အချုပ်အခြာအာဏာ (Sovereignty)

အချုပ်အခြာအာဏာ (Sovereignty)
Published 28 May 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူအနေဖြင့် စာရေးသူတို့နိုင်ငံတွင် ဖွဲ့စည်းထားရှိသော နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လျက်ရှိသည့် သတင်းများ၊ စာစောင်များကို ဖတ်ရှုလေ့လာမိသည့် အခါတိုင်း “အချုပ်အခြာအာဏာ” ဆိုသည့် စကားလုံးစကားရပ်နှင့် “အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံ”ဆိုသည့် စကားလုံး စကားရပ်များကို မကြာခဏတွေ့ရှိရပါသည်။ ဖတ်ရှုလေ့လာမိသည့် စာဖတ်သူများလည်း တွေ့ရှိရမည်ဟု ထင်မြင်ပါသည်။

စာရေးသူအနေဖြင့် ၎င်းတို့ ဖော်ပြလိုသည့် “အချုပ်အခြာအာဏာ”၏ အဓိပ္ပာယ်နှင့် သဘောတရားကို စဉ်းစားတွေးခေါ်မိသည့်အခါတိုင်း ရှင်းလင်းထင်ရှားသော သိမြင်နားလည်မှုကို ပေးစွမ်းနိုင်ခြင်း မရှိပါသဖြင့် စာရေးသူလက်လှမ်းမီပြီး အလွယ်တကူရရှိနိုင်သည့် စာအုပ်၊ စာစောင်၊ စာပေများတွင် ရေးသားဖော်ပြထားရှိသည့် “အချုပ်အခြာအာဏာ” နှင့် ပတ်သက်သည့် သဘောတရားများ၊ အဓိပ္ပာယ်များကို စာရေးသူကဲ့သို့ သာမန်ပြည်သူပြည်သားများ အလွယ်တကူ သိမြင်နားလည်နိုင်စေရန် အလို့ငှာ လေ့လာတင်ပြနိုင်ရန် ကြိုးပမ်းအားထုတ်မိခြင်းဖြစ်ပါသည်။

ထို့ပြင် ယနေ့အချိန် စာရေးသူတို့၏ တိုင်းပြည်နိုင်ငံ တွေ့ကြုံရင်ဆိုင်လျက်ရှိသည့် ကြီးမားသော စိန်ခေါ်မှုကြီးများ၏ အခြေခံအကြောင်းရင်းများမှာ အချုပ်အခြာအာဏာနှင့် တိုက်ရိုက်ပတ်သက်လျက်ရှိနေပါသည်။ စာဖတ်သူတို့ သိမြင်ပြီးဖြစ်သည့်အတိုင်း စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးချိန်မှစတင်ကာ လက်နက်အင်အား ပါ၀ါအမာကိုသာ အခြေပြုသည့် အချုပ်အခြာအာဏာသည်သာ နှစ်ပေါင်းများစွာ ကျင့်သုံးရှင်သန်လျက်ရှိနေပါသည်။

အကျိုးဆက်အားဖြင့် ပြည်သူပြည်သားနိုင်ငံသားများ၏ အသက်ပေါင်းမြောက်မြားစွာ သေကျေပျက်စီးခဲ့ရပြီးဖြစ်သည့်အပြင် လောကပါလတရားများလည်း ပျက်သုဉ်းပျောက်ကွယ်လျက် ရှိနေပါတော့သည်။ ဖော်ပြပါ ဆိုးကျိုးများ ဖြစ်ထွန်းပေါ်ပေါက်နေခြင်းမှ လွတ်မြောက်စေရန်မှာ တိုင်းပြည်နိုင်ငံကို ဦးဆောင်ဦးရွက်ပြုလုပ်လျက်ရှိသည့်၊ နောင်တွင် တိုင်းပြည်နိုင်ငံကို ဦးဆောင်ဦးရွက်ပြုလုပ်မည့် လူပုဂ္ဂိုလ်ကြီးများနှင့် ပြည်သူပြည်သား နိုင်ငံသား အပေါင်းတို့အား တိုင်းပြည်အချုပ်အခြာအာဏာ၊ နိုင်ငံတော်အချုပ်အခြာအာဏာ၊ ပြည်သူလူထု အချုပ်အခြာအာဏာ၊ နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံကျင့်သုံးလျက်ရှိသည့် အချုပ်အခြာအာဏာစသည်ဖြင့် အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် အကြောင်းအရာများကို အလွယ်တကူ အလုံးစုံသိမြင်နားလည်သဘောပေါက်စေပြီး စတင်ကျင့်သုံးစေရန်အလို့ငှာ ပညာပေးမှုလုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များကို စနစ်တကျ ချမှတ်ကျင့်သုံးနိုင်ရန် ဖြစ်ပါသည်။

