ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်ကာလအတွင်း မြန်မာနိုင်ငံကဲ့သို့ စစ်ကြီး၏ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရသည့် တိုင်းပြည်နိုင်ငံ ကမ္ဘာပေါ်၌ မရှိခဲ့ပါ။
မြန်မာနိုင်ငံနှင့် ပြည်သူပြည် သာများသည် စစ်ပွဲများ၏ဒဏ်ကို အလူးအလဲ ပြင်းထန်စွာခံစားခဲ့ကြရပါသည်။ အထူးသဖြင့် စစ်ပွဲများအတွင်း တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည့် မြေလှန်စနစ် (Scorched Earth Policy) ကြောင့် အစားအစာနှင့် ကုန်ပစ္စည်းများ ရှားပါးပြတ်လပ်ခြင်း၊ စက်မှုလုပ်ငန်းအားလုံး ပျက်စီးဆုံးရှုံးခြင်း၊ သယ်ယူပို့ဆောင်ရေးစနစ်များ လုံးဝပျက်စီးစေခြင်းစသည်တို့ ထိခိုက်ပျက်စီးစေခဲ့ပါသည်။
စာရေးသူအနေဖြင့် မြေလှန်စနစ် (Scorched Earth Policy) ပတ်သက်သည်များအား ငယ်ရွယ်စဉ် မုဆိုးချုံရွာမကျေးရွာတွင် နေထိုင်စဉ်က စာရေးသူ၏ မိခင်၊ ဖခင်နှင့် ကျန်လူကြီးသူမများ ပြောကြားသည်ကို ကြားသိခဲ့ရသည့်အချက်များ၊ စာရေးသူကိုယ်တိုင် မိတ်ဆွေများနှင့် တွေ့ဆုံစဉ် ကြားသိခဲ့ရသည့် အချက်များ၊ စာအုပ်စာစောင်၊ သတင်းစာဂျာနယ်များတွင် လေ့လာဖတ်ရှုရသည့် အချက်များအပေါ်တွင် မူတည်ကာ စာရေးသူတို့ တိုင်းပြည်နိုင်ငံနှင့် ပြည်သူပြည်သားများ ခါးသီးစွာ တွေ့ကြုံခံစားခဲ့ရသည်များကို လက်လှမ်းမီသမျှ ရှင်းလင်းတင်ပြပါမည်။
ဤတွင် နိုင်ငံတကာတွင် ထုတ်ဝေသည့် စာအုပ်၊ စာစောင်များ၌ လေ့လာတွေ့ရှိရသည့် မြေလှန်စနစ်၏ အဓိပ္ပာယ်ဖွင့်ဆိုထားရှိချက်များမှာ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် အခြေအနေ၊ သဘောတရားများနှင့် တူညီသည့် အချက်များ ရှိသကဲ့သို့ အနည်းငယ် ကွာခြားလျက်ရှိနေသည့် အချက်များကိုလည်း လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် အနည်းငယ်ကွာခြား လျက်ရှိနေသည့် အချက်များကို မြန်မာ့သမိုင်းတွင် လေ့လာတွေ့ရှိခဲ့ရသည့် ဘုရင့်နောင်မင်းတရားကြီး တည်ဆောက်ခဲ့သည့် ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီးကို အခြေခံကာ တင်ပြပါမည်။
စာရေးသူတို့ တက္ကသိုလ်ဆရာများအဖွဲ့ ပဲခူးကောလိပ် (ယခု ပဲခူးတက္ကသိုလ်) တွင် တာဝန်ဖြင့် နေထိုင်ရစဉ် အချိန်ကာလ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စီစဉ်ပေးမှုဖြင့် ဘုရင့်နောင်မင်းတရားကြီး တည်ဆောက်ခဲ့သည့် ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီးကို လေ့လာခွင့်ရရှိခဲ့ပါသည်။ ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီးကို ရောက်ရှိစဉ် ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီးအား တူးဖော်စဉ်က တွေ့ရှိရသည့် အထောက်အထားများ၊ မီးလောင်ကျွမ်းထားရှိသည့် ကြီးမားသည့် သစ်သားတိုင်ကြီးများ စသည်တို့ကို လေ့လာတွေ့ရှိရသည့်အပြင် ပြန်လည်တည်ဆောက်ရာတွင် တွေ့ရှိရသည့် အတွေ့အကြုံများကို သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ် ရှင်းလင်းပြောကြားပေးခဲ့ကြပါသည်။
