၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗဒ ဘာသာရပ်တွဲများ မတ် ၁၅ ရက်တွင် ဖြေဆိုပြီးဆုံး ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး ပထမနေ့အဖြစ် မြန်မာစာ စတင်ဖြေဆိုခဲ့ကာ အင်္ဂလိပ်၊သချင်္ာ၊ဓာတုဗေဒ၊ရူပဗေဒ၊ ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်များကို ရက်အလိုက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မတ် ၁၆ ရက်တွင် ပထဝီဝင်၊ မတ် ၁၇ ရက်တွင် သမိုင်းနှင့် မတ် ၁၈ ရက်တွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်များကို ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
ယခုပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲသည် ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်းမရှိသည့် ကျောင်းသား၊ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲဖြစ်သည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန ငါးခုနှင့် ပြည်တွင်း၌ စာစစ်ဌာန ၈၅၈ ခု စာစစ်ဌာနစုစုပေါင်း ၈၆၃ခု ဖွင့်လှစ်ခဲ့ပြီး စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၇၉၈၄၃ ဦးရှိခဲ့ကြောင်း၊ စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ (ကျောင်းဖြေနှင့်ပြင်ပဖြေ) စုစုပေါင်း ၁၆၁၈၅၁ ဦးရှိခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်တွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်ပေါင်း(၁၂၄)ခရိုင်ရှိ မြို့နယ်ပေါင်း(၃၀၉)မြို့နယ်တွင် စာစစ်ဌာနများဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
လာမည့် ပညာသင်နှစ် ၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို (KG+12) စနစ်သစ် သင်ရိုးသစ်ဖြင့် ကျင်းပဖြေဆိုကြရမည်ဖြစ်ပြီး ဘာသာရပ်အလိုက် မေးခွန်းပုံစံနှင့် မေးခွန်းနမူနာတို့ကို ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကြိုတင်သိရှိရန်နှင့် သင်ကြားလေ့လာနိုင်ရန် အတွက် ၂၀၂၃ ခုနှစ်၊ ဇွန်လ ကျောင်းဖွင့်ရက်မတိုင်မီ မေလဆန်းတွင် ထုတ်ပြန်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသူကျောင်းသား နှစ်သိန်းရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်သိန်းသုံးသောင်းကျော် အောင်မြင်ခဲ့ကာ တစ်နိုင်ငံလုံး အောင်ချက် ၄၆ ဒဿမ ၈၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။















