ရန်ကုန်မြို့က အငှားယာဉ်မောင်းများရဲ့ သောက

ရန်ကုန်မြို့က အငှားယာဉ်မောင်းများရဲ့ သောက
Published 30 April 2023
ဇော်မင်းနိုင်

 “လူကြည့်ပြီး လိုက်နေရတယ်။ ပုံစံက ပုံမလာရင် ဘယ်သူ့မှ မတင်ရဲဘူး ဟု ရန်ကုန် မြို့မှာ အငှားယာဉ်မောင်းနှင်သူတစ်ဦးဖြစ်သည့် ကိုမြတ်စိုးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း အငှားယာဉ်မောင်း နှင်သူများအတွက် စက်သုံးဆီစျေးကြီးမြင့်မှု၊ အော်ဒါရရှိခြင်း နည်းပါးလာမှု စသည့်သောက များအပြင် ယခုနောက်ပိုင်း ထပ်တိုးလာသည့် သောကမှာ အငှားယာဉ်များ လုယက်ခံရပြီး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်များဖြစ်သည်။

သင်္ကြန်ကာလအတွင်း ဧပြီ ၁၂ ရက်မှာ ပင်အငှားယာဉ်မောင်းနှင်သူနှစ်ဦး အသတ်ခံ ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

ဧပြီ ၁၂ ရက် နံနက် ၇ နာရီခွဲခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် သံလွင်လမ်းနှင့် ရတနာ လမ်းဆုံအနီးရှိ အငှားယာဉ်ပေါ်တွင် အမျိုး သားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း အဆိုပါနေရာအနီးနေသူများထံမှ သိရသည်။

အငှားယာဉ်မောင်း သေဆုံးတာပါ။ဘယ်အချိန်ကတည်းက ဖြစ်တာလဲ မသိပါ ဘူး။ လူနာတင်ယာဉ်နဲ့ သေဆုံးသူကို သယ် ဆောင်သွားပါတယ် ဟု အဆိုပါနေရာအနီး နေသူတစ်ဦးက ပြောကြားသည်။

အမျိုးသားတစ်ဦး ယာဉ်မောင်းနေရာ တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေ ခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာသို့ရောက် ရှိခဲ့သည့်  ရွှေသန်လျင်နာရေးကူညီမှုအသင်း နှင့် ခိုနားရာဘိုးဘွားရိပ်သာမှ စုံစမ်းသိရှိရ သည်။

သတင်းရလို့ သွားရောက်ခဲ့တာပါ။အငှားယာဉ်မောင်းဖြစ်ဖို့များပါတယ်။ အ ငှားယာဉ်ပေါ်မှာ ထိုးသွင်းဒဏ်ရာ ငါးချက် လောက်နဲ့ သေဆုံးနေတာပါ။ အသင်းက ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ် ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့်  ရွှေ သန်လျင် နာရေးကူညီမှုအသင်းနှင့် ခိုနားရာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

ထို့ပြင် အင်းစိန်မြို့နယ်တွင် အလောင်း တွေ့ရှိခဲ့သည့် အငှားယာဉ်မောင်းအမျိုးသား မှာ နှစ်ရက်ခန့် ပျောက်ဆုံးနေသဖြင့် ဇနီး ဖြစ်သူက လိုက်လံစုံစမ်းခဲ့ခြင်းဖြစ်ပြီး လူမှု ကွန်ရက် စာမျက်နှာများတွင်လည်း လူပြော များခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

အဆိုပါအမျိုးသားကို နှစ်ရက်ကျော် အကြာတွင် အင်းစိန်ကြို့ကုန်းအနောက်ရှိ သစ်တောဝင်းချုံတစ်နေရာတွင် ဓားဒဏ်ရာ များနှင့်သေဆုံးလျက်တွေ့ရှိရခြင်းဖြစ်သည်။