အင်္ဂလိပ်-မြန်မာ အဘိဓာန်တွင် အင်္ဂလိပ်စကားလုံး စကားရပ်ဖြစ်သည့် (Sovereignty) ကို ဘာသာပြန်ဆိုထားရှိသည်မှာ “(၁)လွတ်လပ်သော အချုပ်အခြာအာဏာ”နှင့် “(၂) အချုပ်အခြာအာဏာ” ဖြစ်ပါသည်။ ထို့ကြောင့် (Sovereignty) ၏ အဓိပ္ပာယ်နှင့် သဘောတရားများသည် မြန်မာစာ အဓိပ္ပာယ်အားဖြင့် အချို့သော နေရာများတွင် “လွတ်လပ်သော အချုပ်အခြာအာဏာ” အဖြစ် အဓိပ္ပာယ် တည်ရှိနေပြီးလျှင် အချို့သောနေရာများတွင် “အချုပ်အခြာအာဏာ” အဖြစ် အဓိပ္ပာယ်တည်ရှိနေသည်ဟု ယူဆနိုင်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည်မှာ “နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့်တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုသည်”ဟု ဖော်ပြထားသည့်အတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာဆိုသည်မှာ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့်တရား စီရင်ရေးအာဏာ ခက်မသုံးဖြာဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။

ထို့ပြင် ပုဒ်မ (၁) တွင် ဖော်ပြထားသည်မှာ “မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်”ဟု ဖော်ပြထားပြီး အင်္ဂလိပ်စကားလုံးစကားရပ်အရ အသုံးပြုထားသည့် (independent sovereignty Nation) ကို “လွတ်လပ်သော အချုပ်အခြာအာဏာပိုင် တိုင်းပြည်”အဖြစ် ဘာသာပြန်ဆို ခြင်း မပြုဘဲ “အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့် နိုင်ငံ” အဖြစ် ဘာသာပြန်ထားရှိသည်ကိုလည်း စာဖတ်သူများအနေဖြင့် သတိပြုကြစေလိုပါသည်။

ထို့ကြောင့် စာရေးသူ ယခုဆောင်းပါးတွင် ရေးသားတင်ပြမည့် အချုပ်အခြာအာဏာနှင့်ပတ်သက်သည့် သဘောတရားများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် စာရေးသူ လက်လှမ်းမီ အလွယ်တကူ ရရှိနိုင်သည့် စာအုပ်၊ စာစောင်၊ စာပေများတွင် တွေ့ရှိရသည့် သတင်းအချက်အလက်များကို အခြေခံပြီး တင်ပြခြင်းဖြစ်သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လျက်ရှိသည့် သတင်းများတွင် တွေ့မြင်ရသော “အချုပ်အခြာအာဏာ” ၏ အဓိပ္ပာယ်၊ သဘောတရားများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ဖော်ပြထားသည့်အဓိပ္ပာယ်၊ သဘောတရားများနှင့် ကွဲလွဲနိုင်ပါကြောင်း ဦးစွာကြိုတင်ရှင်းလင်းတင်ပြအပ်ပါသည်။

အချုပ်အခြာအာဏာ၏ သဘောတရားများကို အသေးစိတ် ရှင်းလင်းတင်ပြခြင်းမပြုမီ စာဖတ်သူများ၏ အသိအမြင်တွင် ဦးစွာ တည်ရှိနေစေရန်အလို့ငှာ (Reference: 1) တွင် ရှင်းလင်းဖော်ပြထားသည့် အကြောင်းအရာများကို ယခုဆောင်းပါးတွင် အင်္ဂလိပ်စကားလုံး စကားရပ်များအား တိုက်ရိုက် ရယူဖော်ပြခြင်း မပြုလုပ်ဘဲ မြန်မာဘာသာသို့ပြန်ဆိုပြီး ရှင်းလင်းတင်ပြပါမည်။

အချုပ်အခြာအာဏာ၏ သဘောတရားသည် နိုင်ငံရေးသိပ္ပံဘာသာရပ်တွင် အလွယ်တကူ သိမြင်နားလည်နိုင်ရန် အခက်ခဲဆုံး အရှုပ်ထွေးဆုံး အကြောင်းအရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ အဓိပ္ပာယ်ဖွင့်ဆိုထားသည်များမှာလည်း အမြောက်အမြား တည်ရှိနေသည့်အပြင် အချို့သော အဓိပ္ပာယ် ဖွင့်ဆိုချက်များမှာ လုံးဝ ဆန့်ကျင်ဘက်သဘောကို ဆောင်လျက်ရှိနေပါသည်။ အချုပ်အခြာအာဏာ သဘောတရားများတွင် အဓိကအားဖြင့် နည်းလမ်းနှစ်မျိုးနှင့် အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိကြပါသည်။

ပထမနည်းလမ်းအရ အဓိပ္ပာယ်ဖွင့်ဆိုထားသည်မှာ ပြည်သူလူထု၏ အင်အားပါ၀ါ သာလွန်ကြီးစိုး လွှမ်းမိုးခြင်းကို အသုံးပြုခြင်းပင် ဖြစ်ပါသည်။ ၎င်းတွင် အခွင့်အရေးများပါရှိပြီး သီအိုရီသဘောအရ တင်ပြရပါလျှင် မတတ်နိုင်သည့်အဆုံး ၎င်းတို့၏ အာဏာလုပ်ပိုင်ခွင့်ကို ချမှတ်ပြဋ္ဌာန်းနိုင်သည့်စွမ်းရည် လုပ်နိုင်စွမ်းကို အသိအမှတ်ပြုပေးရသည့် အခြေအနေပင်ဖြစ်ပါသည်။ ဤအဓိပ္ပာယ်သည် လွတ်လပ်ရေးရရှိရန် အဓိကအားဖြင့် ရည်ညွှန်းသည့်အပြင် စုပေါင်းဆောင်ရွက်သည့်ရလဒ် လွတ်လပ်စေခြင်းအဖြစ် မှတ်ယူကြပါသည်။

