နိုင်ငံရေးပါတီနှစ်ပါတီ၏ ပါတီအမည်၊ အလံ၊ တံဆိပ်တို့နှင့်ပတ်သက်၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း UEC ကြေညာ

နိုင်ငံရေးပါတီနှစ်ပါတီ၏ ပါတီအမည်၊ အလံ၊ တံဆိပ်တို့နှင့်ပတ်သက်၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း UEC ကြေညာ
Published 16 March 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထား သည့်ပါတီများအနက် နိုင်ငံရေးပါတီနှစ်ပါတီ၏ ပါတီအမည်၊ အလံ၊ တံဆိပ်တို့နှင့်ပတ်သက်၍ ခုနစ်ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာခဲ့သည်။

UEC က ကြေညာခဲ့သည့် ပါတီနှစ်ပါတီမှာ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (S.S.P) နှင့် လူထုပါတီ (The Party of People) တို့ဖြစ်သည်။

ယင်းပါတီများ၏ ပါတီအမည် ၊ အလံ၊ တံဆိပ်တို့နှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ကြေညာချက်ထုတ်ပြန်သည့်နေ့မှစပြီး ခုနစ်ရက်အတွင်း ခိုင်လုံ‌သည့်အထောက်အထားများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင် ကန့်ကွက်နိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၄ (ဃ) အရ  UEC က ကြေညာထားခြင်း ဖြစ်သည်။

ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (S.S.P) နှင့် လူထုပါတီ (The Party of People) တို့သည် မတ် ၁၃ ရက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အ ရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသဖြင့် UEC ထံ ပြန်လည်လျှောက်ထားလာခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၅ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ လာရောက်လျှောက်ထားသည့် ပါတီ ၂၆ ပါတီရှိပြီး ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ခြောက်ပါတီနှင့် တိုင်း (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ၂၀ ရှိကြောင်း သိရသည်။

မတ် ၁၅ ရက်အထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသောပါတီ ခြောက်ပါတီရှိပြီး ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၂၀ ကြောင်း UEC က ထုတ်ပြန်သည်။

Most Read

Most Recent