စာရေးသူ သိမြင်ကြားသိရသည်များကို နားလည်သည့်အတိုင်း တင်ပြပါမည်။ စာရေးသူ၏ တင်ပြချက်များသည် သမိုင်းပညာရှင်ကြီး များ တင်ပြထားသည့် အချက်များနှင့် ကွဲလွဲနိုင်ပါသည်။ စာရေးသူသည် သမိုင်းပညာရှင် မဟုတ်ပါ။ ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီးကို ရောက်ရှိချိန် ရှင်းလင်းတင်ပြခဲ့သည့် တာဝန်ရှိသူကလည်း သမိုင်းအထောက်အထားများသည် အသေးစိတ် လေ့လာသည့်အခါတွင် ယခင်က မှတ်တမ်းတင်ထားရှိသည့် သတင်းအချက်အလက်များနှင့် တူးဖော်ရာမှ တွေ့မြင်ရသည့် သတင်းအချက်အလက်များသည် အနည်းငယ်ကွဲပြားလျက်ရှိကြောင်း ဝန်ခံပြောကြားပြီး ရှင်းလင်းတင်ပြခဲ့သည်ကိုလည်း ကြားသိခဲ့ရပါသည်။
၁၅၅၁ ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးသည် ထီးနန်းကို စိုးစံခဲ့ပြီး ၁၅၅၃ ခုနှစ်တွင် ဟံသာဝတီ နေပြည်တော်ကြီးကို စတင်တည်ဆောက်ခဲ့ပါသည်။
၁၅၆၆ ခုနှစ်တွင် ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီးကို စတင်ဆောက်လုပ်ခဲ့သည်ဟု လေ့လာသိရှိရပြီး ၁၅၆၈ ခုနှစ်တွင် နန်းတက်မင်္ဂလာ (အိမ်တက်မင်္ဂလာ) အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။ ဘုရင့်နောင်မင်းတရားကြီးသည် ဟံသာဝတီနေပြည်တော်ကြီးအား နှစ်ပေါင်း ၃၀ ကြာမြင့်သည့်တိုင် အုပ်ချုပ်ခဲ့ပြီး ၁၅၈၁ ခုနှစ်တွင် နတ်ရွာစံခဲ့ပါသည်။
ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံပြီးသည့်အခါ သားတော် နန္ဒဘုရင်သည် ထီးနန်းကို ဆက်လက်စိုးစံခဲ့ပြီး ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံပြီး ၁၈ နှစ် ကြာမြင့်ချိန် ၁၅၉၉ ခုနှစ် သားတော် နန္ဒဘုရင်လက်ထက်တွင် ကမ္ဘောဇသာဒီနန်းတော်ကြီးမှာ မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ကမ္ဘောဇသာဒီနန်းတော်ကြီးနှင့် ဟံသာဝတီနေပြည်တော်ကြီးသည် ပျက်စီးပျောက်ကွယ်ခဲ့ရပါသည်။
စာရေးသူက ဤမျှ ကြီးမား ကျယ်ပြန့်သည့် နန်းတော်ကြီးကို အားလုံးပြာကျသည်အထိ မည်ကဲ့သို့ မီးရှို့ခဲ့ကြပါသလဲဟု မေးကြည့်မိရာ အတူလိုက်ပါလာသည့် ဆရာကြီးတစ်ဦးက ဘုရင့်အမိန့်ဖြင့် မီးရှို့ရခြင်းဖြစ်သည့်အတွက် အားလုံးပြာကျသည့်တိုင်အောင် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့် မြန်မာ့သမိုင်းအတွင်း ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် အခြေအနေသည် နိုင်ငံတကာက အဓိပ္ပာယ် သတ်မှတ်ထားရှိသည့် မြေလှန်စနစ် (Scorched Earth Policy) ကျင့်သုံးခြင်းများနှင့် သဘောတရားအရ သော်လည်းကောင်း၊ ရည်ရွယ်ချက်များအရသော်လည်းကောင်း ကွာခြားလျက်ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း စာရေးသူတို့ မြန်မာနိုင်ငံအနေနှင့် ကြုံတွေ့ခဲ့ရသည့် မြေလှန်စနစ်ကို ရှင်းလင်းတင်ပြပါမည်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားစဉ် အချိန်ကာလ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတွင် ဗြိတိသျှ-အင်္ဂလိပ်တို့က ကိုလိုနီစနစ်ဖြင့် အုပ်ချုပ်နေစဉ်ကာလအတွင်း ဂျပန်တို့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်သဖြင့် ဗြိတိသျှ-အင်္ဂလိပ်တို့ ဆုတ်ခွာသည့်အခါ မြေလှန်စနစ်ကို အသုံးပြုခဲ့ကြသည်ဟု လေ့လာသိရှိရပြီး တစ်ဖန် မဟာမိတ်တပ်များနှင့် ဗြိတိသျှ-အင်္ဂလိပ်တို့က ပြန်လည် သိမ်းပိုက်သည့်အခါတွင်လည်း ဂျပန်တို့က မြေလှန်စနစ်ကို အသုံးပြုခဲ့ကြသည်ဟု လေ့လာသိရှိရပါသည်။
စာရေးသူ၏ ဖခင်ပြောပြချက်အရ ဂျပန်တပ်မတော်က ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြေလှန်စနစ်တစ်ရပ်မှာ ဂျပန်တပ်မတော်သည် ဂျပန်စစ်သားများအတွက် ရိက္ခာအလွယ်တကူ ရရှိနိုင်စေရေးအလို့ငှာ ဂျပန်တပ်မတော် ချီတက်ခဲ့သည့် လမ်းခရီးတစ်လျှောက်ရှိ ကျေးရွာများတွင် တွေ့ရှိရသော ဆိတ်များ၊ သိုးများနှင့် နွားများကို အတင်းအဓမ္မ သိမ်းယူပြီးလျှင် ဂျပန်တပ်မတော် ဆက်လက်ချီတက်သောအခါ ဂျပန်တပ်မတော်၏ ရှေ့မှ သိမ်းယူခဲ့သည့် ဆိတ်အုပ်၊ သိုးအုပ်၊ နွားအုပ်ကြီးများကို ဦးစွာမောင်းနှင်စေခဲ့ပါသည်။
စာရေးသူ၏ ဖခင်တို့ နေထိုင်လျက်ရှိသည့် မုဆိုးချုံရွာမကျေးရွာ၏ မြောက်ဘက်သို့ ရောက်ရှိချိန်တွင်မူ ဂျပန်တပ်မတော်ကြီးမှာ ခေတ္တရပ်နား တပ်စွဲထားချိန်ဖြစ်သဖြင့် ဆိတ်အုပ်၊ သိုးအုပ်၊ နွားအုပ်ကြီးများမှာ ရပ်နားထားရှိပြီး တပဲပဲ၊ တအဲအဲ အော်မြည်လျက် မွေးသည့် အကောင်က မွေး၊ သေသည့် အကောင်က သေနှင့် အသံရော၊ အနံ့ပါ ဆူညံဆိုးရွားလျက်ရှိနေပါသည်။ ဆိတ်အုပ်၊ သိုးအုပ်၊ နွားအုပ်ကြီးများကို ထိန်းကျောင်းသည့် တာဝန်ခံက စိုက်ပျိုးထားသည့် မြေကွက်ကို စောင့်ကြပ်နေသည့် စာရေးသူ၏ဖခင်နှင့် ဝမ်းကွဲအစ်ကိုတော်စပ်သူအား ဆိတ်နို့များကို ညှစ်ပြီးသောက်သုံးရန် ခွင့်ပြုသဖြင့် စာရေးသူ၏ ဖခင်နှင့် သူ၏ဝမ်းကွဲအစ်ကိုတို့မှာ ဆိတ်နို့များညှစ်ပြီး နေ့စဉ်သောက်သုံးကြသည်မှာ ဆိတ်နို့များ သောက်သုံး၍ မကုန်နိုင်သည်အထိ ရရှိခဲ့ကြသည်ဟု ကြားသိခဲ့ရပါသည်။
လွတ်လပ်ရေးရရှိပြီးချိန် နောက်ပိုင်းကာလများမှ စတင်ကာ ယနေ့အချိန်အထိပင်လျှင် မြန်မာနိုင်ငံတွင် ဖြစ်ထွန်း ပေါ်ပေါက်ခဲ့ကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံတကာက အဓိပ္ပာယ်ဖွင့်ဆိုထားရှိသည့် မြေလှန်စနစ်ကို အသုံးပြုကြသကဲ့သို့ အထက်တွင်ဖော်ပြခဲ့သည့် ရှေးမြန်မာ ရှင်ဘုရင်များလက်ထက်ကပင် ကျင့်သုံးခဲ့ကြသည့် ရန်သူများ၊ စစ်ရှုံးသူများ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ၊ အဆောက်အအုံအားလုံးကို မီးတင်ရှို့သည့်စနစ်များ ကျင့်သုံးခဲ့ကြပါသည်။ ဖော်ပြပါအချက်များကို အလွယ်တကူ သိမြင်နိုင်စေရန် ပုံတွင် ဖော်ပြထားပါသည်။
