မရွေးချယ်ဖြစ်တဲ့လမ်း

မရွေးချယ်ဖြစ်တဲ့လမ်း
Published 21 April 2023
စောထိုက်လွင်

(၁)

ရောဘတ်ဖရော့စ်၏ “The Road Not Taken ” ကဗျာကို ဒွါဒသမတန်း သင်ရိုး အင်္ဂလိပ်စာတွင် ပြဋ္ဌာန်းမည်ဆိုသော သတင်း တွေကိုတော့ ကြားနေရသည်။ ဟုတ် မဟုတ် ကတော့ ပြဋ္ဌာန်းစာအုပ် တရားဝင်ထွက်လာ တော့မှပဲ သိမှာပဲဖြစ်သည်။ ထိုကဗျာ၏ခေါင်း စဉ်ကို မည်ကဲ့သို့ဘာသာပြန်မည်နည်း။ ဆရာ မောင်သာနိုးကတော့ “မလိုက်ဖြစ်တဲ့လမ်း” ဟု ဘာသာပြန်ဆိုသည်။ “မလျှောက်ဖြစ် သည့်လမ်း” သို့မဟုတ် “မရွေးချယ်ဖြစ်သည့် လမ်း” အစရှိသော သင့်တော်ရာနာမည်တစ် မျိုးမျိုးဖြင့် ဘာသာပြန်ဆိုလျှင်လည်း မူရင်း အဓိပ္ပာယ်ကို မသွေဖည်ဟု ထင်မိပါသည်။

“မရွေးချယ်ဖြစ်တဲ့လမ်း”ကဗျာနှင့်ပတ် သက်ပြီး အကြောင်းအရာတွေကို ရှာဖွေကြည့် တော့ ရောဘတ်ဖရော့စ်က ထိုကဗျာကို မိတ် ဆွေတစ်ဦးအတွက်ရည်ရွယ်သည့် ပုံစံမျိုးဖြင့် ရေးဖွဲ့ထားသည်ကို သိရသည်။ ရောဘတ် ဖရော့က အမေရိကန်သားဖြစ်သည်။ သူ့မှာ အက်ဒဝပ်ဆိုသော မိတ်ဆွေတစ်ယောက်ရှိ သည်။ ရောဘတ်ဖရော့နှင့် အက်ဒဝပ်သော မတ်တို့သည် အင်္ဂလန်နိုင်ငံတွင် လမ်းအတူတူ လျှောက်ပြီး သဘာဝကို ကြည့်ရှုခံစားသော အလေ့အထရှိသည်ဟုဆိုသည်။ ၁၉၁၅ ခုနှစ် တွင် ပထမကမ္ဘာစစ်ကြီး၏ စစ်ငွေ့တွေသန်း လာသည်။ 

ထိုအခါ ရောဘတ်ဖရော့စ်သည် စစ်ကို ရှောင်ရှားလိုသဖြင့် အမေရိကန်သို့ပြန်သွား သည်။ သူ့မိတ်ဆွေ အက်ဒဝပ်က စစ်ကိုရှောင် ရှားလိုလျှင် သူရှိရာ အမေရိကန်သို့ လိုက်ပါ လာမည်။ အကယ်၍ စစ်ကိုမရှောင်ရှားလို လျှင် အင်္ဂလန်မှာပဲ ဆက်လက်နေထိုင်မည်။ ထိုသို့ အက်ဒဝပ်အဖို့ ရွေးချယ်စရာ အခြေ အနေနှစ်ရပ်ရှိသည်ကို ရည်ရွယ်ပြီး ရော ဘတ်ဖရော့စ်က “The road not taken ” ကဗျာကို ရေးသားကာ အက်ဒဝပ်ဆီသို့ ပို့ လိုက်သည်ဟုဆိုသည်။ အက်ဒဝပ်က ကဗျာ ကို ဖတ်ပြီးနောက် စစ်ထဲမှာပါဝင်ရန် စာရင်း သွားပေးသည်ဟု သိရသည်။ အက်ဒဝပ်ကမ္ဘာ စစ်ကြီးတွင် ပါဝင်ခြင်းမှာ ရောဘတ်ဖရော့စ် ၏ ကဗျာက အဓိကအချက်ဖြစ်သည်ဟု မဆို သာသော်လည်း စေ့ဆော်တိုက်တွန်းသော အကြောင်းတရားတစ်ခုကတော့ ဖြစ်သည်ဟု သိရပါသည်။ ဆရာမောင်သာနိုးကတော့ ရောဘတ်ဖရော့စ်က လယ်သမားမျိုးရိုးဖြစ် သည်။ လယ်သမားအလုပ်ကိုပဲ ဆက်လုပ် မလား။ ဒါမှမဟုတ် ကဗျာဆရာအဖြစ်ကိုပဲ ရွေးချယ်မလားဆိုပြီး သူ့မှာ ရွေးချယ်စရာ လမ်းနှစ်သွယ်ကြုံကြိုက်ခဲ့သဖြင့် သည်ကဗျာ ကို ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(၂)

