တစ်နေ့က ရေဝေးသုဿန်ထဲကို ရောက် ခဲ့ပြန်တယ်။ “ရောက်ခဲ့ ပြန်တယ်” လို့ ဆိုရတာကလည်း အသုဘ နာရေးကိစ္စရှိတိုင်း ရောက် ဖြစ်ခဲ့လို့ပါပဲ။ အကြိမ်အရေအတွက်တောင် မမှတ်မိတော့ပါဘူး။ အတော်များခဲ့ပြီဆိုတာ ကိုတော့ သတိထားမိနေတယ်လေ။
ယခု ရောက်လာခဲ့ရတာကလည်း ယောက်ဖဝမ်းကွဲတစ်ယောက်ရဲ့ နာရေးနဲ့ ပတ်သက်ပါတယ်။ “မသာ တစ်ခေါက် ကျောင်းဆယ်ခေါက်”တဲ့။ အသုဘတစ်ကြိမ် ရှုလို့ရတဲ့ သံဝေဂဟာ ဘုန်းကြီးကျောင်းကို အခေါက်ခေါက်အခါခါ သွားပြီး တရားနာလို့ရ တဲ့ သတိသံဝေဂနဲ့ ညီမျှတယ်ဆိုပဲ။ အဲဒီ စကားက သေခြင်းတရားကို မျက်ကွယ်မပြုဖို့၊ သေခြင်းတရားကို ရှုမြင်သုံးသပ်ဖို့ သတိပေး တဲ့စကား ဖြစ်တယ်။
ဆရာတင်မိုးက သချုႋင်းကုန်းကို ဟို တုန်းက ကြောက်ခဲ့တယ်။ သူ့ရဲ့အမေ ကွယ်လွန်အနိစ္စရောက်ပြီး နောက်ပိုင်းမှာ မ ကြောက်ရွံ့တော့ဘူးတဲ့။ “နိဗ္ဗာန်သွားချင်သည်ရှိသော် သချုႋင်းကုန်းများစွာကို ကျော် ဖြတ်၍သွားရန် ယခုအခါ ဝန်မလေးတော့ပါ ပြီ”လို့ ရေးသားခဲ့တယ်။
ဆရာတော် ဦးညေယျ ကလည်း သံဝေဂ နဲ့ ပတ်သက်ပြီး ဆင်ခြင်သုံးသပ်နိုင်ဖို့ “ပီယ ကထာ ဓမ္မဒေသနာ”မှာ ယခုလို ရေးသားခဲ့ တယ်။
“သင်္ခါရသမ္ပဇဉ်နှင့် ဉာဏ်အမြင် တစ်ခါ ပေါက်သောကြောင့် မသာတစ်ခေါက်ကျောင်း ဆယ်ခေါက်ဟု ဆိုလောက်ဖွဲ့ စကားအလာ များ တဏှာ ခင်တွယ် မခတော့ဘဲ သြော် စင် ကြယ်ရတဲ့ သဘောတရားပေတည်း”တဲ့။
ကိုယ့်ကိုယ်ကိုယ်လည်း ဝေဖန်သုံးသပ် ကြည့်မိတယ်။ အသုဘ ပို့ဖို့ လာတဲ့ အခါတိုင်း သတိသံဝေဂ ဖြစ်မိသလား၊ ဖြစ်တော့ ဖြစ်မိ တယ်။ အများကြီးမဟုတ်တောင် နည်းနည်း ပါးပါးပေါ့။ ဒါပေမဲ့ လောကီ နယ်ပယ်ထဲမှာပဲ ကျင်လည်နေရတဲ့ ပုထုဇဉ် ဖြစ်နေပြန်တော့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေနဲ့ ပြန်ပြီးတော့ မိတ်ဖွဲ့ မိပြန်တယ်။
သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ကြီး ရေး သားခဲ့တဲ့ ကိုယ်စောင့်တရားလေးပါးကို ဖတ် ရှုခဲ့ဖူးတယ်။ စိတ်ကို အဲဒီ ကိုယ်စောင့်တရား (၄)ပါးနဲ့ အစောင့်ချပြီး စောင့်ရှောက်ရမယ် လို့ ဆိုတယ်။ အဲဒီ ကိုယ်စောင့်တရား (၄) ပါး ကတော့
( ၁) ဗုဒ္ဓ နုဿတိနဲ့ မောဟရန်သူကို ပယ်ရမယ်... တဲ့၊