ဒုတိယနည်းလမ်းအရ အဓိပ္ပာယ်ဖွင့်ဆိုထားသည်မှာ တရားဝင်ဖြစ်ခြင်း တရားနည်းလမ်းကျခြင်းဖြင့် အင်အားပါ၀ါကို ရရှိကိုင်စွဲခြင်းအား ရည်ညွှန်းပါသည်။ မည်သူ့တွင် မည်ကဲ့သို့သော အာဏာလုပ်ပိုင်ခွင့်ရှိသည် ဆိုသည်ကို ခွဲခြားသတ်မှတ်ပေးခြင်းပင် ဖြစ်ပါသည်။ ဤအဓိပ္ပာယ်သည် အာဏာလုပ်ပိုင်ခွင့်နှင့် တရားဝင်ဖြစ်ခြင်း တရားနည်းလမ်းကျခြင်းတို့ကို ဆက်စပ်ပေးထားခြင်း ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက စတင်ကာ လက်နက်ကိုင်အင်အား ပါ၀ါအမာကိုသာ အခြေပြုသည့် အချုပ်အခြာအာဏာကို နှစ်ပေါင်းများစွာ ကျင့်သုံးအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြသဖြင့် ပြည်သူပြည်သားနိုင်ငံသားများ၏ အသက်ပေါင်းမြောက်မြားစွာ သေကျေပျက်စီးခဲ့ရပြီးဖြစ်သည့်အပြင် လောကပါလတရားများလည်း ပျက်သုဉ်းပျောက်ကွယ်လျက် ရှိနေပါသည်။ ယနေ့အချိန်မှစတင်ကာ တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းကို အခြေခံသည့်အချုပ်အခြာအာဏာ၏ အဓိပ္ပာယ်နှင့် သဘောတရားများအား တိုင်းပြည်နိုင်ငံကို ဦးဆောင်ဦးရွက်ပြုလုပ်လျက်ရှိသည့်/နောင်တွင် တိုင်းပြည်နိုင်ငံကို ဦးဆောင်ဦးရွက်ပြုလုပ်မည့် လူပုဂ္ဂိုလ်ကြီးများနှင့် ပြည်သူပြည်သား နိုင်ငံသားအပေါင်းတို့က အလွယ်တကူ အလုံးစုံသိမြင်နားလည်ပြီးလျှင် အပြည့်အဝ လက်ခံပြီး စတင်ကျင့်သုံးလာနိုင်စေရေးကို ရည်ရွယ်ပါသည်။

အချုပ်အခြာအာဏာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် သဘောတရားများအား (Reference: 2)တွင် ဖော်ပြထားရှိသည်များကို အခြေခံကာ စာရေးသူအနေနှင့် ရှင်းလင်းတင်ပြသင့်သည်ဟု ယူဆသည့် အကြောင်းအရာများအား ကောက်နုတ်ရယူတင်ပြပါမည်။ ဖော်ပြထားရှိသည့် အကြောင်းအရာအားလုံးကို ပြည့်စုံစွာ ရှင်းလင်းတင်ပြရန်မှာ ယခုဆောင်းပါးအဆင့်နှင့် မည်သို့မျှ မဖြစ်နိုင်သည်ကို နားလည်ပေးကြရန် ဖြစ်ပါသည်။ စာဖတ်သူများ အလွယ်တကူ သိမြင်နိုင်စေရန် ရှင်းလင်းတင်ပြမည့် အကြောင်းအရာများ၏ ခေါင်းစဉ်များကို ပုံတွင် ဖော်ပြထားပါသည်။

ပထမဦးစွာ ဖွဲ့စည်းတည်ဆောက်ပုံကို အခြေခံသော အချုပ်အခြာအာဏာ (The Constitutional Source of Sovereignty) ကို ရှင်းလင်းတင်ပြပါမည်။

ယခုဆောင်းပါးတွင် တင်ပြမည့် အချုပ်အခြာအာဏာ၏ အဓိ ပ္ပာယ်ဖွင့်ဆိုချက်များနှင့် သဘော တရားအားလုံးတို့ကို (Reference: 2) တွင် ဖော်ပြထားသည်များအား အခြေခံကာ ရှင်းလင်းတင်ပြမည် ဖြစ်ပါသည်။

“Sovereignty is the exclusive right to exercise supreme political authority (legislative, judicial, executive) over a geographical region, over a group of people, or over them-selves.” (Reference: 2). ဖော်ပြထားချက်အရ “အချုပ်အခြာအာဏာဆိုသည်မှာ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးစသည့်  နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာသာ လွန်ကြီးစိုးလွှမ်းမိုးခြင်းကို ကျင့်သုံးဆောင်ရွက်ရန် ပထဝီဝင်နယ်မြေ ဒေသတစ်ခု အပေါ်တွင်သော်လည်းကောင်း၊ ပြည်သူလူထုတစ်စု တစ်ဖွဲ့ အပေါ်တွင်သော်လည်းကောင်း၊ ၎င်းင်းတို့ကိုယ်တိုင်အတွက်သော်လည်းကောင်း အထူးသီးသန့် တစ်ခုတည်းသော အခွင့်အရေးဖြစ်ပါသည်။

