လွတ်လပ်တဲ့ တိုင်းပြည်၊ လွတ်လပ်တဲ့ နိုင်ငံတော်

လွတ်လပ်တဲ့ တိုင်းပြည်၊ လွတ်လပ်တဲ့ နိုင်ငံတော်
Published 24 April 2023
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

ကိုလိုနီလက်အောက်မှ လွတ်မြောက်လာကြသည့် တိုင်းပြည် နိုင်ငံများသည် ကိုလိုနီ ပြုလုပ်ထားရှိသည့် တိုင်းပြည်နိုင်ငံက လွတ်လပ်ရေး ပေးအပ်သည်။ သို့မဟုတ် ကိုလိုနီ ပြုလုပ်ခံရသည့် တိုင်းပြည်နိုင်ငံက လွတ်လပ်ရေးရရှိကြောင်း ကြေညာပြီး ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံအသီးသီးက လွတ်လပ်တဲ့ တိုင်းပြည်၊ လွတ်လပ်တဲ့ နိုင်ငံအဖြစ် အသိအမှတ်ပြုကြပြီးသည်နှင့် တစ်ပြိုင်နက် အဆိုပါ တိုင်းပြည်နိုင်ငံသည် လွတ်လပ်သည့် တိုင်းပြည်၊ လွတ်လပ်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိသွားသည်ဟု သတ်မှတ်ကြပါသည်။

သို့သော်လည်း အထက်ဖော်ပြပါကဲ့သို့ ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့် ကိုလိုနီလက်အောက်မှ လွတ်မြောက်ကြသည့် တိုင်းပြည်နိုင်ငံများသည် အမှန်တကယ် လွတ်လပ်တဲ့ တိုင်းပြည်၊ အမှန်တကယ် လွတ်လပ်တဲ့နိုင်ငံအဖြစ်သို့ အလိုအလျောက် ရောက်ရှိသွားကြပါသလား။ သို့မဟုတ် လွတ်လပ်တဲ့ တိုင်းပြည်၊ လွတ်လပ်တဲ့ နိုင်ငံဖြစ်သွားကြပါသလားဆိုသည့် မေးခွန်း ဖြစ်ပါသည်။

အထက်ဖော်ပြပါမေးခွန်းကို ဖြေဆိုရန်မှာ ယခုကဲ့သို့ ဆောင်းပါး အဆင့်နှင့် ပြည့်စုံအောင်ဖော်ပြရန် မဖြစ်နိုင်ပါသော်လည်း မြန်မာနိုင်ငံ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို အခြေခံကာ လေ့လာဆန်းစစ် မည်ဆိုပါက ကမ္ဘာပေါ်တွင် တည်ရှိနေသည့် အခြားသောတိုင်းပြည် များ နိုင်ငံများ၏ ဖြတ်သန်းမှုအတွေ့အကြုံများနှင့် လုံးဝတူညီခြင်း မရှိသည့် အခြေအနေများကို တွေ့မြင်သိရှိရမည်ဖြစ်သည်။ စာဖတ်သူများလည်း ပါဝင်ပြီး လေ့လာဆန်းစစ် ကြည့်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကိုလိုနီခေတ် သမိုင်းအကျဉ်းကို တင်ပြရပါလျှင် ဗြိတိသျှ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား စစ်ပွဲ သုံးကြိမ် ပြုလုပ်ဆင်နွှဲခဲ့ပြီး အုပ်ချုပ်မှုကို စတင်ခဲ့ကြရာ ပထမစစ်ပွဲတွင် သိမ်းယူခဲ့သည့် နယ်မြေဧရိ ယာများတွင် စုစုပေါင်းအုပ်ချုပ်ခဲ့သည့်ကာလမှာ နှစ်ပေါင်း ၁၁၉ နှစ် ခန့်ကြာမြင့်ခဲ့ပြီး ဒုတိယစစ်ပွဲတွင် သိမ်းယူခဲ့သည့် နယ်မြေ ဧရိယာများတွင် စုစုပေါင်းအုပ်ချုပ်ခဲ့သည့် ကာလမှာ နှစ်ပေါင်း ၉၃ နှစ်ခန့်ကြာမြင့်ခဲ့ကာ တတိယစစ်ပွဲတွင် သိမ်းယူခဲ့သည့် နယ်မြေဧရိယာများတွင် စုစုပေါင်း အုပ်ချုပ်ခဲ့သည့်ကာလမှာ ၅၉ နှစ်ခန့် ကြာမြင့်ခဲ့ပါသည်။ ဗြိတိသျှအင်္ဂလိပ်တို့သည် မြန်မာနိုင်ငံသားများကို အခြေခံပြီး မြန်မာနိုင်ငံနှင့် ပတ်သက်သည့် တပ်မတော် လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်ကို သီးခြားမထူထောင် မတည်ဆောက်ခဲ့ကြပါ။