ကနောင် နာကူ/ရှင်ကူအသင်း (အင်း စိန်) မှ ကိုသူရိန်ထွန်းက ၎င်း၏လူမှုကွန်ရက် Facebookစာမျက်နှာတွင် “Taxi ယာဉ် မောင်းဆရာများ ဂရုစိုက်ကြပါ။ ၁၂- ၄- ၂၀၂၃ ရက်နေ့က ပျောက်ဆုံးသွားတဲ့ Taxi ယာဉ်မောင်း၏ ပုပ်ပွနေတဲ့ ရုပ်အလောင်းကို ယနေ့ ၁၄- ၄- ၂၀၂၃ ရက်နေ့မှာ ဓားဒဏ်ရာ သုံးချက်ဖြင့်  သေဆုံးလျက် တွေ့ရှိရပါတယ်။ အလောင်းတွေ့ရှိတဲ့နေရာက အင်းစိန်ကြို့ ကုန်းအနောက် သစ်တောဝင်း ချုံပုတ်တစ် နေရာက တွေ့ရတာပါ။ မနေ့က ၁၃ - ၄ - ၂၀၂၃ မှာ ွှထေင ကားပေါ်မှာ သွေးကွက်များ နှင့် Taxi ကား ပြန်တွေ့ရှိပြီးဖြစ်ပါတယ်။ သေဆုံးသူက အင်းစိန်ပေါက်တော ချမ်းမြေ့ စည်ပင်ဝင်းမှာ နေထိုင်သူဖြစ်ပါတယ်။ ရုပ် အလောင်းကို  ကနောင် နာကူ/ရှင်ကူအ သင်းမှ အင်းစိန်ပို့ဆောင်ကူညီခဲ့ပါတယ်ဟု ရေးသားဖော်ပြထားသည်။

ယင်းနောက် ဧပြီ ၂၆ ရက်တွင် မြောက် ဒဂုံမြို့နယ်အတွင်း အငှားယာဉ်မောင်းကို သတ်ကာ ယာဉ်ကိုလုယက်မှုထပ်မံဖြစ်ပွားခဲ့ သည်။

ဧပြီ ၂၄ ရက်တွင်လည်း ရန်ကုန်တိုင်း သန်လျင်မြို့နယ်အတွင်း မော်တော်ယာဉ် လုယက်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီ ၂၄ ရက် မွန်းလွဲ ၂ နာရီ ခွဲကျော်တွင် သင်္ဃန်းကျွန်းစံပြစျေးမှ သန် လျင်အမိုးနီသုသာန်နားသို့ အမျိုးသားတစ် ဦးက ပရိုဘောက်အမျိုးအစားအငှားယာဉ် ကို ငှားရမ်းခဲ့ကြောင်း၊ ယင်းနောက်သန်လျင် တံတားအဆင်းအနီးတွင် အသိတစ်ယောက် ကို ထပ်မံခေါ်ဆောင်လာကြောင်း၊ အမိုးနီ သုသာန်အနီးသို့အရောက်တွင် အငှားယာဉ် မောင်းနှင်သူကို ယာဉ်ငှားရမ်းလာသူများက လူဆင်းခေါ်ပေးရန်အကူအညီတောင်းသ ဖြင့် အငှားယာဉ်မောင်းနှင်သူက ဆင်းခေါ် ပေးခဲ့ကြောင်း၊ ယင်းနောက်ယာဉ်ငှားရမ်းသူ များက အငှားယာဉ်ကို ယူဆောင်မောင်းနှင် ကာထွက်ပြေးသွားကြောင်းသိရသည်။ ယင်း ဖြစ်စဉ်တွင် အငှားယာဉ်မောင်းနှင်သူမှာ ထိ ခိုက်ဒဏ်ရာများရရှိခဲ့ခြင်းမရှိပေ။

ဧပြီ ၂၆ ရက် ည ၁၂ နာရီကျော်တွင် မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်း၌ အမျိုးသား တစ်ဦး ဒဏ်ရာများဖြင့် လဲကျနေကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာပရဟိတအဖွဲ့ က သွားရောက်ခဲ့ကြောင်း သိရသည်။

