မေလ(၂၀ )ရက်က အယ်လ်ဆာဗေးဒိုးပြည်တွင်း ကလပ်ပွဲစဉ်တစ်ခုတွင် ကွင်းအတွင်းသို့ ပရိသတ်များ တိုးဝှေ့ဝင်ရောက်မှုကြောင့် အနည်းဆုံး(၁၂)ဦးခန့် သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အယ်လ်ဆာဗေးဒိုးနိုင်ငံ၏မြို့တော် ဆန်ဆယ်လ်ဗေးဒိုးတွင် ဒေသခံကလပ် Alianza အသင်းနှင့် Santa Ana အခြေစိုက် Fas အသင်းတို့ကစားသည့်ပွဲတွင် ယင်းမတော်တဆဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်ကြောင့် ပွဲကို ချက်ချင်းရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။
အယ်လ်ဆာဗေးဒိုးသမ္မတဖြစ်သူ နာယစ်ဘူကယ်လီက မကြုံစဖူးဖြစ်ရပ်ဟု မှတ်ချက်ပြုခဲ့ပြီး စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ရဲတပ်ဖွဲ့က အစောပိုင်းပြောကြားမှုတွင် သေဆုံးခဲ့သူများမှာ အမျိုးသား (၇)ဦးနှင့် အမျိုးသမီး(၂)ဦးဖြစ်သည်ဟု ဆိုခဲ့ပြီး သေဆုံးသူအားလုံး အသက်(၁၈)နှစ်အထက်များဖြစ်သည်ဟုလည်း အတည်ပြုခဲ့သည်။
ကွင်းဂိတ်တံခါးပိတ်ပြီးနောက် ပရိသတ်အများအပြားသည် ကွင်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့ရသည်။
ပရိသတ်အချို့သည် လက်မှတ်တုများ ကိုင်ဆောင်ခဲ့သည်ဟုလည်း တာဝန်ရှိသူများက ယုံကြည်နေပြီး စုံစမ်းစစ်ဆေးသွားမည်ဟု ပြောကြားခဲ့သည်။
ဒေသတွင်းမီဒီယာများက ဖော်ပြသည့် ဗီဒီယိုဖိုင်များတွင် ပရိသတ်များသည် အတားအဆီးများကို ဖယ်ရှားပြီး စုပြုံဝင်ရောက်ခဲ့သည့်ပုံရိပ်များကို မြင်တွေ့ခဲ့ရသည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဆေးကုသမှုခံယူခဲ့ရသည့် ပရိသတ်အရေအတွက် (၉၀)ဦးဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
အယ်လ်ဆာဗေးဒိုးဘောလုံးအ ဖွဲ့ချုပ်သည် ယင်းဖြစ်ရပ်ကြောင့် တနင်္ဂနွေပွဲစဉ်များကို ရွှေ့ဆိုင်းခဲ့သည်။