ဗြိတိသျှ အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကိုလိုနီစနစ်ဖြင့် အုပ်ချုပ် နေစဉ်ကာလအတွင်း နိပွန် (ဂျပန်) တို့သည် မြန်မာနိုင်ငံအား သိမ်းယူပြီးလျှင် ၁၉၄၂ ခုနှစ်ခန့်မှ ၁၉၄၅ ခုနှစ်ခန့်အထိ သုံးနှစ်ခန့် အုပ်ချုပ်ခဲ့ကြပါသည်။ အုပ်ချုပ်ချိန် သုံးနှစ်ခန့်သာ ကြာမြင့်ခဲ့ပါသော်လည်း မြန်မာလူငယ်များအား စစ်ပညာရပ်များ သင်ကြားပေးခြင်း၊ စစ်လက်နက်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ စစ်ရေး စစ်ရာများနှင့် သက်ဆိုင်သည့် သင်တန်းကျောင်းများကို ဖွင့်လှစ်ပေးခြင်း၊ ဗမာ့တပ်မတော်ကြီးကို ထူထောင်တည်ဆောက်ပေးခြင်းတို့အပြင် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်နှင့် စစ်အုပ်ချုပ်ရေးစနစ်ကို စတင်ကျင့်သုံးစေခဲ့ပြီး အာဏာရှင်၊ စစ်အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို စာတွေ့၊ လက်တွေ့ ထဲထဲဝင်ဝင် သင်ကြားပေးခဲ့ပါသည်။

ကိုလိုနီပြု အုပ်ချုပ်ခဲ့ကြသည့် နိပွန် (ဂျပန်) နှင့် ဗြိတိသျှ အင်္ဂလိပ်တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေးများ ပေးအပ်ခဲ့ကြပါသည်။ ပထမအကြိမ် လွတ်လပ်ရေးကို နိပွန် (ဂျပန်) တို့ကလည်းကောင်း၊ ဒုတိယအကြိမ် လွတ်လပ်ရေးကို  ဗြိတိသျှ အင်္ဂလိပ်တို့ကလည်းကောင်း ပေးအပ်ခဲ့ကြပါသည်။ စာရေးသူအနေနှင့် မူရင်း အသုံးပြုထားရှိသည့် စကားလုံး၊ စကားရပ်များကို အသုံးပြုပြီး တင်ပြရပါလျှင် နိပွန် (ဂျပန်) တို့သည် “ဗမာ့လွတ်လပ်ရေး ကြေညာစာတန်း”ကို ကြေညာပြီး မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးအပ်ခဲ့ပါသည်။  ဗြိတိသျှ အင်္ဂလိပ်တို့သည် “လွတ်လပ်ရေး ကြေညာစာတမ်း”ကို ကြေညာပြီး မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးအပ်ခဲ့ပါသည်။