( ၂) မေတ္တာနဲ့ ဒေါသရန်သူကို ပယ်ရ မယ်... တဲ့။
( ၃) အသုဘနဲ့ လောဘရန်သူကို ပယ်ရ မယ်... တဲ့။
( ၄) မရဏသတိနဲ့ မာနရန်သူကို ပယ်ရ မယ်... တဲ့။
ယောက်ဖဝမ်းကွဲရဲ့ အသုဘကို ဘယ်အ ခန်းမှာ ပြင်ဆင်ထားသလဲဆိုတာကို ရှာဖွေ နေတုန်း မီးသဂြုႋဟ်စက်နားမှာ အသုဘတစ် ခုကို တွေ့လိုက်မိတယ်။ အမျိုးသမီးတစ်ဦးက ယခုလို အော်ဟစ်ငိုကြွေးနေတယ်။
“ငါ့ မောင်ကလေးက လူကောင်းကလေး ပါ၊ ဘာဖြစ်လို့ သတ်ကြရတာလဲ “တဲ့။
မိန်းကလေး နှစ်ယောက်ကလည်း ရုပ် ပျက်ဆင်းပျက်နဲ့ တက်မတတ်၊ ချက်မတတ် ငိုကြွေးနေတာကို တွေ့ရပြန်တယ်။ သေသွား တဲ့သူနဲ့ ဆွေမျိုး အရင်းအချာတွေ ဖြစ်ဟန်တူ ပါတယ်။ အလောင်းထည့်ထားတဲ့ ခေါင်းဘေး မှာ ရေးထားတဲ့ စာကို ကျွန်တော် ဖတ်ကြည့် လိုက်တယ်။ အသက် ၃၂ နှစ်အရွယ် အမျိုး သားတစ်ယောက်ဖြစ်နေတာကို တွေ့ရတယ်။ အမျိုးသမီးရဲ့ အော်ဟစ်ငိုကြွေးနေတဲ့ စကား နဲ့ ခေါင်းဘေးနား မှာ ရေးထားတဲ့အသက်ကို ကြည့်ပြီး စပ်စုချင်တဲ့ စိတ်က ပေါ်လာခဲ့တယ်။ အဲဒီ အသုဘကို လိုက်ပို့ကြတဲ့ လူတွေရဲ့ နောက်ဆုံးမှာရှိတဲ့ အမျိုးသမီးတစ်ယောက် ကို မေးကြည့်မိတယ်။
“ဘယ်လိုဖြစ်ပြီး ဆုံးရတာလဲ”
အမျိုးသမီးက ယခုလို ပြန်ပြောတယ်။
“Accident ဖြစ်တာကို ၀ိုင်းပြီး ရိုက်ကြ ရာကနေ သေသွားတာ”
ကျွန်တော် ခန့်မှန်းကြည့်တယ်။ သေတဲ့ သူက ကားမောင်းတဲ့သူ တစ်ယောက် ဖြစ်လိမ့် မယ်။ သူ့ရဲ့ကားနဲ့ တစ်ယောက်ယောက်ကို တိုက်မိမယ်။ အဲဒါကို ကားရပ်ပြီး ဆင်းကြည့် တဲ့အခါ အနီးအနားမှာ ရှိနေတဲ့သူတွေက ၀ိုင်းပြီးရိုက်ကြတာ ဖြစ်လိမ့်မယ်။ ကားကို ရပ်မပေးဘဲ မောင်းပြေးရင်လည်း အပြစ်ဖြစ် သလို မောင်းမပြေးဘဲ ရပ်ပေးရင်လည်း အခု လို ဖြစ်နိုင်တယ်။ တရားဥပဒေစိုးမိုးမှု အား နည်းလျော့ရဲတဲ့အခါ စိတ်ထင်ရာ လုပ်တတ် တဲ့သူတွေကြောင့် ဒီလိုအဖြစ်မျိုးတွေကို ကြုံရ နိုင်တယ်။
“ဥပစ္ဆေဒက ကံ”လို့ ခေါ်ရမယ့် လက် နက်ကြောင့် သေဆုံးရတာ၊ သူတစ်ပါး လက် ချက်နဲ့ သေဆုံးရတာတွေဟာ ဒီနေ့ဒီအချိန် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အတော်များရှိ နေတာဟာ မငြင်းနိုင်တဲ့ အချက်ဖြစ်နေတယ်။ အနီးအနားမှာဖြစ်ခဲ့လို့ ကိုယ်တွေ့ တွေ့ကြုံရ တာတွေရှိသလို သတင်းစာနဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း အဲဒီသတင်း တွေက မတွေ့ချင်လည်း တွေ့နေရတယ်။ အချိန်ကာလကလည်း ကပ်ကြီးသုံးပါးစလုံး ဆိုက်နေတဲ့ အချိန်လေ။
