မန်ယူအသင်း၏ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိသွားခဲ့ပြီးနောက် မန်ယူအသင်းအနေဖြင့် မြို့ခံပြိုင်ဘက်၏ ဖလား(၃)လုံးအောင်ပွဲကို တားဆီးရန် အခွင့်အရေး (၅%)သာရှိသည်ဟု နောက်ပြောင်ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ဒုတိယနေရာမှ အာဆင်နယ်အသင်း နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့သည့်အတွက် ပြီးခဲ့သည့်စနေနေ့မှာပင် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အဖြေထွက်ခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်နှင့် FA ဖလားပြိုင်ပွဲတို့၌ ဗိုလ်လုပွဲသို့ တက်ရောက်ထားနိုင်သည့်အတွက် ဖလား(၃)လုံးအောင်ပွဲအတွက် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အင်တာမီလန်၊ FA ဖလားဗိုလ်လုပွဲတွင် မန်ယူအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် ဂယ်ရီနဗီးလ်က မန်စီးတီးအသင်းဖလား(၃)လုံးအောင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါက နည်းပြ ဂွါဒီယိုလာကို မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန်နှင့်တန်းတူ ထာဝရအကောင်းဆုံးနည်းပြတစ်ဦးအဖြစ် ဂုဏ်ပြုထိုက်ကြောင်းပြောကြားခဲ့သလို၊ မန်ယူအသင်းအနေဖြင့် မန်စီးတီးအသင်းကို တားဆီးရန် အခွင့်အရေး (၅%)သာရှိသည်ဟုလည်း နောက်ပြောင်ခဲ့ခြင်းဖြစ်သည်။
"မန်စီးတီးအသင်း ဖလား(၃)လုံးအောင်ပွဲ ရစေချင်သလားဆိုရင် No ပါ။ မရစေချင်ပါဘူး။ မန်ယူပရိသတ်ဖြစ်ရင် ဘယ်သူမှ မန်စီးတီးအသင်းကို ဖလား(၃)လုံးအောင်ပွဲ မရစေချင်ပါဘူး။ ဒါပေမဲ့ သူတို့လုပ်ဆောင်နိုင်ခဲ့ရင်တော့ လက်မြှောက်ပြီးတော့ ဒီနည်းပြနဲ့ ဒီကစားသမားအစုအဖွဲ့ဟာ တုနှိုင်းမမီတဲ့ အရာတစ်ခုကို ရယူနိုင်ခဲ့ပြီလို့ ဝန်ခံပြောကြားရမှာပါပဲ။ ဆာအဲလက်စ်ဖာဂူဆန်က အင်္ဂလန်ဘောလုံးသမိုင်းမှာ ဖလား(၃)လုံးအောင်ပွဲရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော မန်နေဂျာဖြစ်ပြီး အကြီးကျယ်အခမ်းနားဆုံးဖြစ်လို့လည်း ဒီလိုစွမ်းဆောင်နိုင်တာပါ။ ဆာအဲလက်စ်ဖာဂူဆန်လို ဂွါဒီယိုလာ ရယူနိုင်ခဲ့ရင်လည်း သူ့ကို ဂုဏ်ပြုထိုက်ပါတယ်"ဟု ဂယ်ရီနဗီးလ်က ပြောကြားခဲ့သည်။
ဖာဂူဆန်သည် မန်ယူအသင်းကို ၁၉၉၈-၉၉ ရာသီတွင် ဖလား(၃)လုံးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအောင်ပွဲတွင် ဂယ်ရီနဗီးလ်မှာလည်း မန်ယူအသင်း၏ ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
မန်စီးတီးနှင့် မန်ယူတို့ ယှဉ်ပြိုင်ရမည့် FA ဖလားဗိုလ်လုပွဲနှင့်ပတ်သက်၍ ဂယ်ရီနဗီးလ်က "ဝင်ဘလေပွဲအတွက် ကျွန်တော် လက်မှတ်ဝယ်ထားပြီးပါပြီ။ အဲဒီပွဲမှာ မန်စီးတီးအသင်းက မန်ယူအသင်းကို အနိုင်ယူပြီး ဖလား (၃)လုံးချန်ပီယံအောင်ပွဲအတွက် ခရီးဆက်မယ့်အခြေအနေ တွေ့မြင်ရမယ်လို့ တွေးနေပါတယ်။ ဒါပေမဲ့ မန်ယူအသင်းက သူတို့ကို ရပ်တန့်ပစ်လိုက်နိုင်တာကိုလည်း မြင်တွေ့ချင်ပါတယ်။ အဲဒီလိုဖြစ်ဖို့ကတော့ အခွင့်အရေး(၅%)ပဲ ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် နည်းပြ ဂွါဒီယိုလာလက်ထက်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၇)ရာသီအတွင်း (၅)ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်သလို၊ နောက်ဆုံး(၃)ရာသီ ဆက်တိုက် ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ထို့ကြောင့် ပရီးမီးယားလိဂ်သမိုင်းတွင် မန်ယူအသင်း(၂ ကြိမ်)ပြီးနောက် ချန်ပီယံဆုကို (၃)ရာသီဆက်တိုက် ရယူနိုင်သည့် ဒုတိယမြောက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။