နိပွန် (ဂျပန်) တို့က ပေးအပ်ခဲ့သော လွတ်လပ်ရေးဖြစ်သည့် ၁၉၄၃ ခုနှစ် သြဂုတ် ၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သော “ဗမာ့လွတ်လပ်ရေး ကြေညာစာတန်း” ကို ဆောင်းပါးတွင် အပြည့်အစုံ ဖော်ပြရန် မဖြစ်နိုင်ပါသဖြင့် “ဗမာ့လွတ်လပ်ရေး ကြေညာစာတန်း” ဖော်ပြပြီး ရှင်းလင်းတင်ပြထားချက်ကိုသာ တိုက်ရိုက်တင်ပြပါသည်။ စာရေးသူ ယခင်ဆောင်းပါးများတွင် ရေးသားတင်ပြခဲ့သည့် “အာဏာရှင်စနစ်၊ စစ်အုပ်ချုပ်ရေးစနစ်” ဆိုသည့် စကားလုံး၊ စကားရပ်များသည် “ဗမာ့လွတ်လပ်ရေး ကြေညာစာတန်း” ကို အခြေခံကာ ရယူအသုံးပြုခဲ့ခြင်းဖြစ်ကြောင်းကိုလည်း စာဖတ်သူများ သတိပြုနိုင်စေရန် ရှင်းလင်းတင်ပြအပ်ပါသည်။

“ဤ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြေညာစာတန်းမှာ နယ်ချဲ့ အင်္ဂလိပ်တို့၏ စိုးမိုးအုပ်ချုပ်ရေး လက်အောက်မှ လွတ်မြောက်၍ လုံးဝလွတ်လပ်ရေးရရှိကြောင်းကို တည်ကြည်ခန့်ညားစွာ ကြေညာလိုက်ခြင်း ဖြစ်သည်။ ထိုကြေညာ စာတန်းတွင် မဟာအရှေ့အာရှ သာတူညီမျှ အတူကြီးပွားတိုးတက်ရေး နယ်ပယ်တည်ထောင်ရေးနှင့် ကမ္ဘာ့ခေတ်သစ်ထူထောင်ရေးဟူသော သဘောထားဝါဒကို သဘောတူလက်ခံ၍ ယင်းထူထောင်ရေး လုပ်ငန်းတွင် ကိုယ်ထိလက်ရောက်ပါဝင်ဆောင်ရွက်ရင်း စစ်ပွဲကို ပူးပေါင်းတိုက်ခိုက်မည်ဟု ထုတ်ဖော်ပြောပြ လျက်ရှိသည်။ စစ်ကာလအတွင်း နိုင်ငံတည်ထောင်ခြင်းဖြစ်၍ စစ်ပွဲတွင် ကိုယ်တိုင် ပါဝင်တိုက်ခိုက်ရန် ကြေညာလိုက်သည့် အားလျော်စွာ စစ်အောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကို အာဏာရှင်စနစ်ပုံစံ အဓိပတိ တဦးတည်းသာလျှင် အုပ်ချုပ်သွားခြင်းဖြင့် အင်အားကြီးမားသော နိုင်ငံတနိုင်ငံအဖြစ် ဖန်တီးပျိုးထောင်မည်ဟု ကတိသစ္စာ ပြုထားခြင်းလည်း ဖြစ်သည်။ တချိန်တည်း၌ ပြည်တွင်းရှိလူထု၏ အခွင့်အရေးတို့ကို ကာကွယ်စောင့်ရှောက်၍ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် လူ့ကျင့်ဝတ်သိက္ခာတို့ကို ထမြောက်ဖြစ်ထွန်းစေသော နိုင်ငံဖြစ်စေရန်ကိုလည်း ရည်ရွယ်ထားသည်။ အဆိုပါ ရည်ရွယ်ချက်များမှာ ဒို့ဗမာ ဆင်းရဲသားအစည်းအရုံးက ယင်း၏ဝါဒသဘောထားအဖြစ် ကြွေးကြော်ခဲ့သော ဆောင်ပုဒ်သုံးရပ်ဖြစ်သည့် “တသွေး၊ တသံ၊ တမိန့်၊ “လွတ်လပ်ရေး”၊ “ခေတ်သစ် အရှေ့အာရှ တည်ထောင်ရေး” တို့နှင့် ထပ်တူညီမျှ ဖြစ်သည်။”  (Reference: 1,pp-387-388).