အားကြီးတဲ့ ကုသိုလ်ကံက အကုသိုလ်ကံ တွေကို ဖျက်သိမ်းနိုင်တယ်လို့ဆိုတယ်။ အဲဒီ လိုပါပဲ။ အားကြီးတဲ့ အကုသိုလ်ကံကလည်း ကုသိုလ်ကံတွေကို ဖျက်ဆီးနိုင်တယ်။ အဲဒီလို ကံတွေကို ဖျက်ဆီးတတ်တဲ့ကံကို ‘ဥပစ္ဆေဒ က ကံ”လို့ ခေါ်သတဲ့။ ဒီနေ့ ဒီအချိန်မှာတော့ အားကြီးတဲ့ အကုသိုလ်ကံတွေက နေရာယူ နေသလိုပါပဲ။
အရွယ်မတိုင်မီ ကြွေလွင့်ရတာဟာ ပါ ဏာတိပါတရဲ့ အကျိုးဆက်လို့လည်း ဆိုကြ တယ်။ အဲဒီလို “ဥပစ္ဆေဒက ကံ”နဲ့ သေဆုံး ခဲ့ရသူတွေအတွက် ဒီဘဝ၊ ဒီမျှနဲ့ပဲ ပြီးကြပါ စေ။ နောင်သံသရာဘဝတွေမှာ မကြုံတွေ့ကြ ပါစေနဲ့တော့လို့ ဆုတောင်းပေးလိုက်ပါတယ်။
သေဆုံးခြင်းနဲ့ပတ်သက်ပြီး စဉ်းစား ကြည့်မိတယ်။ သေဆုံးခြင်း (Death) ဆိုတာက သက်ရှိသတ္တဝါ တစ်ဦး၊ တစ်ကောင် ရဲ့ ဇီဝ လုပ်ငန်းစဉ် ရပ်ဆိုင်းသွားတာပဲ ဖြစ်တယ်။ သေဆုံးခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်း အရာတွေကတော့ အသက်အရွယ် အိုမင်း လာတာ၊ အခြားသတ္တဝါတစ်ကောင်ရဲ့ တိုက် ခိုက်စားသောက်တာကို ခံရတာ၊ အာဟာရ ချို့တဲ့တာ၊ ရောဂါရတာ၊ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရတာတွေပဲ ဖြစ်တယ်။ သက်ရှိသတ္တဝါ မှန်သမျှ တစ်နေ့မှာ သေဆုံးကြရမယ်။ သေ ဆုံးပြီး မကြာခင်မှာ စတင်ပုပ်ဆွေးတယ်။ ဘာသာဓလေ့ထုံးစံတွေအရ သေဆုံးသွားတဲ့ သူတွေအတွက်ရည်စူးပြီး ပရိတ်တရား ရွတ် ဆိုတယ်။ မန်းမှုတ်တယ်။ သေဆုံးသွားသူရဲ့ ခန္ဓာကိုယ်ကို မြေမြှုပ်တယ်။ မီးသဂြုႋဟ် တယ်။ အများအားဖြင့်တော့ အဲဒီလို စွန့်ပစ်ကြတယ်။
ယောက်ဖဝမ်းကွဲရဲ့ အလောင်းပြင်ဆင် ထားတဲ့ အခန်းကို ကျွန်တော် ရောက်သွား တယ်။ အသုဘပို့တဲ့အချိန် မရောက်သေးလို့ လူတွေ သိပ်မရှိသေးဘူး။ ညီဝမ်းကွဲတစ် ယောက်ကို တွေ့လို့ နှုတ်ဆက်လိုက်တယ်။ သိပ်မကြာခင်မှာ သေဆုံးသွားတဲ့ယောက်ဖ ရဲ့ဇနီး ကျွန်တော့်ရဲ့ ညီမဝမ်းကွဲ ရောက်လာ တယ်။
