဆကြသည်။အဓိပ္ပါယ်ဖွင့်ဆိုချက်အချို့တွင်မူ မီးခိုရောင်စီးပွားရေးနယ်ပယ်ထဲတွင် လှုပ်ရှားနေသည့် စီးပွားရေးလုပ်ဆောင်ချက်များသည်တရားဝင် အပြုအမူများဖြစ်သည်၊အစိုးရကသတိမထား မိသော ကြောင့်လည်းတည်ရှိနေနိုင်သည်၊ သို့မဟုတ် ရည်ရွယ်ရှိရှိဖြင့် အခွန် အခများ မကောက်၊ စည်းမျဉ်း စည်းကမ်းများမတင်းကျပ်ဘဲ လွှတ်ပေးထားသောကြောင့် တည်ရှိနေခြင်းဖြစ်သည်ဟုလည်းဆိုကြ သည်။ အညိုရောင်စီးပွားရေးနယ်ပယ်ထဲတွင် ဥပဒေဘောင်ကျော်သည့်ကုန်စည်နှင့်ဝန်ဆောင်မှုများ၊ ဥပဒေချိုး ဖောက်ရောင်းဝယ်များရှိသဖြင့် နိုင်ငံအချို့တွင်တိုက်ဖျက်ရန် အားထုတ်မှုများရှိကြသည်။ သို့သော် ရောင်းသူဝယ်သူနှစ်ဖက် သဘောတူစွာ အလုပ်ဖြစ်နေကြသည့်အခြေအနေများဖြစ်သောကြောင့် မီးခိုးရောင် စီးပွားရေးလုပ်ငန်းများပပျောက်သွားရန်မှာအလွယ်တကူမဖြစ်နိုင်ပေ။
မီးခိုးရောင်စီးပွားရေး ကို စည်းလွတ်စီးပွားရေးသို့မဟုတ် အင်ဖော်မယ်လ် စီးပွားရေး (Informal Economy)ဖြစ်သည်ဟုလည်းခေါ်သည်။ သို့သော် ထိုလုပ်ငန်းများသည် အနက်ရောင် စီးပွားရေး ကဲ့သို့ပင် တရားဝင်စာရင်းအင်းကိန်းဂဏန်းမှတ်တမ်းမရှိ၊အစိုးရ၏စည်းမျဉ်းစည်းကမ်းများနှင့်သက်ဆိုင်မှု ပတ် သက်မှု မရှိသောကြောင့် အစိုးရအနေဖြင့် အခွန် အကောက်များ ကောက်ယူရန် မဖြစ် နိုင် သကဲ့သို့ ၊ ပြဿနာ တစ်စုံ တစ်ရာဖြစ်လာပါကလည်းသက်ဆိုင်သည့် အစိုးရဌာနများ၏ဖြေရှင်းပေးမှု၊ အကာ အကွယ်ပေးမှု မရရှိပေ။
မီးခိုရောင်စီးပွားရေးနယ်ပယ်အတွင်းရောင်းဝယ်ဖောက်ကားမှုများကို ပထဝီနယ်မြေတည်ရှိပေါ် မူတည်၍ အခြားဒေသများနှင့် ဈေးနှုန်းကွာဟမှုများပြားသည့် ဒေသများ၊နိုင်ငံများတွင်ပိုမို တည်ရှိကြ သည် ဟုသုံးသပ်ထားကြသည်။ဥပမာ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ပြည်သို့ခရီးသွားသည့် လူတစ် ယောက် သည် ၎င်းရောက် ရှိသော နိုင်ငံမှ ( ၎င်းဇာတိ နိုင်ငံ တွင်ဖြစ်ပေါ်နေသော ဈေးနှုန်း ထက်သက် သာသည့်) ကုန်ပစ္စည်း အချို့ကို(ခရီးသွားဟန်လွှဲမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့်)ဝယ်ယူ၍ ပြည်တွင်း သို့ပြန် ရောက်ချိန်တွင် အဆိုပါကုန်ပစ္စည်းကို အမြတ်တင်၍ ပြန်လည်ရောင်း ချသည့်လုပ်ငန်းသည် မီးခိုးရောင် စီးပွား ရေး နယ်ပယ်ထဲတွင်ပါဝင်နေသည့် လုပ်ငန်းမျိုးဖြစ်သည်။
မီးခိုရောင်စီးပွားရေးတွင် ဖြေရှင်းရန် အကြောင်းကိစ္စပေါ်လာပါက လည်း အစိုးရဥပဒေရုံးများ တွင် မဖြေရှင်းနိုင်။ အချို့နိုင်ငံများတွင် ခုံသမာဓိရုံများဖွင့်လှစ်ဖြေရှင်း သည့်အခွင့်အရေးရှိ သည်ဟု လည်းဆိုသည်။ မီးခိုး ရောင် စီးပွားရေးအယူအဆနှင့်ပတ်သက်၍နားလည်မှုတွင် ကွဲပြားခြားနား မှုများရှိနေသော ကြောင့် အားလုံး နားလည် တူညီစွာ သဘောပေါက်လွယ်ရန် မလွယ်ပေ။
အညိုရောင်စီးပွားရေး (Brown Economy)
