ဘယ်နိုင်ငံရေးပါတီတွေ ကျန်ခဲ့မှာလဲ

ဘယ်နိုင်ငံရေးပါတီတွေ ကျန်ခဲ့မှာလဲ
Published 19 March 2023

နစက,က ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့နဲ့ ပါတီ ဆက်လက်ရပ်တည်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံရေးပါတီတွေကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ရဲ့ ပြဋ္ဌာန်းချက်တွေကို လိုက်နာပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီမှာ ဖေဖော်ဝါရီ ၁ ရက် က စတင်လာရောက်လျှောက်ထားလျက်ရှိကြပါတယ်။

ဒီလိုလာရောက်လျှောက်ထားတဲ့အတွက်ကြောင့်လည်း ဘယ်ပါတီတွေက ဘယ်လို ရှေ့ဆက်ရပ်တည်ဖို့ ရွေးချယ်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့လာရပြီဖြစ်ပါတယ်။ 

နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေအသစ်ရဲ့ ပြဋ္ဌာန်းချက်အရ လက်ရှိတည်ဆဲပါတီအားလုံး လာမယ့် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်တင်ရမှာဖြစ်ပြီး မတင်ရင် အလိုအလျောက် ပါတီဖျက်သိမ်းပြီးသားဖြစ်မယ်လို့ ဥပဒေအသစ်က ဆိုပါတယ်။

UEC က နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်တွေကို ဖေဖော်ဝါရီ ၁ ရက်က စတင်လျှောက်ထား ခွင့်ပြုခဲ့တာဖြစ်တဲ့အတွက် ပါတီမှတ်ပုံပြန်တင်ဖို့က ရက်ပေါင်း ၁၀ ရက် ကျော်လောက်ပဲ ကျန်ပါတော့တယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ မတ်လ ၂၈ ရက် နောက်ဆုံးထားပြီး မှတ်ပုံတင်လျှောက်ထားဖို့ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများအရ ပါတီတွေ မှတ်ပုံတင်ဖို့ ရက်ပေါင်း ၆၀ ပြည့်မယ့်ရက်ဟာ မတ် ၂၆ ရက် ဖြစ်ပေမဲ့ ရုံးပိတ်ရက်ဖြစ်တာကြောင့် မတ်လ ၂၈ ရက်ကို နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

“နည်းဥပဒေပုဒ်မ ၂၉ မှာက နည်းဥပဒေအရ ဆောင်ရွက်ရန် နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားတဲ့ နေ့ရက်က အများပြည်သူရုံးပိတ်ရက်ဖြစ်တယ်။ ရုံးပြန်ဖွင့်သည့်နေ့ရက်မှာ အဲဒီကိစ္စကို နောက်ဆုံးနေ့အဖြစ် ဆောင်ရွက်ခွင့်ရှိသည်လို့ ပါတာဖြစ်တဲ့အတွက် ဆက်လက်တည်ထောင်လိုတဲ့ နိုင်ငံရေးပါတီများဟာ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ကို ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမယ်ဆိုတာ ၂၈ ရက် နောက်ဆုံးဖြစ်ပါမယ်” လို့ သူကပြောပါတယ်။

လက်ရှိ ဒီဆောင်းပါးကို ရေးသားနေချိန်ဟာ မတ်လ ၁၇ ရက်ဖြစ်တဲ့အတွက် ပါတီတွေ မှတ်ပုံတင်ပြန်လျှောက်ဖို့က ရက်ပေါင်း ၁၁ ရက်လောက်ပဲ လိုပါတော့တယ်။

ဖေဖော်ဝါရီ ၁ ရက်ကနေ မတ် လ ၁၇ ရက်အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကို လာရောက်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၂၉ ပါတီ ရှိပါတယ်။

ဒီ ၂၉ ပါတီထဲမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားတဲ့ပါတီ ခြောက်ပါတီရှိပြီး ပုဒ်မ ၂၅ အရ လျှောက်ထားတဲ့ပါတီ ၂၃ ပါတီ ရှိပါတယ်။