ည ၁၂ ကျော်လောက်မှာ မြောက်ဒဂုံ ပင်လုံလမ်း တောင်ဥက္ကလာဘက်ကို ထွက်တဲ့ နားမှာ လူတစ်ဦး ဒဏ်ရာတွေနဲ့ လဲကျ‌နေ တယ်ဆိုပြီး သတင်းရလို့သွားရောက်ခဲ့တာပါ။မြောက်ဥက္ကလာပဆေးရုံကို ရောက်တဲ့အချိန် အထိ သူ့နာမည် ဘယ်လိုဖြစ်တာလဲ မေးလို့ရ ပါတယ်။ သူ့ကားကို လူသုံးယောက်က တောင် ဒဂုံကနေ မြောက်ဒဂုံပင်လုံအိမ်ရာကို ငှားစီး တယ်။ ပြီးတော့ ပင်လုံလမ်းမှာ ဓားနဲ့ ကိုးချက် ထိုးပြီး ကားကို လုယူသွားတယ်လို့ သိရပါ တယ်ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့ သည့်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ဓားဖြင့် အထိုးခံရသည့် ယာဉ်မောင်းမှာ ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် ဆေးရုံ၌ ဆေးကု သမှုခံယူနေစဉ် သေဆုံးသွားကြောင်း၊ အငှား ယာဉ်မောင်းမှာ အသက်လေးဆယ်ကျော်အ ရွယ်ဖြစ်ကြောင်း အငှားယာဉ်မောင်းကို ဆေး ရုံသို့ပို့ဆောင်ပေးခဲ့သည့် ပရဟိတအဖွဲ့မှ စုံ စမ်းသိရှိရသည်။ အဆိုပါဖြစ်စဉ်ကို သက်ဆိုင် ရာရဲစခန်းက ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

ဧပြီ ၂၇ ရက် ည ၇ နာရီဝန်းကျင်ခန့်မှာပင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် အင်းဝဘဏ်ရှေ့တွင် လူသုံးဦးက အငှားယာဉ် တစ်စီးကို ငှားရမ်းသည့်ပုံစံဖြင့် အငှားယာဉ်ကို လုယူပြီး ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့သည်။

ဓားဖြင့်အချက်ပေါင်းများစွာ အထိုးခံရ သဖြင့် အငှားယာဉ်မောင်းနှင်သူမှာ အခင်း ဖြစ်နေရာမှာပင် သေဆုံးခဲ့ပြီး ဓားဖြင့်ထိုးခဲ့သူ များမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ အငှားယာဉ် မှာမူ ပါသွားခြင်းမရှိကြောင်း သိရသည်။

ယင်းသို့ အငှားယာဉ်မောင်းများကို ပစ် မှတ်ထား လုယက်မှုများမှာ လူမှုကွန်ရက်မီဒီ ယာများတွင် ဖော်ပြထားသည့်ဖြစ်စဉ်များသာ ဖြစ်ပြီး လူမှုကွန်ရက်များတွင် သတင်းဖော်ပြ ခဲ့ခြင်းမရှိသည့် လုယက်မှုများမှာ နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း ရန်ကုန်မြို့တွင်းအငှားယာဉ်မောင်းနှင်သူများ၏ ပြောကြားချက်အရ သိရသည်။

နေ့တိုင်းနီးပါးလောက် အဲဒီသတင်း တွေက ကြားရတယ်။ ကျွန်တော်တို့အငှား ယာဉ်မောင်းတဲ့သူတွေကတော့ အချင်းချင်း အကူအညီပေးနိုင်အောင်တော့ လုပ်နေကြရ တာပဲ။ ကားမပါရင် ပိုက်ဆံအလုခံရတယ်။ ဒါမှမဟုတ် ဖုန်းပေါ့။ အဲဒါတွေက နေ့စဉ်နီးပါး လောက်ကြားနေရတော့ ရိုးသလိုတောင်ဖြစ် နေတယ် ဟု ရန်ကုန်မြို့တွင်းအငှားယာဉ် မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

ယခင်နှစ်များက အငှားယာဉ်များလု ယက်ခံရခြင်းမှာ ညပိုင်းအချိန်များတွင်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း လက်ရှိကာလ တွင်မူ နေ့ခင်းပိုင်းအချိန်များတွင်ပါ လုယက် ခံလာရခြင်းဖြစ်သည်။

