ရေရရှိနိုင်ရေးအခြေအနေနှင့် ယာဉ်ကြောကြပ်တည်းမှု အခြေအနေပေါ် မူတည်၍ ရေကစားမဏ္ဍပ်များ ခွင့်ပြုပေးမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ ထုတ်ပြန် 

ရေရရှိနိုင်ရေးအခြေအနေနှင့် ယာဉ်ကြောကြပ်တည်းမှု အခြေအနေပေါ် မူတည်၍ ရေကစားမဏ္ဍပ်များ ခွင့်ပြုပေးမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ ထုတ်ပြန် 
Published 9 March 2023

ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ် လျှောက်ထားလိုသူများ မိသားစုမဏ္ဍပ်၊ဖျော်ဖြေရေး မဏ္ဍပ်များကို ရေရရှိနိုင်ရေးအခြေအနေနှင့် ယာဉ်ကြောကြပ်တည်းမှု အခြေအနေပေါ် မူတည်၍ ခွင့်ပြုပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က မတ် ၈ ရက်တွင် ထုတ်ပြန်သည်။ 

ရေကစားမဏ္ဍပ်များကို သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စိစစ်ခွင့်ပြုသွားမည်ဖြစ်ပြီး မတ် ၉ ရက်မှ မတ် ၃၁ ရက်ထိ လျှောက်ထားဆောင်ရွက်နိုင်ကြောင်း သိရသည်။ 

ရေကစားမဏ္ဍပ်လျှောက်ထားလိုသူများသည် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မိသားစုမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များကို ရေရရှိနိုင်ရေးအခြေအနေပေါ်မူတည်၍လည်းကောင်း၊ ယာဉ်ကြောကြပ်တည်းမှု အခြေအနေပေါ်မူတည်၍လည်းကောင်း မဏ္ဍပ်အကြီးနှင့် အလတ်များကို စနစ်တကျ ခွင့်ပြုနေရာချထား မည်ဖြစ်ကြောင်း သိရသည်။ 

ရေကစားမဏ္ဍပ်အမျိုးအစားအလိုက် ခွဲခြား၍ သတ်မှတ်လျှောက်လွှာပုံစံများဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ စိစစ်ထောက်ခံချက်များနှင့် အတူ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) သို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ 

ယင်းနောက် မဏ္ဍပ်နေရာချထားရေးနှင့် ကြံ့ခိုင်မှုစစ်ဆေးလုပ်ငန်းကော်မတီ၏ စိစစ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ အတည်ပြုခွင့်ပြုချက်ရရှိမှသာ စတင်ဆောက်လုပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ 

ရေကစားမဏ္ဍပ် လျှောက်ထားလိုသူများသည် သတ်မှတ်စည်းကမ်းချက်များနှင့် လျှောက်လွှာများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)တွင် ရယူနိုင်ပြီး သတ်မှတ်ရက်ထက် နောက်ကျလျှောက်ထားသည့် လျှောက်လွှာများကို လက်ခံစဉ်စားမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြန်မာ့အလင်းသတင်းစာက တဆင့် ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင် လာမည့်သင်္ကြန်ပွဲတော်တွင် ပြည်သူ့ရင်ပြင်၌ ရန်ကုန်တိုင်းဒေသကြီး မဟာသင်္ကြန် ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ၏ မဏ္ဍပ်များ၊ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် မဟာသင်္ကြန်မဏ္ဍပ်၊ ခရိုင်များတွင် ရေကစားမဏ္ဍပ်များ ထားရှိ တည်ဆောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီကလည်း ထုတ်ပြန်ထားသည်။

Most Read

Most Recent