ကြက်ငှက်တုပ်ကွေး (H⁵N¹) က တောရိုင်းကြက်၊ ငှက်များမှတစ်ဆင့် မွေးမြူရေးခြံများ ကူးစက်ခံရကာ လူကိုကူးစက်နိုင်လို့ ၂၀၀၇ ခုနှစ်လောက်ဆီကသေဆုံးမှုအချို့ရှိခဲ့လို့ ကြောက်လန့်ခဲ့ရတဲ့ ကူးစက်ရောဂါပဲဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံရဲ ့ရေပြင်တည်နေရာနှစ်ခုမှာ ကြက်ငှက်တုပ်ကွေး (H⁵N¹) ကူးစက်ခံရပြီး သေဆုံးနေရတဲ့ လင်းပိုင်နှစ်ကောင် တွေ့ရှိခဲ့တယ်လို့ ၂၀၂၃ မတ်လ ၁ရရက်ကကြေညာခဲ့ပါတယ်။ အဆိုပါ လင်းပိုင်နှစ်ကောင်က ပြီးခဲ့တဲ့လ သက်ဆိုင်ရာစီရင်စုတွေရဲ့ ကမ်းခြေတွေမှာ ကမ်းတင်သေဆုံးခဲ့တာဖြစ်ပြီး ကြက်ငှက်တုပ်ကွေးကူးစက်ခံရကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ အရှေ့ယောက်ရှိုင်းယားစီရင်စုမှာလည်း မီးခိုးရောင်လင်းပိုင်အမျိုးအစားတစ်ကောင် ကြက်ငှက်တုပ်ကွေးမျိုးကွဲတစ်ခုကြောင့် သေဆုံးခဲ့တယ်ဆိုပါတယ်။
ကြက်ငှက်တုပ်ကွေး (H⁵N¹) ဗိုင်းရပ်က ကမ္ဘာတစ်ဝန်း ကူးစက်မှုတွေရှိနေခဲ့တာ ၁၈ လကြာမျှရှိခဲ့ပြီး အဆိုပါကူးစက်မှုကြောင့် ငှက်တွေကောင်ရေသန်းနဲ့ချီသေဆုံးသုတ်သင်ခဲ့ပြီးပြီလို့သိရပါတယ်။ လင်းပိုင်တွေမှာ ကြက်ငှက်တုပ်ကွေး ကူးစက်တာမျိုး ယခင်ကမြင်ဖူးပေမဲ့ ဗြိတိန်ရေပြင်မှာတော့ အရင်က တစ်ခါမျှမဖြစ်ခဲ့ဘူးလို့သိရပါတယ်။ နို့တိုက်သတ္တဝါတွေမှာ ဗိုင်းရပ်ကူးစက်မှုရှိပြီး အဆိုပါဗိုင်းရပ်ရဲ ့သေဆုံးထားတဲ့ ငှက်တွေစားသုံးမိရာကနေ လင်းပိုင်တွေ ကူးစက်ခံရကာ သေဆုံးကြရတာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။
တိရစ္ဆာန်တွေကတစ်ဆင့် လူသားတွေဆီ ကူးစက်လာနိုင်မှာကိုလည်း စိုးရိမ်မှုတွေရှိနေကြပါတယ်။ ၂၀၂၃ ခုနှစ်မှာ ၁၁ နှစ်အရွယ်ကမ္ဘောဒီးယားကျောင်းသူတစ်ဦး ကြက်ငှက်တုပ်ကွေး (H⁵N¹) ဗိုင်းရပ်ကူးစက်ခံထားရပြီး သေဆုံးကာ သူ့ရဲ့ဖခင်မှာလည်း အလားတူကူးစက်ခံရပေမဲ့ အသက်သေဆုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး သူတို့နေထိုင်တဲ့ ဒေသတစ်ဝိုက်မှာ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စီမံချက်တွေဆောင်ရွက်ထားရှိခဲ့ပြီးတောရိုင်းငှက်တွေ ထိတွေ့ကိုင်တွယ်ခြင်း မပြုဖို ့ညွှန်ကြားထားခဲ့ကြပါတယ်။ လူတွေမှာ ကြက်ငှက်တုပ်ကွေး (H⁵N¹) ကူးစက်ခံရတဲ့ဦးရေ ၁၀၀၀ အောက်သာရှိသေးပြီး