နစက၏ ရွေးကောက်ပွဲ အာမခံချက်

နစက၏ ရွေးကောက်ပွဲ အာမခံချက်
အီလက်ထရွန်နစ် မဲပေးစနစ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၉ ရက်တွင် နစကဥက္ကဋ္ဌကို UEC တာဝန်ရှိသူတစ်ဦးက ရှင်းပြစဉ်
အီလက်ထရွန်နစ် မဲပေးစနစ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၉ ရက်တွင် နစကဥက္ကဋ္ဌကို UEC တာဝန်ရှိသူတစ်ဦးက ရှင်းပြစဉ်
Published 28 May 2023

ရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်သွားမည်ဟု အာမခံကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မေ ၂၂ ရက်က ပဲခူးမြို့ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင် များနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိတို့အနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပ၍ ရွေးကောက်ခံအစိုးရထံသို့ နိုင်ငံ့တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဟု အာမခံကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဦးစွာဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူ့ကိုမဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်ကို အသိပေးလိုကြောင်း ပြောကြားသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်လျှင် နစကဥက္ကဋ္ဌအနေဖြင့် ပြန်လည်ကျင်းပပေးမည်ဖြစ်ကြောင်းကို မကြာခဏ ပြောဆိုမှုများရှိခဲ့သည်။

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ ၎င်းင်းက ပြောကြားခဲ့ဖူးသည်။

“အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းများနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်” ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။

နစကအနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အခြေခံအချက်အလက်များ ပြည့်စုံမှန်ကန်အောင် သက်ဆိုင်ရာဌာနများက ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ အဆင့်လိုက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းင်းကဆိုသည်။

ထို့ပြင် မဲစာရင်း မှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းင်းက ပြောကြားသည်။

လွတ်လပ်ပြီး တရားမျှတ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် နိုင်ငံအဝန်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးရရှိရန် ပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲပူးပေါင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းင်းကဆိုသည်။

နစကဥက္ကဋ္ဌ ပြောကြားသွားသည့် စကားအသွားအလာကို ကြည့်မည်ဆိုလျှင် အရေးပေါ်ကာလအလွန်တွင် ရွေးကောက်ပွဲလုပ်သွားမည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ 

အရေးပေါ်ကာလ ခြောက်လတိုးမြှင့်ခြင်း

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၃) ကို နေပြည်တော်၌ ကျင်းပခဲ့သည်။

သာမန်မဟုတ်သည့်အခြေအနေဖြစ်သည့်အတွက် အရေးပေါ်ကာလကြေညာထားမှုကို နောက်ထပ် ခြောက်လသက်တမ်းတိုးမြှင့်ရန် ကာလုံအစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတစ်ဝန်း ကြေညာထားသည့် အရေးပေါ်အခြေအနေကာလကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ နောက်ထပ်ခြောက်လ ထပ်မံတိုးမြှင့်ခွင့်ပြုလိုက်ကြောင်း ယာယီသမ္မတ ဦးမြင့် ဆွေက ပြောကြားသည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံတော်၏ အာဏာအရပ်ရပ်အား ထပ်မံအပ်နှင်းလိုက်ကြောင်း ကာလုံအစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

အရေးပေါ်ကာလ သက်တမ်းတိုးပေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တာဝန်ကိုပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးလျှင် သာမန်အားဖြင့် ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ တွင် နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုယ်တိုင်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ရပ်နှင့်ဖြစ်စေ လွှဲအပ်ကျင့်သုံးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက အရေးပေါ်ကာလ ကြေညာထားမှုကို ခြောက်လနှစ်ကြိမ် သက်တမ်းတိုးမြှင့်ပြီးဖြစ်သော်လည်း ရွေးကောက်ပွဲကျင်းပနိုင်ရန် အချိန်လိုအပ်ချက်၊ အခြေခံ မဲစာရင်းများပြုစုရန် အချိန်လိုအပ်ချက်နှင့် လုံခြုံရေးအကြောင်းပြချက် စသည့်အချက်များကို တင်ပြဆွေးနွေးခဲ့ပြီး နောက်ထပ် ခြောက်လ သက်တမ်းတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

