ဆိုစီဒက်အသင်းအား (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ယခုရာသီတွင် ခံစစ်စံချိန်မှတ်တမ်းကောင်းများ ပိုင်ဆိုင်နိုင်ရန် စတီဂန် မျှော်လင့်နေ

ဆိုစီဒက်အသင်းအား (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ယခုရာသီတွင် ခံစစ်စံချိန်မှတ်တမ်းကောင်းများ ပိုင်ဆိုင်နိုင်ရန် စတီဂန် မျှော်လင့်နေ
Photo: Reuters
Photo: Reuters
Published 22 May 2023

ဘာစီလိုနာအသင်း၏ ဂျာမနီလက်ရွေးစင်ဂိုးသမား စတီဂန်က ယခုတစ်ပတ်ကစားခဲ့သော လာလီဂါပွဲစဉ် (၃၅)တွင် ဆိုစီဒက်အသင်းအား ပေးဂိုး (၂)ဂိုးပေးကာ (၁-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း ယခုရာသီတွင် ခံစစ်စံချိန်မှတ်တမ်းကောင်းများ ထပ်မံပိုင်ဆိုင်နိုင်ရန် မျှော်လင့်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana က ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် နည်းပြဇာဗီလက်ထက် ယခုရာသီတွင် ခံစစ်စွမ်းဆောင်ရည်ကောင်းများကိုပြသနေပြီး အသင်း၏ လာလီဂါချန်ပီယံအောင်ပွဲတွင် ခံစစ်ပိုင်း မာကျောကျစ်လျစ်မှုမှာ အဓိကအကျဆုံံးနှင့် အရေးပါဆုံး ဖြစ်ခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုရာသီလာလီဂါ ပွဲစဉ် (၃၅)ပွဲကစားပြီးချိန်၌ ပေးဂိုး (၁၅)ဂိုးသာခွင့်ပြုထားရပြီး ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နေသလို၊ ဂိုးမပေးရသည့်ပွဲ (Clean Sheet) (၂၅)ပွဲအထိ ရယူထားနိုင်ခြင်းမှာလည်း ယခုရာသီ ထိပ်တန်းလိဂ် (၅)ခုတွင် အကောင်းဆုံးသော စွမ်းဆောင်ရည်မှတ်တမ်းအဖြစ် ရပ်တည်လျက်ရှိနေသည်။

ဘာစီလိုနာအသင်း၏ ယခုကဲ့သို့ ခံစစ်စံချိန်မှတ်တမ်းကောင်းများတွင် အသက် (၃၁)နှစ်အရွယ် ဂိုးသမား စတီဂန်သည် အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့ပြီး လာလီဂါအကောင်းဆုံးဂိုးသမားဆု (ဇာမိုရာဆု)ကို ရရှိရန်နီးစပ်နေသလို၊ ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း လာလီဂါ Clean Sheet ပွဲအများဆုံးရရှိသူအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့သည်။

စတီဂန်အနေဖြင့် ယခုကဲ့သို့ မှတ်တမ်းကောင်းများကို ပိုင်ဆိုင်ထားသော်လည်း လာလီဂါပြိုင်ပွဲသမိုင်း၏ခံစစ်စံချိန်မှတ်တမ်းများကို ထပ်မံချိုးဖျက်နိုင်ရန်ဆန္ဒပြင်းပြနေပြီး လက်ကျန်ပွဲစဉ် (၃)ပွဲတွင် စွမ်းဆောင်ရည်ကောင်း ပြသနိုင်ရန် မျှော်လင့်နေကြောင်းသိရသည်။

ဘာစီလိုနာအသင်းအနေဖြင့် ယခုရာသီတွင် ပေးဂိုး (၁၅)ဂိုးခွင့်ပြုထားရပြီး လာလီဂါပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ပေးဂိုးအနည်းဆုံးစံချိန်တင်ထားသည့် ဒီပို့တီဗိုဂိုးသမား လီယာနိုနှင့် အက်သလက်တီကိုဂိုးသမား အိုဘလက်ခ် (၁၈ ဂိုး)တို့၏ စံချိန်ကို ကျော်ဖြတ်နိုင်ရန် လက်ကျန် (၃)ပွဲ၌ အများဆုံး (၂)ဂိုးသာခွင့်ပြုရမည်ဖြစ်သလို၊ ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း Clean Sheet အများဆုံးရယူနိုင်သူအဖြစ် စံချိန်တင်ထားသည့် ဒီပို့တီဗိုဂိုးသမားလီယာနို (၂၆ ပွဲ)၏စံချိန်ကိုကျော်ဖြတ်နိုင်ရန် လက်ကျန် (၃)ပွဲတွင် ဂိုးမပေးရသည့်ပွဲအနည်းဆုံး (၂)ပွဲ ရယူနိုင်ရန် လိုအပ်နေသည်။

ထို့ကြောင့် စတီဂန်အနေဖြင့် လာလီဂါနောက်ဆုံး (၂)ပွဲဆက်(အက်စ်ပန်ညို၊ ဆိုစီဒက်)တွင် ပေးဂိုး (၄)ဂိုး ခွင့်ပြုခဲ့ရသော်လည်း လက်ကျန် (၃)ပွဲတွင် ခံစစ်ပိုင်း၏အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသကာ လာလီဂါပြိုင်ပွဲသမိုင်း၏ စံချိန်မှတ်တမ်းသစ်များ ထပ်မံပိုင်ဆိုင်နိုင်ရန် မျှော်လင့်နေခြင်းဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

Most Read

Most Recent