“The concept of sovereignty is at the confluence of several branches of law: constitutional law, public international law, community law, but it has a strong meaning and utility for areas that we will exemplify not at all exhaustive: civil law when it regulates people, general theory of law when defining concepts and principles, administrative law when presenting institutions or tax law when regulating the legal relations in which taxpayers participate.” (Reference: 2). ဖော်ပြထားချက်အရ “အချုပ်အခြာအာဏာ၏ သဘောတရားဆိုသည်မှာ မြောက်မြားစွာသော ဥပဒေ၏ အကိုင်းအခက် အစိတ်အပိုင်းများကို တစ်စုတည်း ပေါင်းစည်းထားခြင်းပင် ဖြစ်ပါသည်။ ၎င်းင်းဥပဒေအမျိုးအစားများမှာ (၁) ဖွဲ့စည်းပုံအခြေခံဥပဒေ၊ (၂) နိုင်ငံတကာဥပဒေ၊ (၃) သီးခြားလူ အုပ်စုအဖွဲ့ အကျိုးစီးပွားအတွက် ဥပဒေ စသည်တို့ဖြစ်ပါသည်။ သို့ သော်လည်း ၎င်းင်းဥပဒေများသည် အဓိပ္ပာယ်အားဖြင့်သော်လည်းကောင်း၊ ဧရိယာနယ်ပယ်အားဖြင့် သော်လည်းကောင်း တင်းကျပ်သည့် အခြေအနေတစ်ရပ်အဖြစ် တည်ရှိနေပါသော်လည်း ပြည့်စုံစေ့စပ်သေချာသော နမူနာစံပြအဖြစ် မှတ်ယူနိုင်လိမ့်မည်မဟုတ်ပါ။ ရှင်းလင်းတင်ပြရပါလျှင် ပြည်သူလူထုအား စည်းမျဉ်းစည်းကမ်းနှင့် ထိန်းသိမ်းသည့်အခါတွင် အသုံးပြုရသည့် တရားမဥပဒေမူများနှင့် သဘောတရားများကို အဓိပ္ပာယ်ဖွင့်ဆိုသည့်အခါတွင် အသုံးပြုရသည့် “ယေဘုယျ သီအိုရီဥပဒေ”၊ ဖွဲ့စည်းတည်ဆောက်ပုံစနစ် ယန္တရားများ၏ အခြေအနေကို တင်ပြသည့်အခါတွင် အသုံးပြုရသည့် “အုပ်ချုပ်ရေးဥပဒေ”၊ အခွန်ထမ်းပြည်သူပြည်သားများအား တရားဝင်ဆက်သွယ် ဆက်ဆံ ထိန်းကျောင်းသည့်အခါတွင် အသုံးပြုရသည့် “အခွန်ဥပဒေ” စသည်ဖြင့် ကွဲပြားလျက်တည်ရှိနေပါသည်။”

ဖွဲ့စည်းတည်ဆောက်ပုံကို အခြေခံသော နိုင်ငံ၏ အစိတ်အပိုင်းများ (The constituent elements of the state) ကို တင်ပြရပါလျှင်  “In essence, the state exists by bringing together three elements: a material element (territory), a personal element (population or nation) and a formal institutional element (sovereignty, in the sense of exclusive political authority).” (Reference: 2). ဖော်ပြထားချက်အရ - အနှစ်သာရအရ နိုင်ငံအဖြစ် သတ်မှတ်တည်ရှိနိုင်စေရန်မှာ အောက်ဖော်ပြပါ အစိတ်အပိုင်း သုံးခုသည် အတူတကွ ပါရှိရမည်ဖြစ်ပါသည်။ ၎င်းင်းတို့မှာ (၁) ရုပ်ပစ္စည်း အစိတ်အပိုင်း (မြေနယ်နိမိတ်) (၂) လူအစိတ်အပိုင်း (လူဦးရေ သို့မဟုတ် တိုင်းပြည်)၊ (၃) တရားဝင် ဖွဲ့စည်းတည်ဆောက်ပုံစနစ်ယန္တရားများ အစိတ်အပိုင်း (အထူးသီးသန့် တစ်မျိုးတည်းသော နိုင်ငံရေး လုပ်ပိုင်ခွင့်အာဏာတွင်ရှိသော အချုပ်အခြာအာဏာ)။” ဒုတိယအနေဖြင့် ဆင့်ကဲဖြစ်စဉ်အရ တစ်စတစ်စ ပြောင်းလဲတိုး တက်လာသော အချုပ်အခြာအာဏာ (Evolution of the Concept of Sovereignty) အမျိုးအစားများနှင့် ပတ်သက်သည့် သဘောတရားများ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ရှင်းလင်းတင်ပြပါမည်။ ရှင်းလင်းတင်ပြချက်များတွင် အချိန်ကာလ ခုနှစ်များကို အခြေခံကာ သဘောတရားနှင့် အဓိပ္ပာယ်ပြောင်းလဲတိုးတက်လာပုံကို အထူးပြုဖတ်ရှုလေ့လာကြပါရန် တိုက်တွန်းအပ်ပါသည်။

(i) ဝက် (စ်) ဖေးလီးယား အချုပ်အခြာအာဏာ (Westphalian Sovereignty) ၁၆၁၈ ခုနှစ်မှ ၁၆၄၈ ခုနှစ်အထိ ဖြစ်ပွားခဲ့သော နှစ် ၃၀ ကြာ စစ်ပွဲကြီးကို အခြေခံကာ ဝက် (စ်) ဖေးလီးယား စာချုပ်ကို ဖန်တီးခဲ့ကြရာမှ ဝက်(စ်) ဖေးလီးယား အချုပ် အခြာအာဏာအဖြစ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ အသေးစိတ် တင်ပြရပါလျှင် “the Treaty of Westphalia establishes the principle of state sovereignty, ie each signatory party undertakes to respect the territorial rights of the other parties and not to interfere in internal affairs. Post-Western Europe is a continent of sovereign states. This is the purest meaning of sovereignty, the original, uncomplicated meaning of this major concept. And, always when we refer to sovereignty in the strictest and narrowest sense, this is: that of Westphalian sovereignty.” (Reference: 2).