ထို့နောက် ယာယီသမ္မတ ဦးမြင့်ဆွေက အဆိုပါအချက်များသည် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့်အတွက် ဖန်တီးပေးရန်လိုအပ်ကြောင်း၊ ယခုအစည်းအဝေးသို့တက်လာသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး၏ သဘောတူညီဆုံးဖြတ်ချက်များအရလည်းကောင်း၊ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ ယခုလို အရေးပေအခြေအနေ ကြေညာထားသည့် ကာလကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နောက်ထပ် ခြောက်လ တိုးမြှင့်သတ်မှတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အ ရ နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ထပ်မံအပ်နှံကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ယာယီသမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ သဘောထားတောင်းခံရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဆက်စပ်စကားရပ်များကို ထောက်ရှု၍ လက်ရှိဖြစ်ပေါ်နေသော အခြေအနေသည် သာမန်မဟုတ် သည့်အခြေ အနေဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တစ်ကြိမ်လျှင် ခြောက်လအထိ ၂၀၂၃ ခုနှစ် ဖေဖော် ၀ါရီ ၁ ရက်မှစ၍ ဆက်လက်သက်တမ်း တိုးမြှင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိသည်ဟု နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက ယာယီသမ္မတထံသို့ သဘောထားပြန်ကြားခဲ့သည်။

လုံခြုံရေးအခြေအနေ

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နှစ်နှစ်ပြည့်ချိန်၌ နစကအနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးက မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၃၃၀ ရှိသည့်အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းသည့် မြို့နယ် ၁၉၈ မြို့နယ်ရှိပြီး လုံခြုံရေး အလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်နှင့် လုံခြုံရေး ထိထိရောက်ရောက်ဆောင်ရွက်ရမည် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဇန်နဝါရီ ၃၁ ရက်တွင် ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ တစ်နိုင်ငံလုံးတွင် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရမှု ၈၅၂၇ ကြိမ်၊ တိုက်ခိုက်ခံရမှု ၉၆၈၆ ကြိမ်၊ မီးရှို့မှု ၁၂၃၁ ကြိမ် စုစုပေါင်း အကြမ်းဖက်မှု ၁၉၄၄၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ၎င်းင်းက ပြောကြားသည်။

ယင်းကာလအတွင်း အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သားအပါအဝင် စုစုပေါင်း သေဆုံး ၅၄၄၃ ဦးနှင့် ဒဏ်ရာရ ၄၅၇၇ ဦး ရှိခဲ့ကြောင်းနှင့် အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် သံဃာအပါး ၇၀၊ သီလရှင် နှစ်ပါး၊ ပညာရေးဝန်ထမ်း ၆၆ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၄ ဦး စုစုပေါင်း ၁၅၂ ဦး သေဆုံးမှုများရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ဗုံးဖောက်ခွဲမှုအနေဖြင့် ကားလမ်း ၁၀၂၁ ကြိမ်၊ ရထားလမ်း ၆၆ ကြိမ်၊ တံတား ၁၃၇ ကြိမ်၊ လျှပ်စစ် တာဝါတိုင် ၂၃ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၃၆၅ ကြိမ်ရှိခဲ့ပြီး မီးရှို့ဖျက်ဆီးမှုအနေဖြင့် ကားလမ်း ၅၈ ကြိမ်၊ တံတား ၁၂ ကြိမ်၊ လျှပ်စစ်တာ ၀ါတိုင် နှစ်ကြိမ်နှင့် ဆက်သွယ်ရေး တာဝါတိုင် ၁၃၂ ကြိမ် ရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

စစ်အုပ်ချုပ်ရေးကြေညာခြင်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းနှင့် ပြည်နယ် ရှစ်ခုမှ မြို့နယ် ၃၇ မြို့နယ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၁၉ အရ အမိန့်အမှတ်(၁/၂၀၂၃)၊ (၂/၂၀၂၃)၊ (၃/၂၀၂၃)၊ (၄/၂၀၂၃)၊ (၅/၂၀၂၃) နှင့် (၆/၂၀၂၃) တို့ဖြင့် စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်ဟု ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်အုပ်ချုပ်ရေး ကြေညာခြင်းခံခဲ့ရသည့် မြို့နယ်များမှာ စစ်ကိုင်းတိုင်းမှ ၁၁ မြို့နယ်၊ ချင်းပြည်နယ်မှ ခုနစ်မြို့နယ်၊ ပဲခူးတိုင်းမှ ငါးမြို့နယ်၊ မကွေးတိုင်းမှ ငါးမြို့နယ်၊ ကယားပြည် နယ်မှ လေးမြို့နယ်၊ မွန်ပြည်နယ်မှ တစ်မြို့နယ်၊ ကရင်ပြည်နယ်မှ နှစ်မြို့နယ်နှင့် တနင်္သာရီတိုင်းမှ နှစ်မြို့နယ်တို့ ဖြစ်ကြသည်။  

အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နှင့် ရေဦးမြို့နယ်တို့ကိုလည်းကောင်း၊ ချင်းပြည်နယ်ရှိ တီးတိန်၊ ထွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နှင့် ဟားခါးမြို့နယ်တို့လည်းကောင်း အမိန့်အမှတ် (၁/၂၀၂၃) ဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့ခြင်းဖြစ်သည်။

ထို့အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မကွေးတိုင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နှင့် မြိုင်မြို့နယ်တို့ကို အမိန့် အမှတ် (၂/၂၀၂၃) ဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်းရှိ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နှင့် ပေါက်ခေါင်းမြို့နယ်တို့ကို အမိန့်အမှတ် (၃/၂၀၂၃) ဖြင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မွန်ပြည်နယ်ရှိ ရေးမြို့နယ်နှင့် ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးနှင့်ကော့ကရိတ်မြို့နယ်တို့ကို အမိန့်အမှတ် (၄/၂၀၂၃) ဖြင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံသို့လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းရှိ တနင်္သာရီနှင့် ပုလောမြို့နယ်တို့အား အမိန့်အမှတ် (၅/၂၀၂၃) ဖြင့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) နယ်မြေဖြစ်သည့် ကယားပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘောလခဲမြို့နယ်တို့ကို အမိန့်အမှတ်(၆/၂၀၂၃) ဖြင့် ဒေသကွပ်ကဲရေးမှူးထံသို့လည်းကောင်း  အသီးသီး စစ်အုပ်ချုပ်ရေး အပ်နှင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအား အနောက်မြောက် တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘို၊ ဝက်လက်နှင့် အရာတော်မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့်မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ခဲ့ပြီး အကြမ်းဖက်မှုများလျော့ပါးအောင် ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားသည်။

စစ်အုပ်ချုပ်ရေးသတ်မှတ်ခြင်းသည် ပြစ်မှုကျူးလွန်သူများအတွက်သာဖြစ်ပြီး ပြည်သူများကို ကြေညာခြင်းမဟုတ်ကြောင်း၊ လာမည့် ခြောက်လတာကာလအတွင်း အဆိုပါ ဒေသများ၏ တည်ငြိမ်အေးချမ်းမှုသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာမည်ဟုယူဆကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

တပ်မတော်အနေဖြင့် စစ်ဆင်ရေးအဖြစ် သတ်မှတ်ထားသည့်နယ်မြေများတွင် စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားခြင်းမရှိသည့် နယ်မြေများတွင် အကြမ်းဖက်မှုနှိမ်နင်းရေးလုပ်ငန်းများကို ဥပဒေနှင့်အညီသာ အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်းသိမ်းရန် ခက်ခဲသည့်နေရာများကိုသာ စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မတ်လကလည်း ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ထို့အတူ ၂၀၂၁ ခုနှစ် မေလတွင်လည်း ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ 

ထို့ကြောင့် လက်ရှိတွင် မြန်မာ နိုင်ငံ၌ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်ပေါင်း ၄၇ မြို့နယ်ရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းကိုးခုမှ မြို့နယ် ၄၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းလည်းဖြစ်သည်။

ရန်ကုန်တိုင်းတွင် ခြောက်မြို့နယ်၊ ချင်းပြည်နယ်တွင် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၄ မြို့နယ်၊ ပဲခူးတိုင်းတွင် ငါးမြို့နယ်၊ မကွေးတိုင်းတွင် ငါးမြို့နယ်၊ ကယားပြည်နယ်တွင် လေး မြို့နယ်၊ မွန်ပြည်နယ်တွင် တစ်မြို့နယ်၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်နှင့် တနသာင်္ရီတိုင်းတွင် နှစ်မြို့နယ်တို့ကို နစက,က စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