ရောဘတ်ဖရော့စ်၏ ကဗျာကို ဖတ်ရှုမိ သူများအဖို့ကတော့ လေးနက်သောဘဝ အမြင်ကို ပေးစွမ်းသည်ဟု ခံစားမိကြသည်။ စိတ်ခွန်အားမြှင့်တင်ရေးအတွက်လည်း ကဗျာပါ စာသားတချို့ကို အသုံးပြုသည်ဟု သိရသည်။ ကဗျာ၏အစကို ရောဘတ်ဖရော့စ် က ဆောင်းဦးရာသီ သစ်ရွက်များကြွေသည့် အချိန်ဖြင့် စတင်သည်။ သစ်ရွက်ဝါများ ကြွေကျနေသော တောအုပ်ကလေးအထဲတွင် လမ်းနှစ်လမ်းရှိနေသည်။ ကဗျာဆရာက ခရီး သွားဖြစ်သည်။ သူ့အဖို့ လမ်းနှစ်လမ်းစလုံးကို တစ်ပြိုင်နက် မလိုက်နိုင်သဖြင့် တစ်လမ်း လမ်းကိုပဲ ရွေးချယ်ရတော့မည်။ ချီတုံချတုံ လည်း ဖြစ်နေပြီး အကြာကြီးရပ်တန့်ကာ တွေ ဝေနေမိသည်။ ထိုလမ်းနှစ်လမ်းအနက် ပထမ လမ်းကို တော်တော်လှမ်းလှမ်း ရောက်သည် အထိ သူမြင်နိုင်သလောက် ကြည့်နေမိ သည်။ ထိုလမ်းက တောအုပ်အတွင်းရှိ ချုံပုတ် ကလေးတစ်ခုဆီသို့ ကွေ့ကောက်ပြီးသွား သည်။

လမ်းနှစ်လမ်းစလုံးကတော့ သူ့အဖို့ လျှောက်သင့်သော လမ်းတွေချည်းပဲ ဖြစ်နေ သည်။ ကဗျာဆရာသည် နောက်တော့ဒုတိယ လမ်းကို သူ ရွေးချယ်ဖြစ်ခဲ့သည်။ ဒုတိယလမ်း ကိုရွေးချယ်ဖြစ်သော ခိုင်လုံသည့်အကြောင်း တရားက သူ့မှာရှိသည်။ ဒုတိယလမ်းက မြက် ပင်များထူနေသဖြင့် လူသူအသုံးမပြုသည်မှာ ကြာပြီဆိုသောသဘော၊ လူများများစားစား မလျှောက်ထားသည့် အတွက်ကြောင့်ပင်ဖြစ်  သည်။ ထို့ကြောင့် သူသည် အများတကာ မလျှောက်သည့်လမ်းကို လျှောက်ဖို့ဆုံးဖြတ် လိုက်သည်။ လမ်းဆိုသည်မှာ တစ်လမ်းကို လျှောက်ပြီးလျှင် နောက်ထပ်ဆင့်ပွားလမ်း များကို လျှောက်ရစမြဲပင်ဖြစ်သည်။  သူ့အဖို့ ပထမလမ်းကို တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပြန်လျှောက်ရန် စိတ်ကူးမိသော်လည်း သူ့ အနေနှင့်ပြန်လျှောက်ဖို့ မလွယ်ကူသည့် အဖြစ်မျိုးကိုလည်း သူသိနေသည်။