အဆိုပါကမ္ဘောဒီးယားသားအဖနှစ်ဦးလည်းပါဝင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ကျန်းမာရေးပညာရှင်နဲ့ပြည်သူများ စိတ်ပူပင်ခဲ့ကြတဲ့ ကြက်ငှက်တုပ်ကွေး (H⁵N¹) ဗိုင်းရပ်ကြောင့် ၁၉၉၇ ခုနှစ်ကေ ဟာင်ကောင်မှ ကြက်အကောင်ပေါင်းထောင်ပေါင်းများစွာနဲ့ လူခြောက်ယောက် သေဆုံးခဲ့ဖူးပါတယ်။ ဟောင်ကောင်အာဏာပိုင်တို့က ကျန်ရှိတဲ့ကြက်အကောင်ရေ ၁ ဒသမ ၅ သန်းကိုသုတ်သင်လိုက်မှ ရပ်တန့်သွားခဲ့တယ်။
၂၀၀၃ ခုနှစ် ဖေဖော်ဝါရီက ဟောင်ကောင်မှာ အမျိုးသားတစ်ဦး ကြက်ငှက်တုပ်ကွေးနဲ့ကွယ်လွန်ခဲ့ပြန်ပါတယ်။ တစ်နှှစ်ခန့်အကြာ ၂၀၀၄ ခုနှစ် ဇန်နဝါရီမှာ တောင်ကိုးရီးယား၊ ဗီယက်နမ်၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတို့မှာ ဖြစ်ပွားခဲ့ရာ ကြက်အကောင်ရေများစွာ သေဆုံးကြောင်း သတင်းပို့ခဲ့ကြပါတယ်။ လူ ၂၈ ဦးမှာ ကြက်ငှက်တုပ်ကွေးရောဂါ စွဲကပ်လာပြီး ဖေဖော်ဝါရီစောစောပိုင်းမှာ အဆိုပါ ၂၈ ဦးမှ ၂၁ ဦးသေဆုံးခဲ့ဖူးပါတယ်။ အခြားနိုင်ငံများ ကူးစက်ခဲ့ရာ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှားနဲ့ လာအိုနိုင်ငံတို့မှာ ဖြစ်ပွားခဲ့ပါတယ်။ မတ်လရောက်တဲ့အခါ ကြက်အကောင်ရေသန်းပေါင်း ၁၂၀ ဟာ ရောဂါကြောင့်သေဆုံး (သို့မဟုတ်) သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ ကြီးမားတဲ့ထိန်းချုပ်မှုကလည်း အောင်မြင်မှု မရခဲ့ပါဘူး။
၂၀၀၄ ခုနှစ်ဇူလိုင်မှာ ကြက်ငှက်တုပ်ကွေး (H⁵N¹) ရောဂါပိုးဟာ နောက်တစ်ကြိမ်ထကြွသောင်းကျန်းလာပါတယ်။ ယခင်ဖြစ်ဖူးတဲ့နိုင်ငံအပြင် မလေးရှားမှာပါဖြစ်ပွားခဲ့ပါတယ်။ အန္တရာယ်လည်းကြီးလာပါတယ်။ ထိုင်းနဲ့ဗီယက်နမ်တို့မှာ ကျေးငှက်တောရွာများမှာ လူကိုးဦးရောဂါဖြစ်ပွားခဲ့ပြီး ရှစ်စ်ဦးကွယ်လွန်ခဲ့ပါတယ်။ ကြက်ငှက်မှတစ်ဆင့် လူကိုကူးစက်ခြင်းမဟုတ်ပါဘူး။ ကြက် (သို့မဟုတ်) ဘဲမစင်တွေကတစ်ဆင့် ကူးစက်ခံရတယ်ဆိုတာကလွဲရင် ဘာမှပြည့်ပြည့်စုံစုံမသိရသေးပါဘူး။
အဲဒီလက်နဲ့ ပါးစပ် (သို့မဟုတ်) နှာခေါင်းတို့ထိမိပြီး ရှူသွင်းမိကြလိမ့်မယ်လို့ ယူဆရတယ်လို့ ပီတာကိုဒင်လီ (Peter Cordingley) ဆိုပါတယ်။