စစ်အုပ်ချုပ်ရေး ကြေညာခြင်း ခံထားရသည့် ပြည်နယ်နှင့် တိုင်းကိုးခုအနက် စစ်ကိုင်းတိုင်းမှာ မြို့နယ် ၁၄ မြို့နယ်ဖြင့် အများဆုံးကြေညာခံထားရပြီး ချင်းပြည်နယ်က ရှစ်မြို့နယ်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းက ခြောက်မြို့နယ်ဖြင့် တတိယ အသီးသီးကြေညာခံထားရသည်။

ရွေးကောက်ပွဲအာမခံချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းမှု ခြောက်လပြည့်တွင် လာမည့်ရွေးကောက်ပွဲကျင်းပမည့် အချိန်နှင့်စပ်လျဉ်း၍ အရိပ်အမြွက်ပြောကြားမှုကို ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အတည်ပြုခဲ့သည်။                        

“နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်၍ ၂၀၂၃ ခုနှစ် သြ ဂုတ်လအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း” ဆိုပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်အရာရှိ၊ အရာခံများနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌ၏ စကားအရ ရွေးကောက်ပွဲကျင်းပမည်ဆိုပါက လပိုင်းမျှသာလိုသည်ကို တွေ့ရမည်ဖြစ်ပြီး လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲလုပ်ရန် မဖြစ်နိုင်သေးကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

လက်ရှိတွင် နစကအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ပြဋ္ဌာန်းပြီးနောက် တည်ဆဲနိုင်ငံရေး ပါတီများကို ပြန်လည်လျှောက်ထားစေခဲ့သည်။

UEC သို့ လာရောက်ပြန်လည်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆၃ ပါတီ ရှိသည့်အနက် မေ ၂၂ ရက်အထိ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်ပါတီ ၁၈ ပါတီသာရှိသေးပြီး ကျန်ပါတီများကို စိစစ်နေဆဲဖြစ်သဖြင့် လုပ်ငန်းစဉ်မှာ မပြီးပြတ်သေးပေ။ 

UEC အနေဖြင့် လက်ရှိကာလကို ရွေးကောက်ပွဲအကြိုကာလအဖြစ် သတ်မှတ်ထားပြီး အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးဆောင်ရွက်ခြင်း၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့်အညီ ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ပြဋ္ဌာန်း နိုင်ရေးဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်အသိပညာပေးမှုတွေ ဆောင်ရွက်ခြင်း၊ လူသားအရင်းအမြစ် ဖြည့်တင်းလေ့ ကျင့်ခြင်းနှင့် ရုံးဌာနများ တည်ဆောက် ခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိနေဆဲပင် ဖြစ်သည်။                  မြန်မာနိုင်ငံတွင် ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်း လာမည့်ရွေးကောက်ပွဲသည် ရှေ့ကကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် တူညီမှုမရှိသည်ကို တွေ့ရသည်။ 

၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ပြည့် နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများသည် လွှတ်တော်သက်တမ်းအလိုက် ပုံမှန် Circulation အရ ဆောင်ရွက်ရသည့် ရွေးကောက်ပွဲများလည်း ဖြစ်သည်။ ယင်းရွေးကောက်ပွဲများအတွက် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲ အလွန်ကာလ လုပ်ငန်းစဉ်များအတိုင်း Timeline၊ Schedule များနှင့် ဆောင်ရွက်ရခြင်း ဖြစ်သည်။ သို့သော် လာမည့် ရွေးကောက်ပွဲသည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီး ကျင်းပရမည့် ရွေးကောက်ပွဲဖြစ်သောကြောင့် မတူညီသည်ကို တွေ့ရသည်။

ရွေးကောက်ပွဲကျင်းပနိုင်ရန် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ပြောလေ့ရှိသည်။

ရွေးကောက်ပွဲကျင်းပရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ချိတ်ဆက်ထားသော်လည်း တည်ငြိမ်အေးချမ်းမှု မရှိပါက ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ရှိ မရှိ ယတိပြတ် ပြောကြားခြင်းမရှိပေ။

“ရွေးကောက်ပွဲ မကျင်းပနိုင်ပါက ၎င်းင်းနယ်မြေမှာရှိတဲ့ ပြည်သူများရဲ့အခွင့်အရေးများ ဆုံးရှုံးမှုရှိနိုင်ပါတယ်” ဟုသာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

လက်ရှိတွင် နစကဥက္ကဋ္ဌအနေဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု အာမခံပြောကြားထားသဖြင့် အရေးပေါ်ကာလအလွန် မည်သည့်အချိန်တွင် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။