ကျွန်တော်က ကျွန်တော့်ညီမနဲ့သာ အဆက်အသွယ် ရှိတာပါ။ ယောက်ဖဖြစ်သူ ကို တစ်ခါပဲ ဆုံတွေ့ခဲ့ဖူးတယ်။ အဲဒီတစ်ခါက လည်း သူတို့ရဲ့သား ကျွန်တော့်ရဲ့တူ မင်္ဂလာ ဆောင်မှာ ဖြစ်တယ်။ အဲဒီအချိန်ကတည်းက သူ့ရဲ့ ကျန်းမာရေးက အတော်ကလေးကို ချို့ ယွင်းနေပြီ ဖြစ်တယ်။ ကျောက်ကပ်ကို မကြာ ခဏ ဆေးနေရတယ်လို့ သိရတယ်။
ကျွန်တော့်ယောက်ဖနဲ့ပတ်သက်ပြီး ကျွန်တော် သိရသလောက်ကတော့ သူဟာ တစ်ချိန်က အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ် ကြီးတစ်ယောက်ရဲ့အနားမှာ တာဝန်ထမ်း ဆောင် ခဲ့ရသူဖြစ်တယ်။ နောက်တော့ ဒီပြင် ဌာနတစ်ခုကို ရောက်ခဲ့တယ်။ သူ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ရာထူးတာဝန် စွန့် လွှတ်ရချိန်မှာတော့ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလို သူလည်း အငြိမ်းစားယူခဲ့ရတယ်လို့ ဆိုတယ်။ နောက်တော့ သူ့မိသားစုက တစ်နေ ရာ၊ သူက တစ်နေရာမှာနေပြီး အလုပ်လုပ် ခဲ့တာ သူ့ရဲ့ကျန်းမာရေးချို့ယွင်းလာတဲ့ အချိန်အထိလို့ သိရတယ်။
အသုဘ ကို လာပို့တဲ့လူ အတော်များများ က ကျွန်တော်နဲ့ သိကျွမ်းရင်းနှီး ခင်မင်တဲ့သူ တွေ မဟုတ်ကြဘူး။ ကျွန်တော်လည်း ကုလား ထိုင်တစ်လုံးမှာ ထိုင်ရင်း ဟိုကြည့် ဒီကြည့် ကြည့်မိတယ်။ နံရံအပေါ်ဘက်မှာ ရေးထား တဲ့စာကို ဖတ်ကြည့်မိတယ်။ အရင်တုန်းက အသုဘ လာပို့တဲ့အခါတိုင်းမှာလည်း အဲဒီစာ ကို တွေ့မိတာပါပဲ။ ဒါပေမဲ့ အဲဒီအချိန်တွေ ဟိုလူနဲ့စကားပြော၊ ဒီလူနဲ့ စကားပြော ဆို တော့ သေသေချာချာ မဖတ်မိဘူး။ သိတယ် ဆိုရုံလောက်ပဲ ဖတ်ခဲ့တာဖြစ်တယ်။ အခု တော့ သေသေချာချာ ဖတ်ကြည့်မိတယ်။
“မိတ်ဆွေ... ငါ့ အနားက ဖြတ်သွားတဲ့ အခါ သတိပြုလိုက်စမ်းပါ။ ငါလည်းပဲ တစ်ခါ တုန်းက မင်းလို အသက်ရှင်ခဲ့ဖူးပါတယ်။ မင်း လည်း တစ်နေ့ကျရင် အခု ငါ့လို ဖြစ်လာမှာပါ။ ပြင်ဆင်စရာရှိသမျှ ပြင်ဆင်ပြီးရင် ငါ့နောက် လိုက်ခဲ့ပေါ့”
ပုထုဇဉ် လူသားတွေအနေနဲ့ ဘယ်အ သက်အရွယ်မှာ သေရမယ်ဆိုတာကို မသိနိုင် ပါဘူး။ ဘာရောဂါ နဲ့သေမယ်ဆိုတာကိုလည်း မသိနိုင်ပါဘူး။ ဘယ်အချိန် ဘယ်ကာလမှာ သေမယ်ဆိုတာကိုလည်း မသိနိုင်ပါဘူး။ ဘယ်နေရာမှာ သေမယ်ဆိုတာကိုလည်း မသိ နိုင်ပါဘူး။ သေပြီးတဲ့အခါ ဘယ်ဘဝကိုရောက် မယ်ဆိုတာကိုလည်း မသိနိုင်ပါဘူး။ အဲဒီ တော့ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ထားရ မှာပေါ့။ ဒါပေမဲ့ ကျွန်တော်အပါအဝင် လူအ တော်များများကတော့ အဲဒါကို လျစ်လျူရှု ထားမိကြတယ်။
