အမျိုးသမီး FA ဖလား ဗိုလ်လုပွဲသို့ လက်ရှိချန်ပီယံ ချယ်လ်ဆီးနှင့် မန်ယူအသင်း တက်ရောက်ခဲ့ပြီး ပထမဆုံးအကြိမ် တွေ့ဆုံနေ

အမျိုးသမီး FA ဖလား ဗိုလ်လုပွဲသို့ လက်ရှိချန်ပီယံ ချယ်လ်ဆီးနှင့် မန်ယူအသင်း တက်ရောက်ခဲ့ပြီး ပထမဆုံးအကြိမ် တွေ့ဆုံနေ
Photo: FA Cup
Photo: FA Cup
Published 17 April 2023

၂၀၂၂-၂၃ ဘောလုံးရာသီ အမျိုးသမီး FA ဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းနှင့် မန်ယူအသင်း တက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲတွင် ပထမဆုံးအကြိမ် တွေ့ဆုံနေကြောင်း သိရသည်။

အမျိုးသမီး FA ဖလားပြိုင်ပွဲကို ၁၉၇၀-၇၁ ရာသီတွင် စတင်ကျင်းပခဲ့ပြီး ယခုရာသီမှာ (၅၃)ရာသီမြောက် ကျင်းပနေခြင်းဖြစ်သည်။

ယခုရာသီ ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် မန်ယူအသင်းက ဘရိုက်တန်အသင်းကို (၃-၂) ဂိုးဖြင့်လည်းကောင်း၊ ချယ်လ်ဆီးအသင်းက အက်စတွန်ဗီလာအသင်းကို (၁-၀)ဂိုးဖြင့်လည်းကောင်း အနိုင်ယူကျော်ဖြတ်ခဲ့သည်။

မန်ယူ-ဘရိုက်တန်ပွဲမှာ အပြန်အလှန်ဂိုးများ သွင်းယူခဲ့ကြသော်လည်း မန်ယူအသင်းက ကစားကွက် သိသိသာသာအသာစီးရခဲ့ပြီး အခွင့်အရေးများစွာလည်း ဖန်တီးနိုင်ခဲ့သည်။

မန်ယူကစားသမား အက်ပ်၏ Own Goal ကြောင့် ပထမပိုင်းတွင် ဘရိုက်တန်အသင်း ဦးဆောင်ခွင့်ရခဲ့ပြီး မန်ယူအသင်း၏ဂိုးများကို ဂယ်လ်တန်၊ ရူဆိုနှင့် ဝီလျံစ်တို့က သွင်းယူပေးခဲ့ကာ ဘရိုက်တန်အတွက် ဒုတိယဂိုးကို ကာတာက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အက်စတွန်ဗီလာ-ချယ်လ်ဆီးပွဲမှာမူ မထင်မှတ်ထားဘဲ အကြိတ်အနယ်ဖြစ်ခဲ့သည်။

ချယ်လ်ဆီးအသင်း၏ တစ်လုံးတည်းသောအနိုင်ဂိုးကိုမူ အသင်းဂိုးသွင်းဘုရင် ဆမ်ကားက သွင်းယူပေးခဲ့သည်။

''ပွဲမှာ ကျွန်မတွေးထားတဲ့ နည်းလမ်းအတိုင်း ကစားသွားနိုင်တယ်လို့ ထင်မြင်မိပါတယ်။ ဗီလာအသင်းက အရမ်းကောင်းတဲ့အသင်းဖြစ်ပြီး ပွဲမှာ အစွမ်းကုန်ကစားသွားနိုင်ခဲ့ပါတယ်''ဟု ချယ်လ်ဆီးအသင်း၏ နာမည်ကျော်နည်းပြ အမ်မာဟေးစ်က ပြောကြားခဲ့သည်။

ဗိုလ်လုပွဲကို လာမည့်မေလ (၁၄)ရက်တွင် ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် အသင်းကို ပြင်ဆင်ဖွဲ့စည်းခဲ့သည့် မန်ယူအသင်းသည် သမိုင်းတစ်လျှောက် FA ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းအနေဖြင့် ယခင် FA ဖလားပြိုင်ပွဲများတွင် ကွာတားဖိုင်နယ်အဆင့်ထိသာ အမြင့်ဆုံးတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် FA ဖလားချန်ပီယံဆုကို ၂၀၁၄-၁၅၊ ၂၀၁၇-၁၈၊ ၂၀၂၀-၂၁၊ ၂၀၂၁-၂၂ ရာသီများက ရယူထားခဲ့ပြီး ၂၀၁၁-၁၂၊ ၂၀၁၅- ၁၆ ရာသီများတွင် ဒုတိယရရှိခဲ့ကာ အအောင်မြင်ဆုံးအသင်းစာရင်း၌ စတုတ္ထနေရာ ရပ်တည်နိုင်ခဲ့သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် (၃)ရာသီဆက်တိုက် FA ဖလား ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ပြိုင်ပွဲနောက်ဆုံး(၅) ရာသီတွင် ချန်ပီယံဆုကို (၃)ကြိမ်အထိ ရယူနိုင်ခဲ့ကာ  ဗိုလ်လုပွဲတက်ရောက်သည့် နောက်ဆုံး (၃)ကြိမ်စလုံး ဗိုလ်စွဲထားနိုင်ခဲ့သည်။

FA ဖလားပြိုင်ပွဲ၏ အအောင်မြင်ဆုံးအသင်းမှာ အာဆင်နယ်အသင်းဖြစ်ပြီး ချန်ပီယံဆုကို (၁၄)ကြိမ် ရရှိထားသည်။

Most Read

Most Recent