အညိုရောင်စီးပွားရေးဆိုသည်မှာ အထူးသဖြင့် ကျောက်မီးသွေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့တို့ကဲ့သို့ ရုပ်ကြွင်းလောင်စာများကို အသုံးပြု၍ လုပ်ကိုင်နေသော စီးပွားရေးနယ်ပယ်ဖြစ်သည်။
အညိုရောင်စီးပွားရေးပုံစံကို ကျင့်သုံးနေသော စီးပွားရေးအဆောက်အအုံထဲတွင် ရေထုလေထုကို ညစ်ညမ်းစေသော၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသည့် ဓာတ်ငွေ့ထုတ်လွှတ်မှုမြင့်မားသော စက်မှုလုပ်ငန်းများရှိနေသည်။ ဘိလပ်မြေလုပ်ငန်း၊ သံရည်ကျိုလုပ်ငန်း၊ ကျောက်မီးသွေးတူးဖော်ခြင်း လုပ်ငန်းများနှင့်ကျောက်မီးသွေးအသုံးပြုကာ လည်ပတ်နေသောလုပ်ငန်းများ၊ စက်ရုံများသည် အညိုရောင်စီးပွားရေးနယ်ပယ်ထဲရှိ လုပ်ငန်းအချို့ဖြစ်သည်။
အညိုရောင်စီးပွားရေးသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော လုပ်ဆောင်မှုများအပေါ် ကြီးမားစွာမှီခိုနေသည်။ ကမ္ဘာ့ရာသီတုပြောင်းလဲခြင်းကိုဖြစ်ပေါ်စေသော ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် မီသိန်းဓာတ်ငွေ့တို့ပါဝင်သည့် ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gas) နှင့် သဘာဝ ပတ်ဝန်းကျင် သဘာဝအရည်အသွေးကို လျော့ကျစေနိုင်သည့်အရာများသည် အညိုရောင်စီးပွားရေးနယ်ပယ်မှ ပေါ်ထွက်လာသော ဘေးထွက်ဆိုးကျိုးများဖြစ်သည်။ ထို့ကြောင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် ထိခိုက်စေသည့် ရေထုလေထုကို ထိခိုက်စေရုံသာမက ကမ္ဘာ့ရာသီဥတုများအပေါ် တဖြည်းဖြည်းချင်း သက်ရောက်လာသော အညိုရောင်စီးပွားရေးသည် ကမ္ဘာမြေကို မှီခိုနေထိုင်နေကြရသည့် လူသားအပါအဝင် သက်ရှိသတ္တဝါများ ရှင်သန်ရပ်တည်မှုကို ယခင်ကထက် ခြိမ်းခြောက်မှုများ ပိုမိုဖြစ် ပေါ်လာလျက်ရှိနေပေသည်။
နိုင်ငံတစ်နိုင်ငံ၏အခြေအနေကို အညိုရောင်စီးပွားရေးရှုထောင့်မှ လေ့လာပါက နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အကန့်အသတ်ရှိသော သဘာဝအရင်းအမြစ်များကို သုံးစွဲနိုင်မှု၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတို့နှင့် များစွာဆက်စပ်လျက်ရှိနေသည်ဟု သုံးသပ်နိုင်သည်။
အစိမ်းရောင်စီးပွားရေး (Green Economy)
အစိမ်းရောင်စီးပွားရေးဆိုသည်မှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပျက်စီးမှုမဖြစ်စေဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လုပ်ကိုင်သည့်စီးပွားရေးဟု ယေဘုယျဆိုနိုင်သည်။ လေထု၊ ရေထု၊ မြေထု မပျက်စီးစေဘဲ လူတို့အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင်ကို ရေရှည်အသုံးပြုသည့်အယူအဆဖြစ် သည်။ ဝေါဟာရအဓိပ္ပာယ်နှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် (UN Environment Programme-UNEP) က အစိမ်းရောင်စီးပွားရေးဆိုသည်ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များနှင့် ဂေဟဗေဒဆိုင်ရာရှားပါးမှုများ သိသာစွာလျှော့ချလျက် လူမှုရေးမျှတမှုနှင့် ကောင်းကျိုးဖြစ်ထွန်းမှုများကို လူသားများ တိုးတက်ရရှိခံစားမှုဖြစ်စေသည့် စီးပွားရေးအခြေအနေဟု ဖွင့်ဆိုသည်။