ပုဒ်မ ၃ က နိုင်ငံရေးပါတီအသစ် လျှောက်ထားခြင်းဖြစ်ပြီး ပုဒ်မ ၂၅ ကတော့ တည်ဆဲနိုင်ငံရေးပါတီတွေ ဆက်လက်တည်ထောင်ခွင့် လျှောက်ထားတာလည်း ဖြစ်ပါ တယ်။

မတ် ၁၇ ရက်အထိ ပုဒ်မ ၃ အရ UEC မှာ လာရောက်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ခြောက်ပါတီကတော့ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဝံသာနုပါတီ၊ ဒီမိုကရက်တစ် အင်အားစု လေဘာပါတီနှင့် ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ပါတယ်။

ပုဒ်မ ၂၅ အရ UEC မှာ ပြန်လည်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၂၃ ပါတီကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာ ပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပြည်သူ့အကျိုးပြု ကျောင်း သားများပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ အမျိုးသားဒီမိုကရေစီပါ တီသစ်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ပြည်သူ့အင်အားပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)၊ လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ တိုင်း လိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (S.S.P)၊ လူထုပါတီ (The Party of People)၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP)၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ မွန်ညီညွတ်ရေးပါတီ (MUP)၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (Myanmar Farmer’s Development Party)၊ ပြည်သူ့အလုပ်သမား ပါတီနှင့် အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တည်ဆဲပါတီ ၉၁ ပါတီရှိပြီး နိုင်ငံရေးအယူဝါဒအရ ဖြစ်ပေါ်လာတဲ့ပါတီ ၄၃ ပါတီ၊ တိုင်းရင်းသားမျိုးနွယ်အလိုက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပါတီ ၁၉ ပါတီနဲ့ ဒေသအလိုက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပါတီ ၃၈ ပါတီရှိတယ်လို့ UEC က ထုတ်ပြန်ထားပါတယ်။

လက်ရှိ တည်ဆဲပါတီ ၉၁ ပါ တီရှိတဲ့အနက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြန်လည်လျှောက်ထားတဲ့ပါတီ ၂၉ ပါတီသာ ရှိတဲ့အတွက် သုံးပုံတစ်ပုံသာ လာ ရောက်လျှောက်ထားတာကို တွေ့ရမှာပါ။

UEC ထံ လာရောက်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၂၉ ပါတီထဲမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီက ခုနစ်ပါတီရှိပြီး တိုင်း (ဒါမှမဟုတ်) ပြည်နယ်တစ်ခုအတွက် စည်းရုံးမယ့်ပါတီက ၂၂ ပါတီ ရှိပါတယ်။

လက်ရှိတည်ဆဲနိုင်ငံရေးပါတီ ၉၁ ပါတီအနက် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမယ့်ပါတီက ၇၄ ပါတီရှိပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုအတွက် စည်းရုံးမယ့် ပါတီက ၁၈ ပါတီနဲ့ ယှဉ်ကြည့်ရင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအရေအတွက်က သိသိသာသာ လျော့သွားတာကို တွေ့ရမှာပါ။

ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီ ခုနစ်ပါတီကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ ပါတီတွေ တည်ထောင်ခွင့်ပြုတဲ့ ပထမဆုံးနေ့မှာပဲ တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် UEC မှာ သွားရောက်လျှောက်ထားခဲ့ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကတော့ ဖေဖော်ဝါရီ ၂၇ ရက်ကျမှ မှတ်ပုံပြန်တင်တာပါ။

NLD အစိုးရလက်ထက်မှာ ပါတီဖျက်သိမ်းခြင်းခံရတဲ့ နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီကတော့ ပြည်ထောင်စုဒီမိုကရေစီပါတီအမည်နဲ့ မှတ်ပုံပြန်တင်တာဖြစ်တဲ့အတွက် UEC က ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