နောင်နှစ်ပေါင်းများစွာကြာတော့မှ ကဗျာဆရာက လူသွားနည်းသည့်လမ်းကိုသူ ရွေးချယ်ခဲ့မိသည့်အကြောင်း ပင့်သက်ရှိုက် ရင်း ပြန်ပြောင်းပြောပြနေလိမ့်မည်။ တကယ် တော့လည်း လူသွားနည်းသည်ဟု သူထင်ခဲ့ သောလမ်းကို ရွေးချယ်ခဲ့မိသည့်အတွက် သူ့ ဘဝမှာ များစွာကွဲပြားခြားနား သွားခဲ့သည်ဟု ကဗျာဆရာက ဆိုသည်။ 

(၃)

ရောဘတ်ဖရော့၏ “မရွေးချယ်ဖြစ်တဲ့ လမ်း” ကဗျာကို နှစ်သက်ရမိသည့်အကြောင်း က ထိုကဗျာက ကျွန်တော်တို့၏ ယေဘုယျ အမှန်တရားကို ကိုယ်စားပြုသောကြောင့်ပင် ဖြစ်သည်။ ကဗျာကိုဖတ်ပြီး ကျွန်တော်တို့က လည်း ကိုယ်သန်သလို ဆင့်ပွားယူတော့သည်။ ဘဝမှာ လူတိုင်းလူတိုင်းက ရွေးချယ်စရာလမ်းနှစ်သွယ်ကို တစ်ခါမဟုတ်တစ်ခါတော့ ကြုံ တွေ့ဖူးကြပါလိမ့်မည်။ ထိုကဲ့သို့ကြုံတွေ့သည့် အခါတိုင်း ဘယ်လမ်းကို လိုက်ရမှန်းမသိဘဲ ချီတုံချတုံ ဝေခွဲမရဖြစ်တတ်သည်ကတော့ သဘာဝပဲ ဖြစ်ပါသည်။ သို့သော်လည်း တစ် ယောက်နှင့်တစ်ယောက်တော့ တွေဝေသည့် အချိန်ကာလကြာမြင့်ပုံခြင်း မတူညီနိုင်ပါ။ တချို့က အခိုက်အတန့် တစ်ခဏသာ တွေဝေ ကြပေမဲ့ တချို့ကတော့ အချိန်ကာလအတော် အတန်ကြာသည်အထိ တွေဝေတတ်ကြပါ သည်။      

ရောဘတ်ဖရော့စ်ပြောသလိုမျိုး ပထမ လမ်းကို ငေးကြည့်ပြီးတော့မှ ဒုတိယလမ်းကို ရွေးချယ်ခဲ့ကြသူတွေက ပို၍များပြားပါလိမ့် မည်။ ဒုတိယလမ်းကိုရွေးချယ်ခဲ့သော်လည်း ပထမလမ်းကို သံယောဇဉ်မကုန်သဖြင့် တစ် နေ့နေ့ တစ်ချိန်ချိန်တွင် ပြန်လည်လျှောက် လှမ်းမည်ဟု ကြံရွယ်ထားသူများလည်း ရှိနေ နိုင်သည်။ ကျွန်တော်တို့သည် လူအလျှောက် နည်းသည်ဟု တွေးမိသဖြင့် ဒုတိယလမ်းကို ရွေးချယ်ခဲ့သော်လည်း ပထမလမ်းကို လွယ် လွယ်နှင့် စွန့်လွှတ်ခဲ့ရသည် မဟုတ်။ ရော ဘတ်ဖရော့စ် လမ်းတစ်ဆုံးကြည့်နေသလိုမျိုး ကျွန်တော်တို့ကလည်း ပထမလမ်းကိုလျှောက် လှမ်းလျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို တွေးတောကြည့်မိကြပါလိမ့်မည်။ ဒုတိယ လမ်းကို ရောဘတ်ဖရော့ ရွေးချယ်ခဲ့ခြင်းက မြက်ခင်းများ ထူနေသဖြင့် လူအရောက် အပေါက်နည်းသဖြင့် ရွေးချယ်ခဲ့ခြင်းမှာ နှလုံး သားနှင့် ရွေးချယ်ခြင်းမျိုး မဟုတ်ဘဲ ဦးနှောက် နှင့် ရွေးချယ်ခြင်းမျိုးဟုပဲ ဆိုရမည်ဖြစ်ပါ သည်။  