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့်အကြောင်း ရင်းမှာ မြန်မာရှင်ဘုရင်များလက်ထက်ကပင် ကျင့်သုံးအကောင်အထည်ဖော်ခဲ့ကြသည့် ရန်သူများ၊ စစ်ရှုံးသူများ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ၊ အဆောက်အအုံအားလုံးအား မီးတင်ရှို့သည့်စနစ်များ၊ နိုင်ငံတကာ စစ်ပွဲများတွင် အသုံးပြုခဲ့ကြသည့် မြေလှန်စနစ် (Scorched Earth Policy) ကျင့်သုံးခြင်းများကို မြန်မာနိုင်ငံတွင် တည်ရှိလျက်ရှိကြသည့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးတို့အနေဖြင့် တတ်နိုင်သမျှ လျော့နည်းပပျောက်စေရန် ကြိုးပမ်းရှောင်ရှားကြစေပြီး နောက်ဆုံး လုံးဝအသုံးမပြုစေရန် တားမြစ်ပိတ်ပင်သည့်စနစ်တစ်ရပ် ဖြစ်ထွန်းပေါ် ပေါက်လာစေရေးကို ရည်ရွယ်ပါသည်။
ပထမဦးစွာ မြေလှန်စနစ် (Scorched Earth Policy) နှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုထား ချက်ကို စာစောင် (Refercnce: 1) တွင် လေ့လာတွေ့ရှိရသည်များကို အခြေခံပြီး လေ့လာတင်ပြပါမည်။ အဓိပ္ပာယ်အားဖြင့် ဖော်ပြထား သည်မှာ “Scorched earth policy is a strategy of warfare whereby the retreating → armed forces destroy or devastate whole towns, facilities, agriculture, transport routes and general infrastructure in order to deprive the advancing enemy forces or the belligerent population of food, shelter, fuel, communica-tions and other valuable resour-ces that may be useful for them.” (Reference: 1)
ဖော်ပြထားချက်အရ “မြေလှန်စနစ်ဆိုသည်မှာ စစ်တိုက်ခြင်းမှ ဆုတ်ခွာနေသည့် အချိန်အခါကာလတွင် ကျင့်သုံးသော စစ်ပွဲနှင့်ပတ်သက်သည့် မဟာဗျူဟာ၊ နည်းဗျူဟာ တစ်ရပ်ဖြစ်ပါသည်။ ရန်သူ လက်နက်ကိုင်တပ်များ ချီတက်လာခြင်းကို ပိတ်ပင်တားဆီးနိုင်စေရေးအလို့ငှာ သို့မဟုတ် ရန်လိုသော စစ်တိုက်လျက်ရှိသော လူများအား အစားအစာ၊ နေအိမ်၊ လောင်စာ၊ ဆက်သွယ်ရေးနှင့် အခြားတန်ဖိုးရှိသည့် အရင်းအမြစ်များအား အသုံးပြုခြင်းကို ပိတ်ပင်တားဆီးနိုင်စေရေးအလို့ ငှာ ဆုတ်ခွာလျက်ရှိသည့် လက်နက်ကိုင်တပ်များက မြို့အားလုံးတွင်ရှိ အထောက်အပံ့ပစ္စည်းများ၊ အဆောက်အအုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများနှင့် အထွေထွေ အခြေခံအဆောက်အုံများကို အလုံးစုံ ပျက်သုဉ်းစေရန် မွှေနှောက်ဖျက်ဆီးခြင်း၊ သို့မဟုတ် ချေမှုန်းပျက်စီးစေခြင်းတို့ ဖြစ်ပါသည်။”
ဒုတိယအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဝမ်းနည်းကြေကွဲဖွယ်ရာ အခြေအနေ၊ ယဉ်ကျေးမှုတစ်ရပ်ကဲ့သို့ အမြစ်တွယ်လျက်ရှိသည့် အခြေအနေ အကျဉ်းကို တင်ပြပါမည်။ အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း မြန်မာရှင်ဘုရင်များလက်ထက်ကလည်း ရန်သူများ၊ စစ်ရှုံးသူများ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ၊ အဆောက်အအုံ အားလုံးအား မီးတင်ရှို့သည့်အလေ့အထများ ရှိခဲ့ကြပြီး မြန်မာနိုင်ငံ၌ ဗြိတိသျှ-အင်္ဂလိပ်တို့၏ ကိုလိုနီအချိန်ကာလ၊ ဂျပန်တို့၏ ကိုလိုနီအချိန်ကာလများတွင်လည်း မြေလှန်စနစ် (Scorched Earth Policy) ကျင့်သုံးခြင်းများကို ကြုံတွေ့ခဲ့ကြရပါသည်။ လွတ်လပ်ရေး ရရှိပြီးချိန်နောက်ပိုင်းမှ စတင်ကာ မြန်မာရှင်ဘုရင်များလက်ထက်က အသုံးပြုခဲ့ကြသည့် အလေ့အထများနှင့် ဗြိတိသျှ- အင်္ဂလိပ်နှင့် ဂျပန်တို့ အသုံးပြုခဲ့ကြသည့် မြေလှန်စနစ်ကို ဆက်လက်အသုံးပြုလျက်ရှိကြရာ ပျက်စီးဆုံးရှုံးမှုများမှာ ရေတွက်ခန့်မှန်းရန် ခက်ခဲသည်အထိ လွန်စွာများပြားလျက်ရှိနေပါသည်။
ယနေ့အချိန်တွင်လည်း လက်နက်ကိုင်အဖွဲ့အစည်းများသည် ရန်သူအဖြစ် သတ်မှတ်ခံရသူများ ပိုင်ဆိုင်လျက်ရှိသည့် အိုးအိမ်များ၊ အသုံးအဆောင်ပစ္စည်းများ၊ စက်ပစ္စည်းများ စသည်တို့ကို မီးရှို့လျက်ရှိကြသည်ဟု ကြားသိနေရပါသည်။ အချို့သော သတင်းဌာနများ၏ အဆိုအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့အချိန်အထိ ပြည်သူပြည်သားများ ပိုင်ဆိုင်သည့် အိမ်ပေါင်း ငါးသောင်းခန့်အထိ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဖော်ပြထားသည်ကို တွေ့မြင်လျက်ရှိပါသည်။
တတိယအနေဖြင့် အထက်ဖော်ပြပါ အခြေအနေဆိုးများမှ လွတ်မြောက်နိုင်စေမည့် နည်းလမ်းအချက်အချို့ကို စာရေးသူ၏ အမြင်သက်သက်ဖြင့် အဆိုပြုတင်ပြပါမည်။ စာရေးသူတင်ပြမည့်အချက်များမှာ အသစ်အဆန်းများ မဟုတ်ပါ။ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံတော်ကြီးသည် လွတ်လပ်ရေးရရှိပြီး ချိန်နောက်ပိုင်းအချိန်ကာလများ၌ မိမိတို့တိုင်းပြည်နိုင်ငံနှင့် ပြည်သူ ပြည်သားများ၏ အခြေအနေနှင့် ကိုက်ညီမည့် တိုင်းပြည်နိုင်ငံ၏ ဒီဇိုင်း မိုဒယ် ပုံစံကို ကြိုးပမ်းရေးဆွဲ ဖော်ထုတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုဘဲ ဗြိတိသျှ-အင်္ဂလိပ်တို့၏ ကိုလိုနီအုပ်ချုပ်ရေး ပုံစံ၊ ဂျပန်တို့၏ ကိုလိုနီစစ်အုပ်ချုပ်ရေးပုံစံတို့ကိုသာ အလွယ်တကူရယူ အသုံးပြုလျက်ရှိနေပါသည်။ အထူးသဖြင့် ဂျပန်တို့၏ စစ်အုပ်ချုပ်ရေးပုံစံကို အချိန်ကာလ တာရှည်ကျင့်သုံးလျက်ရှိနေသည်ကို တွေ့ရှိရပါသည်။
ပထမအချက်အနေဖြင့် တိုင်းပြည်အကျိုး၊ နိုင်ငံတော်အကျိုး၊ ပြည်သူပြည်သားများအကျိုးနှင့် ပုဂ္ဂလိကအကျိုးစီးပွားများအတွက် မည်သည့်ကိစ္စရပ်ကို ဆောင်ရွက် သည်ဖြစ်စေ လောကပါလတရား များဖြစ်ကြသည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းများကို အခြေခံရန်ဖြစ်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လောကပါလတရားများ ထွန်းကား ပြန့်ပွားလာစေရန်ဖြစ်ပြီး အထူးသဖြင့် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့အကြား ဆောင်ရွက်သည့် ကိစ္စရပ်မှန်သမျှသည် လောကပါလတရားများကို အခြေခံစံအဖြစ် သတ်မှတ်ကျင့်သုံးရန် ဖြစ်ပါသည်။
ဒုတိယအချက်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာရပ်များဖြစ်ကြသည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ စသည်တို့ကို တိုင်းပြည်နိုင်ငံတော်ကြီး မည်ကဲ့သို့သော အခြေအနေတွင် ကြုံတွေ့နေရသည်ဖြစ်စေ မဖြစ်မနေ ခွဲခြားကျင့်သုံးရန် ဖြစ်ပါသည်။
တတိယအချက်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ရယူကိုင်တွယ်သုံးစွဲကြသူများအနေဖြင့် တိုင်းပြည်နိုင်ငံတော် တည်ဆောက်ရေး၊ တိုင်းပြည်တည် ဆောက်ရေးနှင့် နိုင်ငံတော်တည် ဆောက်ရေးများကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများ၏ လိုအင်ဆန္ဒများကို အခြေခံကာ လိုက်ပါညှိနှိုင်း ဆောင်ရွက်ရန်ဖြစ်ပါသည်။
နောက်ဆုံးအချက်အနေဖြင့် ယနေ့ မြန်မာနိုင်ငံတော်ကြီး၏ အခြေအနေမှာ ကြီးမားပြင်းထန်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့လျက်ရှိနေပါသဖြင့် မြန်မာနိုင်ငံနှင့် ကိုက်ညီမည့် အစီအစဉ်အသစ်/ဆက်ဆံမှုစနစ်သစ် (Myanmar New Deal) ကို ဒီဇိုင်း မိုဒယ်ပုံစံ ဖော်ဆောင်ရေးဆွဲပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန် အဆိုပြုတင်ပြပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလို သည်မှာ မြန်မာရှင်ဘုရင်များလက်ထက်ကပင် ကျင့်သုံးအကောင်အထည်ဖော်ခဲ့ကြသည့် ရန်သူများ၊ စစ်ရှုံးသူများ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ၊ အဆောက်အအုံအားလုံးအား မီးတင်ရှို့သည့်စနစ်များ၊ နိုင်ငံတကာစစ်ပွဲများတွင် အသုံးပြုခဲ့ကြသည့် မြေလှန်စနစ် (Scorched Earth Policy) ကျင့်သုံးခြင်းများကို မြန်မာနိုင်ငံတွင် တည်ရှိလျက်ရှိကြသည့် လက်နက်ကိုင်အဖွဲ့အစည်း အားလုံးအနေဖြင့် တတ်နိုင်သမျှ လျော့နည်း ပပျောက်စေရန် ကြိုးပမ်း ရှောင်ရှားကြစေပြီး နောက်ဆုံး လုံးဝအသုံးမပြုစေရန် တားမြစ်ပိတ် ပင်သည့်စနစ်တစ်ရပ် ဖြစ်ထွန်းပေါ် ပေါက်လာစေရေးကို အစွမ်းကုန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။
Reference: 1. Alexander Schwarz and Maria Grigat (2015), “Scorched Earth Policy”, ReaearchGate, Septem- ber 2015.