ပြည်သူ့အကျိုးပြုကျောင်း သားများပါတီက၂၀၁၅ ခုနှစ်ကမှ တည်ထောင်တဲ့ တည်ဆဲပါတီတစ်ခု ဖြစ်ပေမဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မိုက်ကယ်ကျော်မြင့်ရဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီနဲ့ ၈၈ မျိုးဆက် ဒီမိုကရေစီပါတီတို့က သွားရောက်ပူးပေါင်းပြီး မှတ်ပုံပြန်တင်လာတာလည်း ဖြစ်ပါတယ်။

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကတော့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဆိုတဲ့ အမည်နဲ့ ပါတီသစ်ပြန်ထူထောင်ပြီး ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးသွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

“ပြည်ထောင်စုသားအားလုံး ပါဝင်နိုင်အောင် ကျွန်တော်တို့က ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဆိုပြီးတော့ ကျွန်တော်တို့က ဒီ UEC မှာ ကော်မရှင်မှာ ပါတီအသစ်ပြန်ပြီးတော့ ပြီးခဲ့တဲ့လ (ဖေဖော်ဝါရီ) ၂၇ ရက်နေ့မှာ မှတ်ပုံတင်လိုက်တယ်” လို့ ဦးစိုင်းအိုက်ပေါင်းက ဆိုပါတယ်။

ရန်ကုန်တိုင်းက ၄၅ မြို့နယ်၊ ဧရာဝတီတိုင်းက ၂၆ မြို့နယ်၊ ပဲခူးတိုင်းက ၂၈ မြို့နယ်၊ မန္တလေးတိုင်း က ၂၈ မြို့နယ်၊ မကွေးတိုင်းက ၂၅ မြို့နယ်၊ နေပြည်တော်က ရှစ်မြို့နယ်နဲ့ ရှမ်းပြည်နယ်က ၄၆ မြို့နယ်တို့မှာ အဓိကထား ဝင်ရောက်ယှဉ် ပြိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ရှမ်းပြည်နယ် ၅၅ မြို့နယ်မှာ ဘာလို့ ၄၆ မြို့နယ်ပဲ ပြိုင်သလဲဆိုတော့ ကိုးမြို့နယ်လောက်က ပြိုင်လို့မရဘူး။ “၀” ဒေသရယ်၊ “၀” နယ်က ၂၀၁၀ ကတည်းက ရွေးကောက်ပွဲလုပ်လို့မရဘူး။ ကိုးကန့် နှစ်မြို့နယ် မပြိုင်ဘူး။ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မပြိုင်ဘူး။ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရယ်၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရယ် အဲဒီနေရာတွေတော့ ကျွန်တော်တို့ ပြိုင်မယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာတွေမှာ ကျွန်တော်တို့ ရှမ်းတွေကလည်း သုံးပုံတစ်ပုံလောက်ရှိတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လူဦးရေ လေးသိန်းကျော်ရှိတယ်။ ရှမ်းက တစ်သိန်းလောက်ရှိတယ်” လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

နစကရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကတော့ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ် မတ် ၁၅ ရက်က UEC မှာ မှတ်ပုံတင်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့ မတ် ၁၆ ရက်ကျမှ UEC မှာ မှတ်ပုံလာတင်ခဲ့တာပါ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေထဲမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီနဲ့ တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုပြီး နှစ်မျိုးကိုသာ မှတ်ပုံတင်ခွင့်ပြုထားပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၅ (စ) မှာ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့် ပါတီဆိုရင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းကို စည်း ရုံးရမယ်ဆိုတဲ့ အချက်က ပါတီခေါင်းဆောင်တွေကို သွေးတက်စေခဲ့ပါတယ်။