ထိုနည်းတူစွာပင် ဖြစ်ပါသည်။ ကျွန် တော်တို့သည်လည်း ဒုတိယလမ်းကို ရွေးချယ် ဖို့ ပထမလမ်းကို လွယ်လွယ်နှင့် စွန့်လွှတ်ခဲ့ရ သည်မျိုး မဟုတ်ပါ။ အားလုံးအတွက် မဆို သာသော်လည်း တချို့သူများအတွက်တော့ ပေးဆပ်ခဲ့ရသော အရင်းအနှီးတွေက ကြီး မားပါလိမ့်မည်။ ထိုအရင်းအနှီးတွေထဲမှာ ကျွန်တော်တို့၏ မျက်ရည်တွေပါသည်။ ကြေ ကွဲခြင်းတွေပါသည်။ ခံစားချက်တွေပါသည်။ တစ်လမ်းကို ရွေးချယ်ဖို့အတွက် တစ်လမ်းကို စွန့်လွှတ်ရသည်။ လမ်းနှစ်လမ်းကို တစ်ပြိုင်နက်လျှောက်လှမ်းဖို့ လက်တွေ့အခြေအနေမှာ ဘယ်လိုမှမဖြစ်နိုင်သော အခြေအနေမျိုးတွေ နှင့်လည်း ကြုံကောင်းကြုံနိုင်ပါသည်။

လမ်းနှစ်လမ်းနှင့်ပတ်သက်ပြီး ဆင့်ပွား တွေးတောကြည့်မည်ဆိုလျှင် အဖြစ်အပျက် ပေါင်းစုံကို ကိုယ်စားပြုနေသည်ကို တွေ့ရပါ လိမ့်မည်။ မိဘက ငွေကြေးမတတ်နိုင်တော့ သဖြင့် ကျောင်းဆက်မထားနိုင်တော့သည့် ဘဝမျိုးတွင် အလုပ်ထွက်လုပ်ဖို့အတွက် ဒုတိယလမ်းကို ရွေးချယ်ရတော့သည်။ သို့ သော်လည်း ပထမလမ်းကို စိတ်မကုန်သဖြင့် မျက်စိတစ်ဆုံးငေးကြည့်တာမျိုးတွေလည်း ရှိနိုင်သည်။ ပထမလမ်းဖြစ်သော ပညာရေး နယ်ပယ်ကို မတတ်သာ၍ စွန့်လွှတ်ရသော်လည်း တစ်ချိန်ချိန်တွင် ပြန်လည်ဝင်ရောက် မည်ဟု စိတ်ကူးမိကြပေလိမ့်မည်။ 

သို့ရာတွင် လက်တွေ့ဘဝ၌ လောကဓံ လှိုင်းလုံးများ၏ ဆင့်ကဲဆင့်ကဲ ရိုက်ခတ်မှု ကြောင့် ပထမလမ်းကို ပြန်လည်လျှောက်လှမ်း ဖို့ကို အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အ လမ်းက အလွန်နည်းပါးသွားပါလိမ့်မည်။ ခြွင်းချက်ရော မရှိနိုင်ဘူးလားဟု မေးနိုင်ပါ သည်။ သို့သော်လည်း ခြွင်းချက်သည် လူတိုင်း အတွက် ကိုယ်စားပြုခြင်းမျိုး မဟုတ်သဖြင့် ယေဘုယျကျသော အမှန်တရားတစ်ခုကို ဆောင်ကြဉ်းယူဆောင်ခြင်းမျိုး မဖြစ်နိုင်ပါ။  