ဗြိတိသျှ အင်္ဂလိပ်တို့က ပေးအပ်ခဲ့သော လွတ်လပ်ရေးဖြစ်သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော “လွတ်လပ်ရေး ကြေညာစာတမ်း” ကိုလည်း ဆောင်းပါးတွင် အပြည့်အစုံ ဖော်ပြရန် မဖြစ်နိုင်ပါသဖြင့် အထက်တွင် ဖော်ပြခဲ့သည့် “ဗမာ့လွတ်လပ်ရေး ကြေညာစာတန်း” တွင် ဖော်ပြထားသည့် အချက်များအရ နှိုင်းယှဉ်ရန်နှင့် ယနေ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတွင် ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည့် အခြေအနေများအတွက် အရေးကြီးမည်ဟု စာရေးသူထင်မြင်သည့် အပိုဒ် ၅ ကိုသာလျှင် တိုက်ရိုက်တင် ပြပါမည်။

“ငါတို့နိုင်ငံတော်ကြီးသည် မည်သူတဦးတယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိက အပိုင်ပစ္စည်းမဟုတ်။ မည်သူ တဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလက၎င်း၊ ယခုမျက် မှောက်တွင် ၎င်း၊ နောင်လာလတ္တံ့သော အနာဂတ်ကာလ၌၎င်း ငါတို့ ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ်ဝေး နီး ကျား-မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့ ဒို့၏အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်ဟူသော လူ့ဘာသာ၊ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်း တို့၏ သဘောဆန္ဒအရ လူ့အဝှမ်း၏ အကျိုးကို ကောင်းစွာဆောင်ရွက် နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက် ၍ သမ္မတတင်မြှောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိ သန့်ရှင်းဖြူစင်သော မူလလူ့ဝါဒ နှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသောတရား၊ တူညီသောအခွင့်အရေး၊ တူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော၊ သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။”

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ နိပွန် (ဂျပန်) တို့က ပေးအပ်ခဲ့သော လွတ်လပ်ရေးဖြစ်သည့် “ဗမာ့လွတ်လပ်ရေး ကြေညာစာတန်း”နှင့်  ဗြိတိသျှ အင်္ဂလိပ်တို့က ပေးအပ်ခဲ့သော လွတ်လပ်ရေးဖြစ်သည့် “လွတ်လပ်ရေး ကြေညာစာတမ်း”နှစ်ခုကြောင့် ယနေ့အချိန် ဖြစ်ထွန်းပေါ်ပေါက်လျက် ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် ပတ်သက်သော ပကတိ စိန်ခေါ်မှုအခြေ အနေများကို သိမြင်နားလည်နိုင်စေရန်နှင့် အမှန်တကယ် လွတ်လပ်တဲ့ တိုင်းပြည်၊ အမှန်တကယ် လွတ်လပ်တဲ့ နိုင်ငံတော်အဖြစ်သို့ ရောက်ရှိပြီး တည်တံ့ခိုင်မြဲနေစေရေးအတွက် ချဉ်းကပ်ဆောင်ရွက်သင့်သည့် အကြောင်းအရာများကိုအဆို ပြုတင်ပြရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ လွတ်လပ်ရေးရရှိပြီးချိန်နောက်ပိုင်း တွေ့မြင်ရသည့် မြန်မာနိုင်ငံ၏ အခြေအနေကို လေ့လာဆန်းစစ်ပါမည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း နှစ်ပေါင်း ၇၅ နှစ် ခန့်ကာလအတွင်း ကျင့်သုံးအကောင်အထည်ဖော်ခဲ့ကြသည့် နိုင်ငံရေးစနစ်များကို လေ့လာကြည့်ပါက လူအပေါင်းတို့၏သဘောဆန္ဒအရ ရွေးကောက်တင်မြှောက်ခြင်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်ကာလမှာ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ၁၀ နှစ်တာ ကာလ၊ ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ နှစ်နှစ်တာကာလနှင့် ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ၁၀ နှစ်တာ ကာလ စုစုပေါင်း ၂၂ နှစ်သာ ရှိပါသည်။ ကျန်နှစ်ပေါင်း ၅၀ ကျော် ကာလများမှာ စစ်အုပ်ချုပ်ရေးကာလများသာ ဖြစ်ခဲ့ပါသည်။