“ဝက် (စ်) ဖေးလီးယားစာချုပ်သည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ “မူ” အပေါ်တွင် အခြေခံပြီး တည်ဆောက်ခဲ့ပါသည်။ ဥပမာအားဖြင့် လက်မှတ်ရေးထိုး ထားရှိသည့် အဖွဲ့ဝင်နိုင်ငံတိုင်းသည် အခြားအဖွဲ့ဝင်နိုင်ငံများ၏ ပြည် တွင်းရေးရာများတွင် ဝင်ရောက် နှောင့်ယှက်စွက်ဖက်ခြင်း မပြုရန်နှင့် အခြားနိုင်ငံများ၏ မြေနယ်နိမိတ်နှင့် ပတ်သက်သည့် အခွင့်အရေးများကို လေးစားလိုက်နာရန်ဖြစ်ပါသည်။ စစ်ပြီးစ အနောက်ဥရောပသည် အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ ဥရောပတိုက်တစ်တိုက်ဖြစ်ပါသည်။ ၎င်းသည် အချုပ်အခြာအာဏာနှင့် ပတ်သက်ပြီး အရှင်းလင်းဆုံး အသန့်စင်ဆုံး၊ မူရင်းရှေးအကျဆုံး၊ လုံးဝခက်ခဲရှုပ်ထွေးခြင်းမရှိသည့်  အဓိက သဘောတရား အဓိပ္ပာယ် ဖြစ်ပါသည်။ ၎င်းင်းအပြင် အချုပ်အခြာအာဏာ၏ အဓိပ္ပာယ်နှင့်ပတ်သက်ပြီး အတင်းကျပ်ဆုံးနှင့် အကျဉ်းမြောင်းဆုံး အနေအထား သဘောတရားကိုပြပါဆိုလျှင် ဝက် (စ်) ဖေးလီးယား အချုပ်အခြာအာဏာကိုသာ ရည်ညွှန်းလေ့ရှိကြပါသည်။

(ii) လောကီရေးရာသီအိုရီ အချုပ်အခြာအာဏာ (The Secular Theory of Sovereignty) ဂျိန်းဘိုဒင် Jean Bodin (1529/30 – 1596) သည် လောကီရေးရာသီအိုရီ အချုပ်အခြာအာဏာကို ရေးသားတင်ပြခဲ့သူဖြစ်ပါသည်။ ရေးသားတင်ပြခဲ့သည့် အဓိပ္ပာယ်ဖွင့်ဆိုထားချက်မှာ “…sovereignty is the absolute and perpetual power of a Republic, as a term used for both private individuals and those who held absolute control of the Republic.” (Reference: 2) ဖော်ပြထားချက်အရ “အချုပ်အခြာအာဏာဆိုသည်မှာ သမ္မတနိုင်ငံ (သမ္မတစနစ်) ၏ အကြွင်းမဲ့နှင့် အမြဲထာဝရ အာဏာပါ၀ါ ဖြစ်ပါသည်။ ၎င်းင်းကို စကားလုံးစကားရပ်အားဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် သမ္မတနိုင်ငံကို အကြွင်းမဲ့ထိန်းချုပ် ထားသည့် လူပုဂ္ဂိုလ်၊ တစ်စုတစ်ဖွဲ့ အမျိုးအစားနှစ်မျိုးစလုံးအတွက် အသုံးပြုပါသည်။

(iii) နိုင်ငံတော် အချုပ်အခြာအာဏာ (State Sovereignty)

နိုင်ငံတော် အချုပ်အခြာအာဏာသဘောတရားကို အထူးပြုလေ့လာဖော်ထုတ်ခဲ့သူမှာ ဟူဂိုဂရောတီးယပ် (စ်) Hugo Grotius (1583 – 1645)  ဖြစ်ပါသည်။ လေ့လာဖော်ထုတ်ခြင်းကို တင်ပြရပါ လျှင်  “analyzing a set of general and international norms of law, came to the conclusion of the need to differentiate the bearer of state power and the state as a subject of power and sovereignty.” (Reference: 2).