စက်မှုနည်းပညာများ ထွန်းကားမှု အားကောင်းလာသည့် ကမ္ဘာတွင် စက်ရုံအလုပ်ရုံများ၊ စက်ကိရိယာနှင့် မော်တော်ယာဉ်များမှ ထုတ်လွှတ်လိုက်သောဓာတ်ငွေ့များကြောင့် ကမ္ဘာလေထုညစ်ညမ်းခြင်း၊ စွန့်ပစ်အမှိုက်များ၊ ဓာတုဓာတ်ကြွင်းပစ္စည်းများကြောင့် မြစ်ချောင်းပင်လယ်သမုဒ္ဒရာရေထု ညစ်ညမ်းခြင်းရေနေသတ္တဝါများ ရှင်သန်မှုထိခိုက်၍ ဂေဟစနစ်များ ပျက်စီးခြင်း၊ သစ်ထုတ်လုပ်မှုများ၊ ဓာတ်သတ္တု များ အလွန်အမင်းထုတ်လုပ်၊ တူးဖော်မှုများကြောင့့် သဘာဝဝန်းကျင်များ ပျက်စီးပြီး မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းကျခြင်း စသည်ဖြင့် သဘာဝဘေးအန္တရာယ်ပိုမိုကျရောက်ခြင်းတို့ကို ကြုံတွေ့လာခဲ့ကြသည်။ ထိုအချိန်များကတည်းက ကမာ့္ဘနိုင်ငံများသည် အစိမ်းရောင်စီးပွားရေးဟု အမည်မတပ်သေးသည့်တိုင် သဘာဝပတ်ဝန်းကျင်မပျက်စီးစေရေးကို ပိုမိုအလေးထားစိတ်ဝင်စား လာခဲ့ကြခြင်းဖြစ်သည်။
အစိမ်းရောင်စီးပွားရေးဝေါဟာရကို ၁၉၈၉ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီးပွားရေးပညာရှင်များအုပ်စုတစ်စုက ဗြိတိန်အစိုးရထံသို့တင်သွင်းသည့် အစီရင်ခံစာတစ်ခု၌ သုံးစွဲထားသည်ကို တွေ့ရှိခဲ့ရသကဲ့သို့ ၁၉၉၂ ခုနှစ် ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနဲရိုးမြို့တွင်ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုး ရေး ညီလာခံတွင် “ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု” နှင့် ပတ်သက်၍ ဆွေးနွေးရာ၌လည်း အစိမ်းရောင်စီးပွားရေးဝေါဟာရ အသုံးပြုဆွေးနွေးခဲ့သည်ဟုဆိုသည်။ နောက်ပိုင်းကာလများတွင် ကမ္ဘာ့စီးပွားရေးပြဿနာများနှင့် ရာသီဥတုပြောင်းလဲခြင်း၊ အိုဇုန်းလွှာပျက်စီးခြင်း၊ အပူပိုင်းသစ်တောပြုန်းတီးခြင်း စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များကို ဆက်စပ်ဆွေးနွေးထားသည့် အစီရင်ခံစာများ၌ အစိမ်းရောင်စီးပွားရေးဝေါဟာရကို ပိုမိုသုံးစွဲရေးသားခဲ့ကြသည်။ အစိမ်းရောင်စီးပွားရေးကို ရေရှည်တည်တံ့မည့် စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝ သာယာဝပြောရေးတို့ကို အလေးထားခြင်းဖြင့် မြှင့်တင်ပေးနိုင်သည်။ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုခပ်စိပ်စိပ်ရှိလာသော ယနေ့ကမ္ဘာကြီးတွင် အစိမ်းရောင်စီးပွားရေးသည် လူအဖွဲ့အစည်းအားလုံးက လို လားနေသည့် သဘာဝပတ်ဝန်းကျင်မထိခိုက်ဘဲ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်စေနိုင်သည့် စီးပွားရေးပုံစံဖြစ်ပေသည်။
အပြာရောင်စီးပွားရေး (Blue Economy)