ဒုတိယအနေနှင့် အမှန်တကယ် လွတ်လပ်တဲ့ တိုင်းပြည်၊ အမှန်တကယ် လွတ်လပ်တဲ့နိုင်ငံတော်အဖြစ်သို့ ရောက်ရှိစေရန် စာရေးသူ၏ အမြင်သက်သက်ဖြင့် အဆိုပြုတင်ပြပါမည်။ အထက်တွင် ဖော်ပြခဲ့သည့် စိန်ခေါ်မှုများသည် အခြေခံအားဖြင့် တိုင်းပြည် (Nation) နှင့် နိုင်ငံတော် (State) အကြားတွင် အမြဲတစေ ဖြစ်ပေါ်လေ့ရှိသည့် သဘာဝတရားများ ဖြစ်ကြပါသည်။ တစ်နည်းအားဖြင့် နိုင်ငံရေး (Politics) နှင့် နိုင်ငံတော် (State) တို့အကြားတွင် ကမ္ဘာဦးကာလ လူနှင့် နိုင်ငံတော်အဖြစ် စတင်တည်ရှိလာစဉ်ကတည်းကပင် ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည့် စိန်ခေါ်မှုများ ဖြစ်ကြပါသည်။

အမှန်တကယ် လွတ်လပ်တဲ့တိုင်းပြည်၊ အမှန်တကယ် လွတ်လပ်တဲ့နိုင်ငံတော်အဖြစ်သို့ ရောက်ရှိစေလို၊ မြင်တွေ့စေလိုပါလျှင် တိုင်းပြည် (Nation) နှင့် နိုင်ငံတော် (State) အကြား သို့မဟုတ် နိုင်ငံရေး (Politics) နှင့် နိုင်ငံတော် (State) တို့ အကြားတွင် ဖြစ်ထွန်းပေါ်ပေါက် လျက်ရှိသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် အစွမ်းကုန်ကြိုးပမ်းအား ထုတ်ဆောင်ရွက်ကြရန် အဆိုပြု တင်ပြပါသည်။

တတိယအနေဖြင့် တိုင်းပြည် (Nation) နှင့် နိုင်ငံတော် (State) အကြား သို့မဟုတ် နိုင်ငံရေး (Politics) နှင့် နိုင်ငံတော် (State) တို့ အကြားတွင် ဖြစ်ထွန်းပေါ်ပေါက် လျက်ရှိသည့် စိန်ခေါ်မှုများကို ဖြေရှင်းမည်ဆိုပါက ကမ္ဘာပေါ်တွင် အမြဲတစေ ပြောင်းလဲတိုးတက်လျက်ရှိသည့် စက်မှုတော်လှန်ရေးကြီးများ၏ အသီးအပွင့်များကို လက်လှမ်းမီ ရယူ ခံစား၊ စံစားနိုင်ရေးကို ထည့်သွင်းစဉ်းစားပြီး ကြိုးပမ်းဆောင်ရွက်ရန်ကိုလည်း အဆိုပြုတင်ပြပါသည်။ စာရေးသူတို့ တိုင်းပြည် နိုင်ငံရှိ အချို့သောနေရာ ဒေသများတွင် ပထမစက်မှုတော် လှန်ရေး မတိုင်မီကာလ လူနှင့် တိရစ္ဆာန်တို့၏ လုပ်အားများကို အသုံးပြုလျက်ရှိသည့် အခြေအနေနှင့် ယနေ့ခေတ် ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည့် စတုတ္ထစက်မှုတော်လှန်ရေးကာလ အသုံးပြုလျက်ရှိသည့် အခြေအနေများကို ပုံတွင် ဖော်ပြထားပါသည်။

 စာရေးသူသည် စက်မှုတော်လှန်ရေးကြီးများ ဖြစ်ထွန်းပေါ် ပေါက်လျက်ရှိသည့် အနေအထားနှင့် မြန်မာနိုင်ငံ၏ အခြေအနေကို ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 13, Vol. 17, တွင် “စက်မှုတော်လှန်ရေးကြီးများနှင့် မြန်မာနိုင်ငံ (Industrial Revolutions and Myanmar)” ခေါင်းစဉ်နှင့် ဆောင်းပါးတစ်ပုဒ် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။