ဖော်ပြထားချက်အရ “နိုင်ငံတကာ စံချိန်စံနှုန်းများအဖြစ် ပြဋ္ဌာန်း ထားရှိသည့်ဥပဒေနှင့် ပေါင်းစုထားရှိ သည့် ယေဘုယျဥပဒေတို့ကို ဆန်း စစ်လေ့လာခြင်းအားဖြင့် နောက်ဆုံး ကောက်ချက်အဖြစ် ချမှတ်နိုင်သည်မှာ နိုင်ငံတော်၏ အာဏာပါ၀ါကို ရယူထမ်းဆောင်သူနှင့် နိုင်ငံတော်ဆိုသည်မှာ အာဏာပါ၀ါနှင့် အချုပ် အခြာအာဏာ၏ အကြောင်းအရာ ကိစ္စရပ်များ ဖြစ်သည်ကို ခွဲခြားသိမြင်ရန်လိုအပ်သည်ဆိုသည့် အချက်ပင် ဖြစ်ပါသည်။”

(iv) ကျမ်းရိုးသီအိုရီ အချုပ်အခြာအာဏာ (The Classical Theory of Sovereignty)

ကျမ်းရိုးသီအိုရီ အချုပ်အခြာအာဏာ သဘောတရားကို ရှင်းလင်းတင်ပြခဲ့သူမှာ ဂျိန်းဂျက်ကလော့ ရိုဆူး Jean-Jacques Rousseau (1712 – 1778) ဖြစ်ပါသည်။ ရှင်းလင်းတင်ပြချက်များကို ကောက်နုတ်ဖော်ပြရပါလျှင် “Rousseau described the people as the holders of sovereignty, and the leaders of the state as submissive officials who can be removed at any time. “ (Reference: 2). “ရိုဆူးက ပြည်သူလူထုသည် အချုပ်အခြာအာဏာကို ပိုင်ဆိုင်သည်ဆိုသော အချက်နှင့် နိုင်ငံတော်ကို ခေါင်းဆောင်နေကြသူများမှာ ကျိုးနွံနာခံရမည့် အရာရှိများသာဖြစ်ပြီး ၎င်းင်းတို့အား အချိန်မရွေး နိုင်ငံတော်ခေါင်းဆောင်အဖြစ်မှ ဖယ်ရှားနိုင်ရမည် ဖြစ်ပါသည်။

“Basically, Rousseau's conception best explains how sovereignty is created and, ultimately, legitimized by citizens.” (Reference: 2). “အခြေခံအားဖြင့် ရိုဆူး၏ သဘောတရားကို သိမြင်ရန် အကောင်းဆုံး အတိုဆုံးရှင်းလင်း တင်ပြရပါလျှင် နိုင်ငံသားများက အချုပ်အခြာအာဏာကို မည်ကဲ့သို့ ဖန်တီးတည်ဆောက်သည်ဆိုသည့် သဘောတရားနှင့် မူလအခြေခံအားဖြင့် တရားဝင်ဖြစ်စေရန် တရားနည်းလမ်းကျစေရန် မည်ကဲ့သို့ ပြုလုပ်ဆောင်ရွက်သည်ဆိုသည့် သဘောတရားပင် ဖြစ်ပါသည်။”

(v)  တိုင်းပြည် အချုပ်အခြာအာဏာ (National Sovereignty)

တိုင်းပြည် အချုပ်အခြာအာဏာ သဘောတရားကို ရှင်းလင်းတင်ပြခဲ့သူမှာ ချားလ် (စ်) မွန်တက် (စ်) ကျူ့ Charles Montesquieu (1689 – 1755) ဖြစ်ပါသည်။ ၎င်းင်း၏ ရှင်းလင်းတင်ပြချက်မှာ “Charles Montesquieu (1689-1755) included in the scientific and political circuit the category of nation, attaching it to the notion of sovereignty, thus generating a new conception, namely that of national sovereignty.” (Reference: 2).

ဖော်ပြထားချက်အရ “ချားလ် (စ်) မွန်တက် (စ်) ကျူ့ Charles Montesquieu (1689 – 1755) သည် တိုင်းပြည် အမျိုးအစားသတ်မှတ်ရာတွင် သိပ္ပံနည်းကျ အမျိုးအစားခွဲခြားသတ်မှတ်ခြင်းနှင့် နိုင်ငံရေးနှင့် ပတ်သက်သည့် ပုံမှန်လှည့်ပတ်ဆောင်ရွက်ရသော လုပ်ငန်းစဉ်များအတွက် အမျိုးအစားခွဲခြားသတ်မှတ်ခြင်းတို့ ပါဝင်ပါသည်။ ၎င်းင်းတွင် သဘောတရားအသစ်တစ်ရပ်ကို ဖွံ့ဖြိုးတိုးတက်စေခြင်းအလို့ငှာ အချုပ်အခြာအာဏာနှင့်ပတ်သက်သည့် အယူအဆ သဘောထားတစ်ရပ်ကို ချိတ်ဆက်ထည့်သွင်းခြင်းလည်း ပါဝင်ပါသည်။ ၎င်းင်းသဘောတရားကို အမည်အားဖြင့် တိုင်းပြည်အချုပ်အခြာအာဏာဟု ခေါ်ဆိုပါသည်။

(vi)  ပြည်သူလူထု အချုပ်အခြာအာဏာ (Sovereignty of the People) 

ပြည်သူလူထု အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် “မူ”များကို ချမှတ်ခဲ့သူမှာ ဂျွန်လော့ John Locke (1632 – 1704) ဖြစ်ပါသည်။ ၎င်းင်းရှင်းလင်းတင်ပြခဲ့သည့် ပြည်သူလူထု အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် အဓိပ္ပာယ်ကို တိုက်ရိုက် တင်ပြရပါလျှင် “Popular sovereignty is the doctrine that the public powers of the state have their origin in a concessive granting of power to the people and is perhaps the cardinal doctrine of modern constitutional theory, placing full constitutional authority in the people in general rather than in the hands of some. judges, kings or a political elite.” (Reference: 2).