အိမ်ထောင်ရေးနှင့်ပတ်သက်၍လည်း လမ်းနှစ်လမ်းသည် နှစ်သက်သလို တွေးတော ယူ၍ ရနေပါသည်။ တစ်ဖက်က မိမိချစ်ရသူ။ တစ်ဖက်က အိမ်ကပေးစားသည့်သူ။ ရုပ်ရှင် ကားတွေထဲမှာပါသလို တစ်ဖက်သား နှလုံး သားက ချစ်ရသူ၊ တစ်ဖက်က ဦးနှောက်ဖြင့် စဉ်းစားလိုက်တော့ ရွေးချယ်သင့်သူ။ ထိုသို့ သော အခြေအနေမျိုးတွင် မည်သူမဆိုအခိုက် အတန့်တစ်ခဏတာတော့ တွေဝေကြစမြဲပင် ဖြစ်ပါသည်။ နောက်ဆုံးတော့ ဦးနှောက်နှင့် ရွေးချယ်ပြီး ဒုတိယလမ်းကိုပဲ လျှောက်လှမ်းခဲ့ ကြသူများလည်း အများအပြားရှိနိုင်ပါသည်။ သို့သော်လည်း သူတို့အဖို့ ဒုတိယလမ်းကို လျှောက်လှမ်းဖို့ မရွေးချယ်ခင်မှာ ပထမလမ်း ကို စိတ်မကုန်သဖြင့် ရောဘတ်ဖရော့စ် ငေး ကြည့်သလိုမျိုး မျက်စိတစ်ဆုံး ကြည့်ကြပေ လိမ့်မည်။ ထို့နောက် တစ်လမ်းလမ်းကို မဖြစ် မနေ ရွေးချယ်ရတော့မှာဖြစ်သဖြင့် ပထမ လမ်းကို ရင်နာနာနှင့် ထားခဲ့ပြီး ဒုတိယလမ်း ကို မျက်စိစုံမှိတ်ပြီး ရွေးချယ်ခဲ့ကြပေလိမ့်မည်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပထမလမ်းကို ပြန်လည် လျှောက်လှမ်းချင်သည့်စိတ်ပေါ် ပေါက်သော်လည်း ထိုအရာမှာ စိတ်ကူးသက် သက်တစ်ခုမျှသာဖြစ်ကြောင်း ကျွန်တော်တို့ သိနေပါသည်။

ရောဘတ်ဖရော့ကတော့ သူရွေးချယ်ခဲ့ သည့် လမ်းနှင့်ပတ်သက်ပြီး သူ့ဘဝသည်များ စွာကွဲပြားခြားနားသွားခဲ့သည်ဟု ဆိုပါသည်။ မည်ကဲ့သို့သော ပုံစံမျိုးဖြင့် ပြောင်းလဲသွား သည်ကို မပြောထားသော်လည်း ဆရာမောင် သာနိုးရေးထားသည်ထဲမှ တွေးတောကြည့်မိ ပါသည်။ ပထမလမ်းဖြစ်သော လယ်သမား ဘဝကို မလိုက်ဘဲ လူလျှောက်နည်းသည်ဟု ယူဆသည့် ကဗျာဆရာဖြစ်မည့်လမ်းကိုလိုက် ခြင်းကြောင့် သူ့ဘဝကပဲ များစွာကွဲပြားခြား နားသွားတာကို ပြောချင်တာများလား။ ရော ဘတ်ဖရော့သာ ပထမလမ်းကို လိုက်ဖြစ်ခဲ့ လျှင် သူသည် သာမန်လယ်သမားဘဝနှင့်ပဲ လူ့ဘဝကို မထင်မရှား ဖြတ်သန်းသွားမှာပဲ ဖြစ်ပါသည်။ ဒုတိယလမ်းကို ရွေးချယ်ခဲ့သည့် အတွက် ရောဘတ်ဖရော့ဆိုသောနာမည်မှာ ယခုတိုင်အောင် တင်ကျန်ခဲ့ခြင်းပဲ ဖြစ်ပါ သည်။ ရောဘတ်ဖရော့စ်အတွက် ကွဲပြားခြား နားစေခဲ့သည်ကတော့ အမှန်ပဲ ဖြစ်ပါသည်။ 

တကယ်တော့လည်း ကျွန်တော်တို့၏ ဘဝသည် ကိုယ်ရွေးချယ်ခဲ့သည့် လမ်းအပေါ် မှာမူတည်ပြီး ဖြစ်ပေါ်လာသည့် အကျိုးရလဒ် များက ဘဝကို မူလအခြေအနေနှင့် ကွဲပြား ခြားနားသွားစေခဲ့ပါသည်။ ဆရာအောင် သင်း၏စကားကို ငှားရမ်းသုံးစွဲရလျှင် ကျွန် တော်တို့သည် ကိုယ်မရွေးချယ်ဖြစ်ခဲ့သည့် လမ်းကို ပြန်လွမ်းဖို့သာ တတ်နိုင်ပြီး ပြန်လှမ်း ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ပါ။

 

Most Read

Most Recent