အရင်က ညသမားတွေဆိုရင် တော် တော်လေးကို သတ္တိကောင်းမှ မောင်းရဲတာ။ အလုခံရတာလည်း သတင်းတွေ သိပ်မကြားရ ပါဘူး။ တစ်လနေလို့တစ်ခါမဖြစ်ဘူး။ တော် တော်ကိုရှားတယ်။ အခုကတော့ အရင်ကလို မဟုတ်တော့ဘူး။ ကားပေါ်မှာတင် ဓားနဲ့ ထောက်ပြီး လုသွားတာတွေတောင်ဖြစ်နေ တာ။ နေ့ ည သိပ်မရွေးတော့ဘူး ဟု အငှား ယာဉ်မောင်းနှင်သည့်သက်တမ်း ၁၀ နှစ် ကျော်ရှိသည့် ကိုအောင်မြင့်က ပြောကြား သည်။

စက်သုံးဆီစျေးနှုန်းများမြင့်တက်လာ သည့်အချိန်တွင် အငှားယာဉ်မောင်းနှင်သူ များမှာ အုံနာခ၊ ဆီဖိုးများကို ရှာဖွေပြီးမှသာ မိမိအတွက် အငှားယာဉ်မောင်းနှင်ခကျန်ရှိ စေရန် အသည်းအသန်ရှာနေရသည့်အချိန် တွင် လုယက်ခံရသည့်သတင်းများမှာ ၎င်းင်းတို့ အတွက် အခက်အခဲတစ်ခုပင်ဖြစ်သည်။

အလုခံရတဲ့သတင်းတွေကြားလိုက်ရင် စိတ်ထဲမှာ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ပိုက်ဆံရှာရတာလည်း အဆင်မပြေတော့ဘူး။ အရင်ကဆို ဘယ်လိုလူပဲ ငှားငှား ရဲရဲလိုက်ရဲ တယ်။ အခုက ကိုယ်ကြိုက်တဲ့စျေးရရင်တောင် မှ လူအခြေအနေကြည့်တင်နေရတယ် ဟု ၎င်းကဆက်လက်ပြောကြားသည်။

ယင်းအခြေအနေများကြောင့် ရန်ကုန် မြို့ရှိအငှားယာဉ်များတွင် ယာဉ်မောင်း၏ နောက်ကျော၊ ဘေးဘက်များတွင် သံဆန်ခါ များ ကာရံကာ အရံအတားပြုလုပ်ထားသည့် အငှားယာဉ်များကိုပါ ခပ်စိတ်စိတ်တွေ့ရှိလာ ရသည်။

ဒီလိုလုပ်ထားတော့ လုယက်ဖို့စီစဉ် ထားတဲ့သူတွေအတွက် လုဖို့ယက်ဖို့မလွယ် တော့ဘူး။ ကိုယ့်အသက်ကိုယ် လုံခြုံအောင် တော့ စီစဉ်ရတာပေါ့ဗျာ။ ဒါမှအလုခံရလည်း ကံလို့ပဲ သဘောထားရမှာပေါ့ ဟု အရံအ တားများပြုလုပ်ကာ အငှားယာဉ်မောင်းနှင် နေသူတစ်ဦးက ယာဉ်မောင်းနှင်နေစဉ် ပြော ကြားသည်။

ကိုဗစ်ကူးစက်မှုပြင်းထန်နေသည့်ကာ လများကလည်း ပလတ်စတစ်များဖြင့်ကာရံ ကာ မောင်းနှင်ခဲ့ရပြီး လက်ရှိတွင် ပလတ်စ တစ်အကာအရံများအစား သံဆန်ခါ အစား ထိုးကာ မောင်းနှင်နေရသည်ဟု ၎င်းင်းကဆက် လက်ပြောကြားသည်။