မြတ်စွာဘုရားရှင်ကလည်း မဟာ ပရိနိဗ္ဗာန်သုတ်မှာ ယခုလို ဟောကြားတော် မူခဲ့တယ်။
“ချစ်ခင် စုံမက် စွဲလမ်း နှစ်သက်ဖွယ် ဟူသရွေ့နှင့် နောက်ဆုံးတစ်နေ့မှာ မုချ ကွေ ကွင်းကြရမှာပဲလို့ ငါပြောပေါင်းများလှပြီ အာ နန္ဒာ၊ မြဲတယ်ဆိုတာမရှိဘူး”တဲ့။
ဗေဒင်ဆရာက မရဏနက္ခတ်နဲ့ ကြုံနေ ပြီ။ အသက်အန္တရာယ် ရှိတယ်ဆိုရင် ကျွန် တော်တို့တတွေက ကြောက်ကြောက်ရွံ့ရွံ့နဲ့ ယတြာချေတတ်ကြတယ်။ ဆရာဝန်ကနောက် ထပ် နေရလှ ခြောက်လပေါ့ဆိုရင် ဆရာဝန် ကောင်းကောင်း ၊ ဆေးဝါးကောင်းကောင်းကို ရှာဖွေပြီး ကုသတတ်ကြတယ်။ မြတ်စွာ ဘုရားရှင်က ကွေးသောလက် မဆန့်မီ၊ ဆန့် သောလက် မကွေးမီ သေဆုံးနိုင်တယ်။ တရား သတိရှိကြပါဆိုတာကိုတော့ ဖြုံလည်း မဖြုံကြ ဘူး။ ယုံလည်း မယုံကြဘူး။
သချုႋင်းကုန်းကိုရောက်ဖို့ ကံကြုံလာတဲ့ အခါ သချုႋင်းကုန်းကို ရှောင်လို့မရပါဘူး။ ဆရာတင်မိုး ရေးခဲ့သလိုပါပဲ။ နိဗ္ဗာန် ရောက် ချင်ရင်တောင် သချုႋင်းများစွာကို ဖြတ်ကျော်ရ ဦးမှာပါ။ အဲဒီတော့ ကုသိုလ်ကောင်းမှုကို တတ်နိုင်သလောက် များများလုပ်သင့်တာ ပေါ့နော်။ ဒါပေမဲ့ ဒါပေမဲ့ပါပဲ။ ဘဝကို ရခဲ့ တယ်။ ဘဝကို ရုန်းကန်ရင်းနဲ့ ပေးဆပ်ခဲ့ကြ တယ်။ နေဝင်ချိန်အတွက်တော့ သိပ်ပြီး မတွက်မိကြဘူး။
အသုဘပို့မယ့်သူတွေလည်း ရောက်လာ ခဲ့ကြပြီ။ သရဏဂုံလည်း တင်ပြီးသွားပြီ။ အသုဘပို့ဖိုအတွက် ကြေးစည်လည်း တီးပြီ။ ခေါင်းကို သယ်လာတဲ့အခါ အခန်းထဲက လူ တွေအားလုံး ထိုင်နေတဲ့ ကုလားထိုင်တွေပေါ် ကနေ မတ်တပ်ထရပ်လိုက်ကြတယ်။ ပြီး တော့ နောက်ကနေ လိုက်သွားခဲ့ကြတယ်။
တွေးကြည့်မိတယ်။ စက္ကန့်တိုင်း စက္ကန့် တိုင်းမှာ ကမ္ဘာပေါ်မှာရှိတဲ့လူတွေ တစ် ယောက်ပြီး တစ်ယောက် ကမ္ဘာမြေကြီးကို စွန့်ခွာပြီး ထွက်သွားကြတယ်။ ကျွန်တော် တို့တတွေလည်း အဲဒီလို စွန့်ခွာသွားမယ့်သူ တွေထဲမှာ ပါတာပေါ့။ ဒါပေမဲ့ အဲဒီလို စွန့်ခွာ ထွက်သွားဖို့အတွက် ကျွန်တော်တို့ တန်းစီနေ ကြတယ်ဆိုတာကို ကျွန်တော်တို့တတွေက မေ့နေကြလေရဲ့။ ။
Photo: i.pinimg.com