လူတွေစိုးရိမ်ပူပင်ခဲ့ကြတယ်။ အမေရိကန် မေရီလင်းပြည်နယ်ဘီသက်စ်ဒါရှိ (Bethesda) အမျိုးသားဆိုင်ရာ အယ်လာဂျီနဲ့ ကူးစက်ရောဂါသိပ္ပံ မှညွှန်ကြားရေးမှူးဒေါက်တာအန်တိုနီအက်ဖော်စီ (Dr.Anthony S.Fauci) က မျိုးစပ်ထားတဲ့ တခြားဗိုင်းရပ်ပိုးအသစ်ဖြစ်ပေါ်လာနိုင်တဲ့နည်းလမ်းတစ်ခုကို ရှင်းပြခဲ့ပါတယ်။ ကဲ ... အနာဂတ်ဖြစ်နိုင်ခြေတစ်ခုကိုစိတ်ကူးနဲ့မှန်းဆကြည့်ရအောင်ပါ။ ကျုပ်က (H³N²) တုပ်ကွေးရောဂါပိုး ကူးစက်ခံရသူဖြစ်ပါတယ်။ သည်တော့ကျုပ်ဟာသာမန်တုပ်ကွေးရောဂါဖြစ်နေသူဆိုတော့ ဆိုးဆိုးရွားရွားကြီး နေထိုင်မကောင်းတာလည်း မဟုတ်ပြန်ဘူး။ အပယိက နည်းနည်းလောက်ပဲ မအီမသာဖြစ်နေတာပါ။ (H⁵N¹) ဗိုင်းရပ်နဲ့ထပ်ပြီးကူးစက်ခံရပြန်ပါတယ်။ အဲဒီမှာတင်ဗီဇတွေ အလဲအလှယ်ဖြစ်ပြီး ကပြားဗိုင်းရပ်တစ်မျိုးထပ်မံဖြစ်ပေါ်လာနိုင်ပါတယ်။ အဲဒီကပြားဗိုင်းရပ်မှာ လူလူချင်းကူးစက်နိုင်တဲ့အရည်အသွေးတွေပေါ်ပေါက်လာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ ဗိုင်းရပ်စ်ပိုးများ ကျယ်ကျယ်ပြန့်ပြန ့်ပျံ့နှံ့နေတာဟာ သူတို့ရဲ့သန္ဓေပြောင်းလဲမှုကိုဖြစ်စေနိုင်ပါတယ်။
၁၉၅၅ ခုနှစ်ကစပြီး ကြက်ငှက်တွေအတွင်း ရောဂါဖြစ်ပွားမှုတွေ အကြိမ်နှစ်ဒါဇင်ကျော်ခဲ့ပါပြီ။ ခုဆိုနိုင်ငံပေါင်း ၁၀ နိုင်ငံမှာ ကြက်ငှက်ပေါင်းသန်း ၁၅၀ ကျော်သေကုန်တာ သို့မဟုတ် သုတ်သင်ခံရတာမျိုး မဖြစ်ခဲ့ဖူးသေးဘူးလို့ ဂျီနီဗာရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကမ္ဘာလုံးဆိုင်ရာတုပ်ကွေးပရိုဂရမ်မှေ ဒါက်တာကလော့စတိုဟာ(Dr. Klaus Stohr) က ဆိုပါတယ်။ သူ့အဆိုအရ H⁵N¹ ဟာနို့တိုက်သတ္တဝါများ သေဆုံးစေနိုင်တဲ့အထိ ဘေးအန္တရာယ်ပိုရှိလာသလို ဆဲလ်များကိုပါကူးစက်စပြုလာခဲ့ပြီဖြစ်ပါတယ်။ သတ္တဝါများထံ ကူးစက်မှန်းမသိ ကူးစက်စေနိုင်စွမ်းရှိနေကြပါတယ်။
၂၀၀၅ ခုနှစ်ဧပြီ ၃၀ ရက်က တရုတ်နိုင်ငံအနောက်ပိုင်း ကွင်ဂါ (Qinghal) ရေကန်မှာရှိတဲ့တစ်နေရာမှ တစ်နေရာပြောင်းရွှေ့နေထိုင်လေ့ရှိတဲ့ငှက်များအတွင်းကူးစက်ရောဂါဖြစ်ပွားမှုတစ်ရပ်ဖြစ်လာရာ ကျွန်းငယ်ငယ်လေးပေါ်မှာသာတွေ့ရပေမဲ့ လျင်မြန်စွာပျံ့နှံ့သွားကာ မေလ ၄ ရက်မှာ တစ်ရက်ငှက်ကောင်ရေ ၁၀၀၀ ကျော်သေဆုံးကြောင် းတွေ့ကြရပါတယ်။ မေလ ၂၀ ရက်ရောက်တဲ့အခါ အခြားကျွန်းငယ်များထံ ကူးစက်ကာ ငှက်ကောင်ရေ ၁၅၀၀၀ ခန့်သေဆုံးနေကြရတယ်။ကြက်ငှက်တုပ်ကွေး (H⁵N¹) ဟာ အိမ်မှာမွေးတဲ့ကြက်နဲ့ဘဲသာမကေ တာငှက်ရိုင်းများထံ တစ်ဖန်ကူးစက်ခံရပြီး အဆိုပါငှက်တွေဟာ ကွင်းဂါ (Qinghai) ရေကန်မှာနေထိုင်လေ့ရှိကာ ဆောင်းရာသီမှာ အိန္ဒိယနဲ့မြန်မာနိုင်ငံထံ ပျံ့နှံ့သွားတတ်ရာ ကမ္ဘာပေါ်ရှိ လူဦးရေထူထပ်တဲ့နေရာများထံ ရောက်ရှိသွားနိုင်တဲ့အလားအလာရှိဆဲဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးမှာ ၁၀ နိုင်ငံထက်မပိုတဲ့နိုင်ငံမှာသာနိုင်ငံတွင်းသုံးစွဲဖို့ကြက်ငှက်တုပ်ကွေးကာကွယ်ဆေး ထုတ်လုပ်ဖို့ကြိုးပမ်းနေကြတယ်။ သာမန်တုပ်ကွေးရောဂါကာကွယ်ဆေးထုတ်ရင် အကျိုးအမြတ်ရရှိဖို့မလွယ်ကူပါဘူး။ ကြက်ငှက်ကွေးကာကွယ်ဆေးရဲ့သက်တမ်းက တိုတောင်းတာကြောင့် အမေရိကန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေက ထုတ်လုပ်ဖို့ လက်ရှောင်ခဲ့ကြပါတယ်။ ဂျပန်နိုင်ငံထုတ် တော်ဖီမလူ (Tormiflu) ဆေးပြား နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်တစ်နေ့ နှစ်ပြား၊ (၁၀-၁၄)ရက်တိုက်ကျွေးရင်ကြက်ငှက်တုပ်ကွေးရောဂါပျောက်ကင်းပါတယ်။ ယနေ့တိုင် တော်ဖီမလူးရဲ့ အစွမ်းထက်မြက်မှုရှိနေတာက ကံကောင်းတာတွေဖြစ်ပါ
တယ်။
ကာကွယ်နည်းကတော့ ကြက်ငှက်တုပ်ကွေးရာသီရောက်ရင်၊ အခြားကြက်ငှက်ခြံများ အစုလိုက်သေဆုံးမှုတွေရှိရင်၊ ကိုယ့်ခြံလည်းဖြစ်နိုင်လို့ ဇီဝလုံခြုံမှု၊၊ လူနဲ့ကြက်၊ ငှက်နီးစပ်မှုဖြတ်တောက်သင့်ပါတယ်။ ကြက်၊ ဘဲခြံထဲကိုနှာခေါင်းစည်းစည်းပြီး ဝင်ခြင်း၊ ပီပီအီး (PPE) ဝတ်စုံဝတ်ဆင်ဝင်ရောက်ခြင်း၊ တိရစ္ဆာန်သားရိုင်းများနဲ့ဆက်စပ်မှုမရှိစေခြင်း၊ နေအိမ်နဲ့ကြက်၊ ဘဲမွေးမြူရေးခြံအနည်းဆုံး သုံးမိုင်အကွာထားရှိခြင်း၊ အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ်ထိ(သို့မဟုတ်) ကျက်အောင်ချက်ကာစားသုံးခြင်း၊ ကြက်၊ ဘဲတွေ အုပ်စုလိုက်သေဆုံးခဲ့ရင်နီးစပ်ရာတိ-မွေး-ကုဆရာဝန်ထံ အကြောင်းကြားခြင်း၊ ညွှန်ကြားမှုလိုက်နာခြင်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၀၇ ခုနှစ်က ကျိုင်းတုံခရိုင် ရွာတစ်ရွာမှမိန်းကလေးတစ်ဦး ကြက်ငှက်တုပ်ကွေး ခံစားရပြီး တော်မီဖလူးသောက်ဆေးနဲ့ကုသမှုခံရပြီး နေကောင်းသွားပါတယ်။ ကြက်ဘဲကောင်ရေထောင်နဲ့ချီ သုတ်သင်ပစ်ခဲ့ရဖူးပါတယ်။ ၂၀၂၃ ခုနှစ်မှာ ကြက်ငှက်တုပ်ကွေး (H⁵N¹) ရောဂါ ပြန်လာနိုင်ပါတယ်။