ကိုဗစ်တုန်းကတော့ ပလတ်စတစ်အ ကြည်နဲ့ ကာရတာပေါ့။ အခုတော့ သံဆန်ခါ အကွက်နဲ့ ကာထားရတယ်။ အလုမခံရဖို့ပေါ့ ဟု အဆိုပါအငှားယာဉ်မောင်းနှင်သူက ဆက် လက်ပြောကြားသည်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာ ပြီးနောက်ပိုင်းတွင် ရန်ကုန်မြို့အတွင်း လု ယက်မှုများ ဖြစ်ပွားလာခြင်းဖြစ်ပြီး YBS  ယာဉ်လိုင်းများတွင် လုယက်မှု၊ ဓားပြတိုက်မှု များ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့သည်။ သို့သော် ယင်းသို့ကျူးလွန်သူများကို ဖမ်းဆီးရမိပြီး နောက်ပိုင်းတွင် ဖြစ်စဉ်များမှာ ငြိမ်သက်သွား ခဲ့ပြီး ဧပြီလပိုင်းတွင် အငှားယာဉ်မောင်းများကို ပစ်မှတ်ထား လုယက်မှုများ ဖြစ်ပွားလာသည် ဟု ဆိုရမည်ဖြစ်သည်။

ဆင်းရဲမွဲတေမှုနှင့် တန်းတူညီမျှမှု  မရှိခြင်းတို့သည် ရာဇဝတ်မှုမြောက်သော လုပ် ဆောင်ချက်များဖြစ်အောင် လှုံ့ဆော်ပေးပြီး ဒုစရိုက်မှုများ မွေးဖွားစေသည့် အကြောင်း ခြင်းရာများ ဖြစ်လာသည်။ သုတေသနများ အရ ပညာရေးနိမ့်ကျခြင်းသည် သည်းမခံ နိုင်မှုကို ဖြစ်စေခြင်းနှင့် များစွာပတ်သက် နေပြီး ရာဇဝတ်မှုဖြစ်စေသော အမူအကျင့် တစ်ရပ် ကြိုတင်ရှိနေသကဲ့သို့ဖြစ်သည်။ သို့ သော် ပညာပို၍တတ်ခြင်းသည် ဥပဒေကို ပို၍လေးစား လိုက်နာလိုစိတ်ဖြစ်ပေါ်စေ သည်ဟုလည်း ဆိုနိုင်သည်။ အသက်အရွယ် နှင့် ကျား/မ ကွဲပြားမှုသည်လည်း ရာဇဝတ်မှု ကျူးလွန်မှုနှုန်းနှင့် ပတ်သက်နေသည်။  မြို့ ကြီးများတွင် လေ့လာချက်များအရ လူနေထူ ထပ်သော နေရာများတွင် ရာဇဝတ်မှုကျူး လွန်နိုင်ရန် အခွင့်အလမ်းပို၍ရှိကြောင်း လည်း တွေ့ရှိရသည်။ ထို့ကြောင့် လူမှုရေးဆိုင် ရာအစီအစဉ်ပျက်ယွင်းခြင်းသည် ရာဇဝတ်မှု ကျူးလွန်မှုများနှင့်အတူ ဆိုးသွမ်းသံသရာ လည်စေခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ သည်ဟု ပညာရှင်များပြောကြားထားသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁ ရက်က ကျင်း ပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေး အမှတ်စဉ် (၈/၂၀၂၂) တွင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က “ တိုင်းပြည်သာယာ ဝပြောတယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိ လိမ့်မယ်။ စိတ်ချမ်းသာဖို့လည်းလိုတယ်။ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့လိုတယ်။ တရား ဥပဒေ စိုးမိုးရေးဖြစ်ဖို့လည်းလိုတယ်။ ဒါမှ တိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှမဟုတ် ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေကတော့ ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ် ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန်ဘာလုမလဲဆိုပြီး ဖြစ် နေမှာ ဟု ပြောကြားခဲ့သည်။

စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် ယင်းသို့ လုယက်မှုများ၊ ပစ္စည်းလုပြီး လူသတ် မှုများခပ်စိပ်စိပ်ဖြစ်ပွားနေခြင်းများကို တား ဆီးရန် လိုအပ်လာပြီဖြစ်သည်။ ယင်းသို့တား ဆီးရန် သက်ဆိုင်ရာအာဏာပိုင်များအနေ ဖြင့်လည်း စီမံချက်များချမှတ်ကာ ဆောင်ရွက် ရန် လိုအပ်နေပြီဖြစ်သည်။              

 

Most Read

Most Recent