ဖော်ပြထားချက်အရ “လူ ကြိုက်အများဆုံး အချုပ်အခြာအာဏာဆိုသည်မှာ နိုင်ငံရှိ ပြည်သူလူထု၏ အာဏာပါ၀ါ အယူအဆဖြစ်ပါသည်။ ၎င်းင်းတွင် ပြည်သူလူထုထံသို့ အာဏာပါ၀ါကို တရားဝင်ခွင့်ပြု လိုက်လျောသည့်အချက်ဖြစ်ပြီး ပြည်သူလူထုသည် မူရင်းမူလပိုင်ရှင်ဖြစ်သည်ဟူသော အယူအဆလည်း ပါဝင်ပါသည်။

၎င်းင်းသည် ခေတ်သစ်ဖွဲ့စည်းတည်ဆောက်ပုံ သီအိုရီ၏ အခြေခံအကျဆုံးအယူအဆလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဖွဲ့စည်းတည်ဆောက်ပုံအရ အပြည့်အဝ အာဏာလုပ်ပိုင်ခွင့်ရှိသည့်နေရာတွင် တရားသူကြီးများ၊ ဘုရင် သို့မဟုတ် နိုင်ငံရေးအခွင့်ထူးခံလူတန်းစားများက အာဏာလုပ်ပိုင်ခွင့်ကို ရယူထားခြင်း အခြေအနေအစား ပြည်သူပြည်သားများအားအစား ထိုးဆောင်ရွက်ရန်ဖြစ်ပါသည်။

(vii) ပြည့်စုံတောင့်တင်းခိုင်မာသော အချုပ်အခြာအာဏာ (Substantial Sovereignty)

နောက်ဆုံးအနေဖြင့် အချုပ်အခြာအာဏာနှင့်ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ မြောက်မြားစွာရှိသည့်အနက် အချုပ်အခြာအာဏာရပ်တွင် ဖြစ်သင့်ဖြစ်ထိုက် ပါဝင်သင့် ပါဝင်ထိုက်သည့် အရည်အသွေးအချို့ကို ဖော်ပြနိုင်ရန် ပြည့်စုံတောင့်တင်းခိုင်မာသော အချုပ်အခြာအာဏာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တင်ပြခြင်းဖြစ်ပါသည်။ တိုက်ရိုက်တင်ပြရပါလျှင်  “Substantial sovereignty is that indivisible, exclusive, inalienable, plenary component, enjoying an original character, being a complete portfolio of competences with identical and equal content for all states, as an ideal potential for the state to realize all rights and to and assume all obligations under this content.” (Reference: 2)

ဖော်ပြထားချက်အရ “ပြည့်စုံတောင့်တင်းခိုင်မာသော အချုပ်အခြာအာဏာဆိုသည်မှာ ခွဲခြမ်းစိတ်ဖြာ၍မရနိုင်သော၊ အထူးသီးသန့် တစ်ခုတည်းဖြစ်သော၊ လွှဲပြောင်း၍မရ ထာဝရဖြစ်သော၊ မျက်နှာစုံညီပြုလုပ်ခြင်း၏ ရလဒ်အစိတ်အပိုင်းဖြစ်သော၊ မူလသွင်ပြင်စရိုက်လက္ခဏာတစ်ရပ်အဖြစ် အကျိုးရရှိခံစားလျက်ရှိသော၊ နိုင်ငံအားလုံးတို့၏ ထပ်တူညီမျှမှုနှင့် တန်းတူညီမျှမှု သဘောတရားအကြောင်းအရာများ ပါဝင်သည့် လုပ်ရည်ကိုင်ရည်များအား အပြည့်အစုံမှတ်တမ်းပြုစုသည့် ပုံမှန်စနစ်တစ်ရပ်ထားရှိသော၊ ဤအကြောင်းအရာမာတိကာအောက်တွင် နိုင်ငံတော်အတွက် တာဝန်ဝတ္တရားများအဖြစ် သတ်မှတ်ပြီး တာဝန်ယူခြင်းနှင့် အခွင့်အရေးအားလုံးတို့ကို အမှန်တကယ်ရရှိနိုင်စေရန် အလားအလာရှိသည့် စိတ်ကူးစိတ်သန်း အတွေးအခေါ်ဖြစ်စေသည့် အကြောင်းအရာ ကိစ္စရပ်များ ပါဝင်ပါသည်။”

တတိယအနေဖြင့် ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ နိုင်ငံများအကြား မိတ်ဝတ် မပျက်ဆက်ဆံရေးနှင့် အတူတကွပူးပေါင်းဆောင်ရွက်ရေးတို့အတွက် နိုင်ငံတကာဥပဒေတွင် တရားဝင်ကြေညာပြဋ္ဌာန်းထားရှိသည့် “မူ” ကြီး ခုနစ်ရပ်အနက် ဆဋ္ဌမမြောက်မူဖြစ်သည့် နိုင်ငံများ၏ အချုပ်အခြာ အာဏာတန်းတူညီမျှခြင်းရှိစေရန် အလို့ငှာ ချမှတ်ထားရှိသည့် “မူ” များကို ရှင်းလင်းတင်ပြပါမည်။

ယခုရှင်းလင်းတင်ပြမည့် အကြောင်းအရာများသည် အချုပ်အခြာအာဏာ ခေါင်းစဉ်အောက်တွင် ရှင်းလင်းတင်ပြရခြင်းဖြစ်သည့်အတွက် အခြားသော “မူ” ကြီးများသည် အချုပ်အခြာအာဏာထက် ပိုမိုအရေးကြီးသည်ဟု ယူဆနိုင်ပါသော်လည်း အချုပ်အခြာအာဏာနှင့် သက်ဆိုင်ခြင်းမရှိသည့် အခြားသော အကြောင်းအရာများကို ဖော်ပြခြင်းမပြုတော့ပါ။ နိုင်ငံများ၏ အချုပ်အခြာအာဏာတန်းတူညီမျှခြင်း ရှိစေရန်အလို့ငှာ ချမှတ်ထားရှိသည့် “မူ” များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ (Reference: 3).