ယခုတင်ပြသည့် ဆောင်းပါးအား ဖော်ပြပါ ရေးသားတင်ပြထားသည့် ဆောင်းပါးနှင့် တွဲဖက်လေ့လာရန် အကြံပြုအပ်ပါသည်။

နောက်ဆုံးအနေနှင့် တင်ပြလိုသည့်အချက်မှာ တိုင်းပြည်နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူထားသူများနှင့် ပြည်သူပြည်သား နိုင်ငံသားအားလုံးတို့အား စာရေးသူအနေဖြင့် မေတ္တာရပ်ခံလိုပါသည်။ နိပွန် (ဂျပန်) တို့က ကိုလိုနီပြုလုပ်ပြီး ဖောက်လုပ်ပေးထားခဲ့သော လမ်းကြောင်းနှင့်  ဗြိတိသျှ အင်္ဂလိပ်တို့က ကိုလိုနီပြုလုပ်ပြီး ဖောက်လုပ်ပေးထားခဲ့သော လမ်းကြောင်းများအပေါ်တွင် ရေသာခို၊ အချောင်လိုက်၊ မျှောပြီး လိုက်ပါ ခြင်းများကို အဆုံးသတ်စေလိုပါသည်။ နိပွန် (ဂျပန်) နှင့်  ဗြိတိသျှ အင်္ဂလိပ်တို့၏ ဒီဇိုင်းမိုဒယ်ပုံစံများ၊ အုပ်ချုပ်ရေးစနစ်များသည် ၎င်းတို့၏ ကိုလိုနီအုပ်ချုပ်ရေးအတွက် သ သင့်တော်ပါသည်။

မိမိတို့ တိုင်းပြည်၏အကျိုး၊ မိမိတို့နိုင်ငံ၏အကျိုးနှင့် မိမိတို့ တိုင်းပြည်နိုင်ငံတွင်နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သား နိုင်ငံသားများ၏ အကျိုးကို အမှန်တကယ် အကောင်အထည်ဖော် ဆောင်ကြဉ်းပေးနိုင်စေမည့် ပကတိ လွတ်လပ်သော တိုင်းပြည်၊ ပကတိ လွတ်လပ်သော နိုင်ငံအဖြစ် ဖြစ်ထွန်းပေါ်ပေါက်စေရေးကို ယနေ့မှ စတင်ကာ ကြိုးပမ်းအားထုတ်ကြစေလိုပါသည်။

နိဂုံးချုပ်အနေနှင့် တင်ပြလိုသည်မှာ နိပွန် (ဂျပန်) တို့က ပေးအပ်ခဲ့သော လွတ်လပ်ရေးဖြစ်သည့် “ဗမာ့လွတ်လပ်ရေး ကြေညာစာတန်း”နှင့်  ဗြိတိသျှ အင်္ဂလိပ်တို့က ပေးအပ်ခဲ့သော လွတ်လပ်ရေးဖြစ်သည့် “လွတ်လပ်ရေး ကြေညာစာတမ်း” နှစ်ခုကြောင့် ယနေ့အချိန် ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် ပတ်သက်သော ပကတိ စိန်ခေါ်မှုအခြေအနေများကို သိမြင်နားလည်နိုင်စေရန် ကြိုးပမ်းအားထုတ်နိုင်ကြပါစေကြောင်းနှင့် အမှန်တကယ် လွတ်လပ်တဲ့ တိုင်းပြည်၊ အမှန်တကယ် လွတ်လပ်တဲ့နိုင်ငံတော်အဖြစ်သို့ ရောက်ရှိပြီး တည်တံ့ခိုင်မြဲနေစေရေးအတွက် ချဉ်းကပ်ဆောင်ရွက် သင့်သည့် အကြောင်းအရာများကို လေ့လာဆန်းစစ် တီထွင်ဖန်တီးကာ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference: ၁။ မစ္စတာအိုးတတက်ဆူနေဇို ဂျပန်ဘာသာဖြင့် ရေးသား၍ မစ္စတာ အိုးနိုတိုးရု မြန်မာပြန်သော “ဂျပန်စစ်အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံ” (၁၉၇၅)၊ ပုဂံစာအုပ်အမှတ် ၂၄၇။

Most Read

Most Recent