ဒါ့အပြင် ပုဒ်မ ၅ (ဆ) မှာလည်း ပါတီရန်ပုံငွေသတ်မှတ်ရာမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဖြစ်ပါက ကျပ်သိန်း ၁၀၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာနဲ့ပတ်သက်လို့ ပုဒ်မ ၅ (ဇ) မှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဖြစ်ပါက ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စု တစ်ဝန်းလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ဖွင့်လှစ်ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။ နောက်ပြီး ရွေးကောက်ပွဲမှာဆိုရင်လည်း မဲဆန္ဒနယ်အားလုံးရဲ့ တစ်ဝက် ဝင်မပြိုင်ရင် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဘူးလို့ ဆိုထားပြန်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို ပြဋ္ဌာန်းလိုက်ကတည်းက ဒီလိုတင်းကျပ်တဲ့ ပြဋ္ဌာန်းချက်တွေကြောင့် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမယ့်ပါတီ လျော့နည်းသွားလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသူတွေ သုံးသပ်ခဲ့ကြသလိုပဲ ပါတီမှတ်ပုံပြန်တင်ဖို့ ရက်ပေါင်း ၁၁ ရက်သာ လိုတော့တဲ့အချိန်မှာ ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးဖို့ ပြန်လည်လျှောက်ထားတဲ့ ပါတီက ခုနစ်ပါတီသာ ရှိပါသေးတယ်။

လက်ရှိ UEC မှာ နိုင်ငံရေးတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားတဲ့ ပါတီ ၂၉ ပါတီရှိတဲ့အနက် တိုင်း (ဒါမှမဟုတ်) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့် ပါတီ ၂၂ ပါတီထဲမှာ အရင်က ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးခဲ့တဲ့ ပါတီတွေ ပါဝင်နေတာကို တွေ့ရပါတယ်။

အဓိကကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့်ပါ။ ဘာလို့ဆို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပုဒ်မ ၅ (စ) မှာ တိုင်းနဲ့ ပြည်နယ်တစ်ခု အတွင်းမှာသာ စည်းရုံးမယ့်ပါတီ ဆိုရင်တော့ ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

နောက်ပြီး ပုဒ်မ ၅ (ဆ) မှာလည်း ပါတီရန်ပုံငွေကို သတ်မှတ်ရာမှာ တိုင်းနဲ့ ပြည်နယ်တစ်ခု အတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ ကျပ် သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထား ပြရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာလည်း ပုဒ်မ ၅ (ဇ) အရ တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ အဆိုပါ တိုင်းနဲ့ပြည်နယ်အတွင်းရှိ အနည်းဆုံး ငါးမြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီပြဋ္ဌာန်းချက်တွေကို ကြည့်မယ်ဆိုရင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် သတ်မှတ်ချက်နဲ့ တိုင်း (ဒါမှမဟုတ်) ပြည်နယ်တစ်ခု အတွင်း စည်းရုံးရမယ့် သတ်မှတ်ချက်က အပုံကြီး ကွာနေတာကို တွေ့ရမှာပါ။

လက်ရှိမှာတော့ အရင်က ပြည်ထောင်စုတစ်ဝန်း စည်းရုံးတဲ့ ပါတီအဖြစ် မှတ်ပုံတင်ထားရာကနေ တိုင်း (ဒါမှမဟုတ်) ပြည်နယ် တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်လိုက်တဲ့ နာမည်ကြီးပါတီ အများအပြား ရှိလာပါတယ်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီဟာ ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ်ကနေ ရခိုင်ပြည်နယ်တစ်ခုထဲမှာ စည်းရုံးမယ့် ပါတီအဖြစ် မှတ်ပုံပြန်တင်ထားတယ်လို့ သိရပါတယ်။

နစကအဖွဲ့ဝင်ဟောင်း ဦးသိန်းညွန့် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီပါတီသစ်ကလည်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် ပါတီအဖြစ်ကနေ ရန်ကုန်တိုင်းမှာ အခြေစိုက်စည်းရုံးမယ့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်တယ်လို့ သိပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကလည်း ပြည်ထောင်စုတစ်ဝန်းလုံးကနေ ‌တိုင်းဒေသကြီးတစ်ခုအတွင်းမှာသာ စည်းရုံးဆောင်ရွက်ဖို့ ပြောင်းလဲမှတ်ပုံတင်လာပေမဲ့ ပါတီသစ်လေးခုအထိ မှတ်ပုံတင်လာတာလည်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီ တိုင်းတို့မှာ စည်းရုံးဖို့အတွက် ပြောင်းလဲမှတ်ပုံတင်ခဲ့တာဖြစ်တယ်လို့ အဲ ဒီပါတီကနေ သိရပါတယ်။ 