အဏ္ဏဝါစီးပွားရေးဟု ခေါ်ကြသည့် အပြာရောင်စီးပွားရေးသည် သန့်ရှင်း၍ကောင်းမွန်သော သမုဒ္ဒရာများ၊ ကမ်းရိုးတန်းများ၊ ရေနေသတ္တဝါတို့၏ဂေဟစနစ်ကို အထောက်အကူဖြစ်စေသည့် စီးပွားရေးပုံစံဖြစ်သည်။ တစ်နည်းဆိုသော် စီးပွားရေးတိုးတက်မှု၊ ကောင်းမွန်သောလူနေမှုဘဝ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိမှုနှင့်အတူ သမုဒ္ဒရာဂေဟစနစ်ကျန်းမာကြံ့ခိုင်စေရေးကို လုပ်ဆောင်လျက် သမုဒ္ဒရာအရင်းအမြစ်များ ရေရှည်သုံးစွဲနိုင်ရေးဖြစ်သည်။
အပြာရောင်စီးပွားရေးနယ်ပယ်ထဲတွင် ရေ၏အရေးကြီးပုံကို အလေးအနက်ထားစဉ်းစားသည်။ ရေသည် လူသားတို့၏ဘဏ္ဍာရေး၊ ဇီဝဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ စိတ်ဝိဉာဏ်ကောင်းမွန်ရေးတို့အတွက် မရှိမဖြစ်အရေးကြီးကြောင်း၊ တိုးတက်များပြားလာသော လူဦးရေ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် ပိုမိုကောင်းမွန်သော ရေအရင်းအမြစ်စီမံခန့်ခွဲမှု လိုအပ်ကြောင်း အသိအမှတ်ပြု အလေးထားသည်။ ထို့ကြောင့် အပြာရောင်စီးပွားရေးတွင် သမုဒ္ဒရာများ၊ ရေလမ်းကြောင်းနှင့် ရေအရင်းအမြစ်များ စီမံခန့်ခွဲခြင်းကို အဓိကတွေ့ရသည်။
အပြာရောင်စီးပွားရေးတွင် ပင်လယ်သမုဒ္ဒရာညစ်ညမ်းမှုကို လျော့နည်းစေသည့် အပန်းဖြေငါးဖမ်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ပင်လယ်သမုဒ္ဒရာအခြေပြု အပန်းဖြေလုပ်ငန်းများ ပါဝင်သည်။ ကမ်းရိုးတန်းပြန်လည်တည်ဆောက်ခြင်း၊ ကာကွယ်ခြင်း၊ သဘာဝအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေခြင်း၊ ကမ်းလွန်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးရေးတို့သည်လည်း အပြာရောင်စီးပွားရေး၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည်။
ခရမ်းရောင်စီးပွားရေး (Purple Economy)
ခရမ်းရောင်စီးပွားရေးအသုံးအနှုန်းကို ၂၀၁၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံမှ စတင်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါဝေါဟာရကို သတ်မှတ်ချက်အမျိုးမျိုးဖြင့် ကွဲပြားခြားနားစွာ အဓိပ္ပာယ်ဖွင့်ဆိုကြသည်ကိုလည်း တွေ့ရသည်။
ယူနက်စကို၏ ခရမ်းရောင်စီးပွားရေးဖိုရမ်တစ်ခုတွင် ကျွမ်းကျင်သူများက ခရမ်းရောင်စီးပွားရေးသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု ပိုမိုကျယ်ပြန့်သော ကျင့်ဝတ်ဆိုင်ရာချဉ်းကပ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဆွေးနွေးသုံးသပ်ထားသည်။ လူသားတို့၏ မတူကွဲပြားမှုများနှင့် လိုက်လျောညီထွေရှိသော၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ယဉ်ကျေးမှုရှုထောင့်ဖြင့် တန်ဖိုးထားသော စီးပွားရေးလုပ်ငန်းများဟုလည်း ရည်ညွှန်းပြောဆိုလေ့ရှိကြသည်။