စာရေးသူ မြန်မာဘာသာပြန်သို့ ပြန်ဆိုခြင်းများသည် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘာသာပြန်ဆိုထားရှိသည့် သတင်းအချက်အလက်များနှင့် ကွဲလွဲနိုင်ပါသည်။ မူရင်းအင်္ဂလိပ်စာဖြင့် ဖော်ပြထားချက်များသည်သာ အမှန်ဖြစ်ပါသည်။

(က) နိုင်ငံအားလုံးတို့သည် တရားဥပဒေအားဖြင့် တန်းတူညီတူ ဖြစ်ပါသည်။ (States are juridically equal;)

(ခ) အချုပ်အခြာအာဏာ အပြည့်အဝပိုင်ဆိုင်မှုသည် နိုင်ငံတိုင်း၏ ပင်ကို မွေးရာပါအခွင့်အရေးများ ဖြစ်ကြပါသည်။ (Each State enjoys the rights inherent in full sovereignty;)

(ဂ) နိုင်ငံတိုင်းသည် အခြားနိုင်ငံများ၏ ပင်ကိုစရိုက်လက္ခဏာရပ်များကို လေးစားလိုက်နာရန် တာဝန်ရှိပါသည်။  (Each State has the duty to respect the personality of other States;)

(ဃ) သက်ဆိုင်ရာနိုင်ငံ၏ မြေ နယ်နိမိတ်တည်တံ့ခိုင်မြဲမှုနှင့် နိုင်ငံရေးအရ လွတ်လပ်မှုအား အစဉ်လေးစားလိုက်နာရမည် ဖြစ်ပါသည်။ (The territorial integrity and political independence of the State are inviolable;)

(င) နိုင်ငံတိုင်းသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေး မှုစနစ်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ရွေးချယ်ကျင့်သုံးရန်မှာ သက်ဆိုင်ရာ နိုင်ငံ၏ လွတ်လပ်သည့် အခွင့်အရေးဖြစ်ပါသည်။ (Each State has the right freely to choose and develop its political, social, economic and cultural systems;)

(စ) နိုင်ငံတိုင်းသည် အခြား နိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူရှင် သန်ရပ်တည်ရန်အတွက်သော် လည်းကောင်း၊ ၎င်းင်း၏ နိုင်ငံတကာ နှင့် ပတ်သက်သည့် တာဝန်ဝတ္တရားများအားလည်းကောင်း သဘောရိုးဖြင့် လိုက်နာရန် အပြည့်အဝတာဝန်ရှိပါသည်။ (Each State has the duty to comply fully and in good faith with its international obligations to live in peace with other States.)

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက စတင်ကာ လက်နက်ကိုင်အင်အား ပါ၀ါအမာကိုသာ အခြေပြုသည့် အချုပ်အခြာအာဏာကို နှစ်ပေါင်းများစွာ ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသဖြင့် ပြည်သူ ပြည်သား နိုင်ငံသားများ၏ အသက်ပေါင်း မြောက်မြားစွာ သေကျေပျက်စီးခဲ့ရပြီးဖြစ်သည့် အပြင် လောကပါလတရားများလည်း ပျက်သုဉ်းပျောက်ကွယ်လျက် ရှိနေပါသည်။ ယနေ့အချိန်မှစတင်ကာ တရားဝင်ဖြစ်ခြင်း၊ တရားနည်းလမ်းကျခြင်းကို အခြေခံသည့် အချုပ်အခြာအာဏာ၏ အဓိပ္ပာယ်နှင့် သဘောတရားများအား တိုင်းပြည်နိုင်ငံကို ဦးဆောင်ဦးရွက် ပြု လုပ်လျက်ရှိသည့်/နောင်တွင် တိုင်းပြည်နိုင်ငံကို ဦးဆောင်ဦးရွက် ပြုလုပ်မည့် လူပုဂ္ဂိုလ်ကြီးများနှင့် ပြည်သူ ပြည်သား နိုင်ငံသားအပေါင်းတို့က အလွယ်တကူ အလုံးစုံသိမြင် နားလည်ပြီးလျှင် အပြည့်အဝ လက်ခံပြီး စတင်ကျင့်သုံးလာနိုင်စေရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

References:

1. Alain de Benoist (1999), “What is Sovereignty? Translated by Julia Kostovs from Qu’est-ce Que La Souverainete၊ In E’le’ments. No. 96 (November 1999), pp – 24-35.

2. Ramon Gabriela TATAR and Adela MOISI (2022), “The Concept of Sovereignty”, Journal of Public Administration, Finance and Law, Issue 24/2022, pp – 292-303.

3. United Nations (1970), “UN Resolution Number 2625 (XXV), Declaration on Principles of International Law Concerning Friendly Relations and Co-operation among States in Accordance with Charter of the United Nations.”