မွန်ပါတီတွေပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီကလည်း မတ် ၁၅ ရက်က မှတ်ပုံပြန်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စု တစ်ဝန်းလုံးကိုစည်းရုံးမယ့် ပါတီအဖြစ်ကနေ မွန်ပြည်နယ်အခြေစိုက်စည်းရုံးမယ့် ပါတီအဖြစ် ပြောင်းလဲမှတ်ပုံတင်ခဲ့တာပါ။

“အဓိကကတော့ ခြေနိုင်လက်နိုင်ပေါ့။ ဘယ်ပါတီပဲဖြစ်ဖြစ် ပြည်ထောင်စုတစ်ဝန်းလုံး အတိုင်းအတာနဲ့ ပြိုင်ချင်ကြတာပေါ့လေ။ ဒါပေမဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ မပြည့်မီခဲ့ရင် ပါတီဆက်လက်မရပ် တည်ရမှာစိုးတဲ့အတွက် ကိုယ်နိုင်တာလေးနဲ့ပဲ ပြိုင်ကြတဲ့သဘောပေါ့” လို့ နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီလို ပြည်ထောင်စုတစ်ဝန်းစည်းရုံးမယ့် ပါတီအဖြစ်ကနေ တိုင်း (ဒါမှမဟုတ်) ပြည်နယ်တစ်ခု အတွင်း စည်းရုံးမယ့်ပါတီအဖြစ် လျှော့ချပြီး မှတ်ပုံတင်တဲ့ပါတီတွေရှိသလို ပြန်ပြီ မှတ်ပုံမတင်သေးတဲ့ ပါတီတွေလည်း ရှိနေပတယ်။

တိုင်းရင်းသားပါတီတွေထဲမှာ အင်အားကြီးပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ ရခိုင်အမျိုးသားပါတီတို့ကတော့ မှတ်ပုံလာတင်တဲ့ စာရင်းထဲမှာ မပါသေးပါဘူး။

ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် အခြေစိုက်ပါတီအချို့လည်း မှတ်ပုံလာမတင်သေးတာကို တွေ့ရပါတယ်။

ဒါ့အပြင် နစကအဖွဲ့ဝင် ဟောင်း ဦးခင်မောင်ဆွေရဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျ ဦးဆောင် မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ (UPUP) တို့ကလည်း မှတ်ပုံလာတင်တဲ့ စာရင်းထဲ မှာ မတွေ့သေးပါဘူး။

၂၀၁၅ ရွေးကောက်ပွဲရော၊ ၂၀၂၀ ရွေးကောက်ပွဲမှာပါ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ ဖမ်းဆီးထောင်ချခံထားရတဲ့အတွက် ပြန်လည်ပြီးမှတ်ပုံတင်ဖို့ အခြေအနေမရှိဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။      

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီကတော့ နစကရဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းမှာမဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ တော့ နိုင်ငံရေးပါတီတွေ မှတ်ပုံပြန်တင်ရမယ့် ရက်ဟာ ၁၀ ရက်ကျော်သာ လိုပါတော့တယ်။

တည်ဆဲပါတီတွေ မှတ်ပုံပြန်မတင်တော့ရင် အလိုအလျောက် ဖျက်သိမ်းပြီးသားဖြစ်တယ်လို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်မှာ ပြဋ္ဌာန်းထားတဲ့အတွက် မတ်လ ၂၈ ရက် နောက်ပိုင်းမှာ ဘယ်နိုင်ငံရေးပါတီတွေ ကျန်ခဲ့မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Most Read

Most Recent