ခရမ်းရောင်စီးပွားရေးတွင် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ယဉ်ကျေးမှုရှုထောင့်များဖြင့် ထည့်သွင်းစဉ်းစားလုပ်ဆောင်သောကြောင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ပိုမိုတန်ဖိုးထားတတ်စေပြီး လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပိုမိုကြွယ်ဝမှုဖြစ်လာစေသည်ဟုဆိုသည်။ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ ယဉ်ကျေးမှုအလားအလာများကို မြှင့်တင်ခြင်းဖြင့် လူ့အဖွဲ့အစည်းအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးရာလည်းရောက်သည်လည်း ဟုယူဆသည်။ ခရမ်းရောင်စီးပွားရေးသည် ယဉ်ကျေးမှုဆိုင်ရာစီးပွားရေး (Cultural Economy) နှင့် မတူပေ။
အဖြူရောင်စီးပွားရေး (White Economy )
ကျန်းမာရေးနှင့်သက်ဆိုင်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် ထုတ်လုပ်မှု၊ သုတေသန၊ စျေးကွက်နှင့်ဖြန့်ဖြူးရေး စသည့်ကဏ္ဍအားလုံးပါဝင်သည့် စီးပွားရေးနယ်ပယ်ကို အဖြူရောင်စီးပွားရေး (White Economy) ဟုခေါ်ကြသည်။ နေ့စဉ်လူမှုဘဝတွင်ဖြစ်ပေါ်နေသော အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းမှအစပြု၍ ကျန်းမာရေးကဏ္ဍတစ်ခုလုံးရှိ လုပ်ငန်းများ၊ အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍဆေးဝါး၊ ဇီဝဆေးပညာနှင့် ရောဂါရှာဖွေရေးလုပ်ငန်းများသည် အဖြူရောင်စီးပွားရေးနယ်ပယ်ထဲတွင်ရှိသည်။
အဖြူရောင်စီးပွားရေး အသုံးအနှုန်းကို အီတလီစီးပွားရေးအဆောက်အအုံထဲတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသည်ကို တွေ့ရသည်။ အဖြူရောင်စီးပွားရေး ပမာဏသည်အီတလီနိုင်ငံဂျီဒီပီ၏ ၁၀ ဒသမ ၇ ရာခိုင်နှုန်းအထိရှိပြီး အီတလီလုပ်သားအင်အားစု၏ ၁၀ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ၂ ဒသမ ၄ သန်းကျော်ကို အလုပ်အကိုင်အခွင့်အလမ်းပေးထားနိုင်သည်ဟုဆိုသည်။ အသက်အရရွယ်ကြီးရင့်သူဦးရေ ပိုမိုများပြားလာမှုကြောင့် လူမှုဖူလုံရေးနှင့ ်ကျန်းမာရေးစောင့်ရှောက်ရေးဝန်ဆောင်မှုလုပ်ငန်းများ ကြီးထွားလာသည့် အီတလီနိုင်ငံတွင် အဖြူရောင်စီးပွားရေးနယ်ပယ်သည် အီတလီဘွဲ့ရလူငယ်များ အလုပ်အကိုင်ရှာဖွေရေးတွင်ပိုမိုအရေးပါသောကဏ္ဍဖြစ်လာသည်။ ထို့ကြောင့် အဖြူရောင်စီးပွားရေးကို အီတလီနိုင်ငံ စီးပွားရေးတိုးတက်မှုအတွက်အားထားရသော အထောက်အကူပြု အင်ဂျင်ဟုပင်ဆိုကြ၏ ။
(မှတ်ချက်။ ဗြိတိသျှစီးပွားရေးပညာရှင် Douglas McWilliams ရေးသားသည့် The Flat White Economy: How the Digital Economy is Transforming London and Other Cities”, စာအုပ်ထဲတွင် လန်ဒန်ရှိဟစ်စတား (hipster) လူငယ်များကြား၌ ပေါ်ပြူလာဖြစ်လာနေသော ကော်ဖီသောက် သုံးခြင်းယဉ်ကျေးမှု၊ ဒစ်ဂျစ်တယ် အီကိုနော်မီနှင့် ၂၀၀၇-၂၀၀၈ နောက်ပိုင်း လန်ဒန်စီးပွားရေး ပြန်လည် ဖြစ်ထွန်းလာမှု ဆက်စပ်ဖော်ပြရေးသားရာ၌ Flat White Economy ဟူသော ဝေါဟာရ သုံးနှုန်းထားသည်ကိုလည်း တွေ့ရသည်။ )
Ref: the seven colours of the Economy, www//Lindkin.com